မနှစ်က ကိုဗစ်၊ ဒီနှစ်တော့ စစ်ကောင်စီ သင်္ကြန်ပျက်တာ ၂ နှစ် ဆက်ပြီ

၂ နှစ်ဆက်ပြီး သင်္ကြန်ပွဲပျက်

"အမှောင်ကျနေတဲ့အချိန် သင်္ကြန်ကာလကို ဘယ်လိုစိတ်မျိုးနဲ့ ပျော်နိုင်မှာလဲ" ဆိုပြီး ကိုညီ(အမည်လွှဲ)က နိုင်ငံခြား သတင်းအေဂျင်စီတစ်ခုကို ပြောပါတယ်။

သူအမှောင်ကျတယ်လို့ ပြောတာဟာ မြန်မာပြည်မှာ တကျော့ပြန် စစ်အာဏာသိမ်းခံရပြီး လူတွေ ရာပေါင်းများစွာ အသတ်ဖြတ်ခံနေရတဲ့ အခြေအနေကို ရည်ညွှန်း ဆိုလိုတာ ဖြစ်ပါတယ်။

ပဲခူးမြို့ ဖြစ်ရပ်နောက် စစ်ကောင်စီလက်ချက်နဲ့ သေဆုံးသူ ၇၀၀ ကျော် ရှိသွားပြီလို့ ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူတွေက ပြောကြပါတယ်။

ဧပြီ ၉ ရက် ပစ်ခတ်မှုတွေ အတွင်း ပဲခူးမှာ တစ်ရက်တည်းနဲ့ လူ အယောက် ၈၀ ကျော် သေဆုံးခဲ့တယ် ဆိုပြီး ကုလသမဂ္ဂ အဖွဲ့အစည်းတွေကလည်း ပြောကြပါတယ်။

သင်္ကြန်နဲ့တူတဲ့နေရာမရှိ

ကိုဗစ်နဲ့ စစ်ကောင်စီ ကြောင့် ၂ နှစ်ဆက်ပြီး သင်္ကြန်ပွဲပျက်

မနှစ်ကတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့်၊ ဒီနှစ်တော့ အာဏာသိမ်းစစ်တပ်ကြောင့် မြန်မာပြည်မှာ ၂ နှစ်ဆက်ပြီး သင်္ကြန်ပျောက်ရတယ်လို့ ရန်ကုန်မြို့ခံ တချို့က သရော်သံစွက်ပြီး ပြောကြပါတယ်။

သိကြားမင်းလည်း မနှစ်က ကိုဗစ်ကူးမှာစိုးလို့၊ ဒီနှစ်တော့ စနိုက်ပါနဲ့ အပစ်ခံရမှာစိုးလို့ လူ့ပြည်မဆင်းတော့ဘူး၊ သင်္ကြန်မကျတော့ဘူး ဆိုတဲ့ ကာတွန်းတချို့လည်း တွေ့ရပါတယ်။

ဒါလည်းပဲ ကာတွန်းအလုပ် သရော်တယ်လို့ ဆိုနိုင်ပေမယ့် စစ်ကောင်စီ လက်ချက်နဲ့ သေဆုံးသူတွေထဲမှာ ဦးခေါင်း သေနတ်ဒဏ်ရာကြောင့် သေဆုံးရတာမျိုးတွေ နိုင်ငံတကာက သတိထားမိလောက်အောင် များနေပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီ တပ်ဖွဲ့၀င်တွေရဲ့ ပစ်ခတ်မှုတွေဟာ လူစုခွဲဖို့ ဆိုတဲ့ အကြောင်းပြချက်ထက်ကျော်ပြီး လက်ဖြောင့်တပ်သား စနိုက်ပါတွေက ခေါင်းတွေကို တမင် ချိန်ရွယ်ပစ်ခတ်တယ် ဆိုတဲ့ အမြင်တွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

သင်္ကြန်မဏ္ဍာပ်တွေ ဆောက်လက်စကို စစ်ကောင်စီက စိတ်ပြောင်းပြီး ပြန်ဖျက်

မဏ္ဍာပ်တွေ ပြန်ဖျက်သွားတဲ့ စစ်ကောင်စီ

ဧပြီလ ၁၃ ရက် သင်္ကြန်အကြိုနေ့ ရောက်ချိန်မှာ သင်္ကြန်နဲ့တူတဲ့ သင်္ကြန် အငွေ့အသက်ရှိတဲ့ နေရာရယ်လို့ တတိုင်းပြည်လုံးအနှံ့ ရှာလို့ မတွေ့နိုင်ပါဘူး။

နေပြည်တော်၊ မန္တလေး သင်္ကြန်မဏ္ဍာပ်တွေ ဆောက်လက်စကို စစ်ကောင်စီက စိတ်ပြောင်းပြီး ပြန်ဖျက်ခဲ့ပါတယ်၊

"မျှော်လင့်ချက်တွေ ဖျက်သီးခံရပြီး၊ လူတွေ အများကြီး အသတ်ခံထားရမှတော့ ဘယ်သူမှ ပျော်ရက်ကြမှာ မဟုတ်ဘူး" လို့လည်း ကိုညီက ဆိုပါတယ်။

ရေပြွတ်တွေ ရေပိုက်တွေ၊ သင်္ကြန်ရေတွေ၊ ကိုယ်စီ ပျော်ရွှင်နေတဲ့ လူအုပ်တွေနေရာမှာ သွေးရဲရဲသံရဲရဲတွေ၊ ပစ်သံခတ်သံတွေ၊ မီးခိုးငွေ့တွေ၊ အသက်လုပြေးကြတဲ့ လူတွေ စတဲ့ မြင်ကွင်းတွေနဲ့ မြန်မာပြည်ဟာ သီတင်းပတ် ပေါင်းများစွာ နေ့စဥ်ရက်ဆက် ယဥ်ပါးနေခဲ့ရပါတယ်။

စစ်ကောင်စီ က သင်္ကြန်ကို ဦးစီးလာမယ်ဆိုရင်တောင် သေဆုံးသူတွေအတွက် ၀မ်းနည်း ဂုဏ်ပြုတဲ့ အနေနဲ့ ပူးပေါင်း ပါ၀င်တာ၊ ၀င်ရောက်ဆင်နွှဲတာမျိုး မလုပ်ကြဖို့ ဆော်ဩနေသံတွေလည်း လူမှုကွန်ရက်တွေပေါ်မှာ တွေ့မြင်နေရပါတယ်။

ပိတောက်သပိတ်

တော်လှန်သင်္ကြန်


မွန်ဘက်ကရင်ဘက်တွေမှာလည်း သင်္ကြန်ကို ဒီနှစ် မဆင်နွှဲကြဖို့၊ မပျော်ကြဖို့ ပန်ကြားစာတွေ ပြန့်နေပါတယ်။

မြို့ပေါ် သတ်ဖြတ်မှုတွေသာမက တိုင်းရင်းသား ဒေသတွေမှာ ဆိုရင် ဒေသခံလက်နက်ကိုင် အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ခပ်စိတ်စိတ် ပြန်ဖြစ်လာတဲ့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေပါ ပြုလုပ်ပါတယ်။

ဒါ့ကြောင့် ထိုင်းဘက်ထွက်ပြေးရတဲ့ ကရင် ဒေသခံတွေ သောင်းနဲ့ချီတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ပြောကြပါတယ်။

ဒီအချိန် သင်္ကြန်ပွဲလုပ်ရင် အဲဒီဒုက္ခသည်တွေ အပေါ် ကိုယ်ချင်းမစာ၊ မလေးစားရာရောက်လိမ့်မယ်လို့ လူတွေကြား တစ်ယောက်နဲ့တစ်ယောက် သတိပေးကြပါတယ်။

သင်္ကြန်ရက်တွေ ရပ်ကွက်ထဲမှာပဲ အလှူအတန်း ကုသိုလ်ပြုပြီး ရေမကစား၊ ရေမပက်ပဲ သင်္ကြန် သပိတ်မှောက်ကြပါစို့ ဆိုတဲ့ သူတွေရှိပါတယ်။

တက်ကြွလှုပ်ရှားသူ လူငယ်တချို့ကတော့ အပျော်အပါးဖက်တဲ့ သင်္ကြန်မျိုးမဟုတ်ပဲ စစ်အာဏာရှင်ကို ဆန့်ကျင်တဲ့ "တော်လှန်သင်္ကြန်" ပုံစံ ပြုလုပ်ကြမယ်လို့ ဆိုကြပါတယ်။

စစ်အာဏာရှင် ဆန့်ကျင်ရေး သံချပ်တွေထိုးတာ၊ သီချင်းတွေဆိုတာမျိုးလို့ တက်ကြွလူငယ်တွေက ပြောကြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတွေကလည်း သင်္ကြန်ကြိုမိုးရွာပြီး ပိတောက်တွေပွင့်တဲ့ နေရာတွေမှာ ပိတောက်ပန်းတွေ ၀ေနေတဲ့ ပိတောက်သပိတ်တွေ ပေါ်ထွက်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-56727344

မနှစ်က ကိုဗစ်၊ ဒီနှစ်တော့ စစ်ကောင်စီ သင်္ကြန်ပျက်တာ ၂ နှစ် ဆက်ပြီ  မနှစ်က ကိုဗစ်၊ ဒီနှစ်တော့ စစ်ကောင်စီ သင်္ကြန်ပျက်တာ ၂ နှစ် ဆက်ပြီ Reviewed by THITHTOOLWIN on 06:07 Rating: 5

No comments:

Powered by Blogger.