ဂျပန်သတင်းထောက် လွတ်မြောက်ရေး ကြိုးစားသွားမယ်လို့ ဂျပန်သံရုံးပြော

ဂျပန်သတင်းထောက် လွတ်မြောက်ရေး ကြိုးစားသွားမယ်လို့ ဂျပန်သံရုံးပြော ဂျပန်အလွတ်သတင်းထောက် Yuki Kitazumi ပုံ / PHOTO: REUTERS

ဧပြီလ ၁၉ ရက်နေ့က ရန်ကုန်မှာ အဖမ်းခံလိုက်ရတဲ့ ဂျပန်သတင်းထောက် ယူကီ ကီတာဇူမီ Yuki Kitazumi လွတ်မြောက်ရေးအတွက် ကြိုးစားသွားမယ်လို့ ရန်ကုန်မြို့၊ ဂျပန်သံရုံးရှိ အမည်မဖေါ်လိုတဲ့ သံရုံးအရာရှိတစ်ဦး က ဧပြီလ ၂၁ ရက်နေ့က ပြောပါတယ်။

လွတ်လပ်စွာ သတင်းရယူနေတဲ့ သတင်းထောက် မစ္စတာ ကီတာဇူမီ ကို စစ်ကောင်စီက ဖမ်းဆီးလိုက်တာဟာ ဘယ်လိုမှ လက်မခံနိုင်တဲ့ကိစ္စဖြစ်တယ်လို့ အဲဒီသံရုံးအရာရှိက RFA ကို ပြောပါတယ်။

"မြန်မာအာဏာပိုင်တွေက Mr-Kitazumi ကို ဖမ်းဆီးတာကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး၊ ကျွန်တော် တို့ ဒါကို ခုခံကာကွယ်နေပါတယ်။ Mr-Kitazumi ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ မြန်မာအာဏာပိုင်တွေကို ကျွန်တော်တို့ တောင်းဆိုနေပါတယ်။သူနဲ့အမြန်ဆုံးအဆက်အသွယ် ရနိုင်အောင် တောင်းဆိုနေပါတယ်။ ဒါက သူနဲ့ပတ်သက်ပြီး ဂျပန်အစိုးရလုပ်နေတဲ့ အခြေခံကျတဲ့အချက်တွေပါ။ ခုထိတော့ ဂျပန်သံရုံးအနေနဲ့ သူနဲ့ တိုက်ရိုက် အဆက်အသွယ်ရနိုင်မယ့် ဘယ်လို တုံ့ပြန်မှုမှ အာဏာပိုင်တွေထံကနေ မရရှိသေးပါဘူး။ သူနဲ့ တိုက်ရိုက် အဆက်အသွယ်ရဖို့ ကျွန်တာ်တို့ အမိအရ ကြိုးပမ်းနေဆဲပါ။ ဒါဟာ လက်ရှိအခြေအနေပါ။ သူ့ကို အမြန်ဆုံး လွှတ်ပေးဖို့အတွက် မြန်မာအာဏာပိုင်တွေကို ကျွန်တော်တို့ တောင်းဆိုနေပါတယ်။" လို့ အဲဒီသံရုံးအရာရှိက ပြောပါတယ်။

နိုင်ငံခြားသတင်းထောက် မစ္စတာ ကီတာဇူမီ အဖမ်းခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဘယ်လို ကူညီဆောင်ရွက် နေသလဲဆိုတာ သိနိုင်ဖို့ ရန်ကုန်ရှိ နိုင်ငံခြားသတင်းထောက်များအသင်း FCCM တာဝန်ရှိသူတွေကို RFA က ဖုန်းခေါ်ခဲ့ပေမယ့် လက်ခံဖြေကြားမယ့်သူမရှိပါဘူး။

ဧပြီလ ၁၉ ရက် ညပိုင်းမှာ စစ်ကောင်စီတပ်တွေက ရန်ကုန်မြို့မှာနေထိုင်တဲ့ ဂျပန်အလွတ်သတင်းထောက် Yuki Kitazumi ကို သူ့ရဲ့နေအိမ်ကနေ လာရောက်ဖမ်းဆီးသွားကြောင်း ဂျပန်နိုင်ငံပိုင် NHK သတင်းဌာနက အဲဒီညပိုင်းမှာပဲ ချက်ချင်း သတင်းထုတ်လွှင့်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ဂျပန်သံရုံးကလည်း Mr. Kitazumi ဘယ်မှာအဖမ်းခံထားရသလဲ ဆိုတာသိနိုင်ဖို့ ကြိုးစား ခဲ့ပေမဲ့ အဆက်အသွယ်မရဘဲဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါဟာ ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက်ပိုင်း အချိန်တစ်လကျော်အတွင်း Mr. Kitazumi ဒုတိယအကြိမ် အဖမ်းခံရတာလည်းဖြစ်ပါတယ်။

ပထမအကြိမ်က ဖေဖေါ်ဝါရီလ ၂၆ ရက်နေ့ကဖြစ်ပြီး၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ရန်ကုန်မြို့ မြေနီကုန်းက ဆန္ဒပြပွဲတွေကို သတင်းယူနေတုန်း စစ်ကောင်စီလက်နက်ကိုင်တွေက Mr. Kitazumi ကို ရိုက်နှက်ပြီး ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ အချိန် ငါးနာရီလောက်ပဲ အဖမ်းခံရပြီး နေ့ချင်း ပြန်လွတ်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံအတွင်း သတင်းသမား ၆၅ ယောက်ကျော် အဖမ်းခံခဲ့ရပြီး အချို့ပြန်လွတ်လာပါတယ်။

လောလောဆယ်ထိ အနည်းဆုံး သတင်းသမား ၃၄ ယောက် အဖမ်းခံထားရတုန်းပဲလို့ ASEAN အသင်းကို အစီရင်ခံတင်ပြနေတဲ့ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုက ဆိုပါတယ်။

ဂျပန်အလွတ်သတင်းထောက် Yuki Kitazumi ဟာ ရန်ကုန်မြို့မှာ အခြေစိုက်ပြီး မှတ်တမ်းတင်ဗီဒီယို ထုတ် လုပ်မှု အပါအဝင် သတင်းမီဒီယာလုပ်ငန်းကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ စစ်ကောင်စီက ဖမ်းဆီးထားတဲ့ နိုင်ငံခြားသားတွေထဲမှာ Mr. Kitazumi အပါအဝင် နိုင်ငံခြားသား ငါးယောက်ထက်မနည်း ရှိနေပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/japan-embassy-will-try-release-yuki-kitazumi-04222021073502.html

ဂျပန်သတင်းထောက် လွတ်မြောက်ရေး ကြိုးစားသွားမယ်လို့ ဂျပန်သံရုံးပြော  ဂျပန်သတင်းထောက် လွတ်မြောက်ရေး ကြိုးစားသွားမယ်လို့ ဂျပန်သံရုံးပြော Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.