မြန်မာအာဏာသိမ်းမှု ရှုတ်ချတဲ့ ဗြိတိန်ဥပဒေမူကြမ်း ဗြိတိန်အမတ်တွေထောက်ခံ

ဗြိတိန်နိုင်ငံ အာရှဒေသဆိုင်ရာဝန်ကြီး Nigel Adams

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ပြစ်တင်ရှုတ်ချကြောင်း အဆိုပြုထားတဲ့ လွှတ်တော်ဥပဒေမူကြမ်းကို ဗြိတိန် နိုင်ငံရေးပါတီ ၉ ပါတီက လွှတ်တော်အမတ် ၁၀၀ က ထောက်ခံကြောင်း ပြောကြားလိုက်ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို စစ်လက်နက် ရောင်းချမှုပိတ်ပင်မယ့် နိုင်ငံတကာ ညွန့်ပေါင်းအဖွဲ့ ဖွဲ့စည်းရေးနဲ့ ရိုဟင်ဂျာတွေ လူမျိုးတုံး သတ်ဖြတ်ခံရမှုကိစ္စနဲ့ပတ်သက်လို့ ICJ နိုင်ငံတကာ တရားခုံရုံးမှာတင်ထားတဲ့အမှုမှာ ပူးပေါင်းပါဝင်ရေးတို့အတွက်လည်း ဗြိတိသျှအစိုးရအနေနဲ့ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့အတွက်လည်း ဒီလွှတ်တော်အမတ်တွေက တောင်းဆိုလိုက်ကြပါတယ်။

“မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများ” လို့ အမည်ပေးထားတဲ့ ဒီဥပဒေမူကြမ်း အမှတ် ၁၅၄၅ အရ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ပြစ်တင် ရှုတ်ချထားပြီး သူတို့ကို ပေးအပ်ထားတဲ့တာဝန်တွေ ထမ်းဆောင်ခွင့်မရတဲ့ မြန်မာနိုင်ငံက ရွေးကောက်ခံလွှတ်တော်အမတ်တွေနဲ့ သွေးစည်း ညီညွတ်စွာရပ်တည်ကြောင်း ပြသထားတာလည်း ဖြစ်ပါတယ်။"

ဒါ့အပြင် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ပြန်လွတ်ပေးရေး၊ ဗြိတိန်အစိုးရအနေနဲ့ မြန်မာပြည်သူတွေကို မထိခိုက်စေမယ့် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဆောင်ရွက်ရေး၊ ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တရားစွဲဆိုမယ့်ကိစ္စကို ထောက်ခံရေးတို့ကိုလည်း ဒီဥပဒေမူကြမ်းမှာ ထည့်သွင်း တောင်းဆိုထားပါတယ်။

ဒီအတောအတွင်း CRPH ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီရဲ့အရေးကြီးတဲ့ အခန်းကဏ္ဍနဲ့ ကြားကာလ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဒီမိုကရေစီရေး ရပ်တည်ချက်ကို ဗြိတိန်နိုင်ငံ အာရှဒေသဆိုင်ရာဝန်ကြီး Nigel Adams က ကြိုဆိုလိုက်ကြောင်း ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ ရန်ကုန် ဗြိတိန်သံရုံးရဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် ဝန်ကြီး Adams ဟာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာနဲ့ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြောင်းလည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/uk-mps-call-for-stronger-action-against-the-military-in-burma/5862847.html

မြန်မာအာဏာသိမ်းမှု ရှုတ်ချတဲ့ ဗြိတိန်ဥပဒေမူကြမ်း ဗြိတိန်အမတ်တွေထောက်ခံ မြန်မာအာဏာသိမ်းမှု ရှုတ်ချတဲ့ ဗြိတိန်ဥပဒေမူကြမ်း ဗြိတိန်အမတ်တွေထောက်ခံ Reviewed by THITHTOOLWIN on 20:49 Rating: 5

No comments:

Powered by Blogger.