စစ်ကောင်စီကို ဆန့်ကျင်မှုနဲ့ ခြောက်ဦးထက်မနည်း ထပ်မံဖမ်းဆီးခံရ



စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးမှုတွေကြောင့် ဧပြီလ ၂၁ ရက် မနေ့ နေ့လယ်ပိုင်းကနေ ဧပြီလ ၂၂ ရက် ဒီနေ့ထိ ၂၄ နာရီအတွင်း RFA က အတည်ပြုလို့ရသမျှ တစ်နိုင်ငံလုံးမှာ ခြောက်ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး တောင်ဒဂုံက အလုပ်သမားရုံးနဲ့ မန္တလေးက အုပ်ချုပ်ရေးမှူးရုံးလည်း မီးလာင်ကျွမ်းခဲ့ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ CDM လုပ်နေတဲ့ ဆရာမနဲ့ အုပ်ချုပ်ရေးမှူး၊ ဆရာဝန်လောင်း၊ အိုင်တီပညာရှင်နဲ့ ရှေ့နေတွေလည်း ပါဝင်ပါတယ်။

ဒီရက်ပိုင်း စစ်တပ် နဲ့ ရဲက မြို့တော်တော်များများမှာ လမ်းသွားလမ်းလာတွေကို ပိုပြီး တင်းကျပ်စစ်ဆေးလာ နေပါတယ်။

ရန်ကုန်၊ မန္တလေး စတဲ့မြို့ကြီးတွေအပါအဝင် မြိုနယ်တော်တော်များများမှာ စစ်တပ်နဲ့ရဲက လမ်းသွား လမ်းလာ တွေရဲ့ ဖုန်းတွေကို ဖွင့်ခိုင်းပြီး စစ်ဆေးတာ၊ ဖမ်းဆီးတာတွေကို နေ့စဉ်ရက်ဆက်လုပ်လာနေပါတယ်။

ရန်ကုန်မြို့မှာဆိုရင် လူအသွားအလာများတဲ့ လမ်းမကြီးတွေမှာ အင်အားအများပြားနဲ့ လာသမျှကားတွေကို တားဆီးစစ်ဆေးတာတွေ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။

မန္တလေးမြို့မှာဆိုရင်လည်း လမ်းသွားလမ်းလာတွေကိုတားပြီး ဖုန်းနဲ့ ဆိုင်ကယ်အတွင်းပိုင်းတွေ စစ်ဆေးတာ ကို ဒီနေ့ နေရာတော်တော်များများမှာပြုလုပ်ခဲ့ပါတယ်။

တုတ်၊ ဓား၊ လက်နက် ပါ မပါ စစ်တာ၊ ဖုန်းတောင်းပြီး ဖုန်းထဲက ဓာတ်ပုံ၊ ဖေ့စ်ဘွတ်၊ မတ်ဆင်ဂျာ စတာတွေ ကို စစ်ဆေးခံရတယ်လို့ ၄၁ လမ်း ၆၉ လမ်းအနားမှာ ဒီကနေ့မနက် စစ်ဆေးခံရသူတစ်ယောက်က RFA ကိုပြောပါတယ်။

စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြတာတွေလုပ်လို့မရအောင် စစ်ကောင်စီတပ်က လိုက်လံဖြိုခွင်းနေ ပေမယ့် ရတနာပုံတက္ကသိုလ် ကျောင်းသူကျောင်းသားများ အပါအဝင် အဖွဲ့အစည်းအသီးသီးကတော့ ပြောက်ကျားစနစ်နဲ့ ဒီနေ့ဆက်လက်ဆန္ဒပြကြပါတယ်။

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်က မြရည်နန္ဒာအိမ်ယာဝန်းထဲကို ဒီနေ့ ဧပြီလ ၂၂ ရက် မနက်ပိုင်း အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်တွေ ဝင်ရောက်လာပြီး အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားနှစ်ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ နေအိမ်လိပ်စာအတိအကျနဲ့ ပြည်သူတွေကို လိုက်လံဖမ်းဆီးနေတာဖြစ်ပြီး ဒီနေ့ဖမ်းသွားတဲ့အထဲမှာ မန္တလေးဆေးတက္ကသိုလ်ရဲ့ ဆေးကျောင်းသူ မစံကားဝါ၊ နောက်ထပ် ရှေ့နေတစ်ဦးနဲ့ အိုင်တီနည်းပညာရှင်တစ်ဦးလည်း ပါဝင်ပါတယ်။

လာရောက်ဖမ်းဆီးသူတွေဟာ အိမ်တစ်အိမ်ကိုဝင်ရင် အဲ့ဒီအိမ်မှာရှိတဲ့ ယောကျ်ားသားမှန်သမျှကို ဖမ်းဆီး သွားတာတွေ့ရတယ်လို့ ယခင်ရက်က မိသားစုဝင်တွေ ဖမ်းဆီးခံလိုက်ရသူတစ်ယောက်က ပြောပါတယ်။

မနေ့က ဧပြီလ ၂၁ ရက်နေ့ကလည်း မြရည်နန္ဒာအိမ်ရာအတွင်းက စားသောက်ဆိုင်ပိုင်ရှင်တစ်ယောက်ကို ဝင်ဖမ်းရာမှာ ဆိုင်ရှင်ကိုမတွေ့တဲ့အတွက် ဆိုင်ဝန်ထမ်းတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ အိမ်ရာဝန်းအတွင်း နေထိုင်သူတွေကပြောပါတယ်။

မနေ့ညက အမရပူရမြို့နယ်အတွင်းက တောင်သမန်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး မီးလောင်ကျွမ်းခဲ့ပါတယ်။ ဘာကြောင့်လောင်တာလဲဆိုတာတော့ မသိရသေးပါဘူး။

အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးအမည်နဲ့ ဝက်ဘ်ဆိုဒ်ကတော့ သူတို့ အာဏာ သိမ်းလိုက်တဲ့ ဖေဖော်ဝါရီ  ၁ ရက်နေ့ကနေ ဧပြီလ ၁၅ ရက်အတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ၆၂ ရုံး မီးရှို့ ဖျက်ဆီးခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းမှာတော့ ခင်ဦးနဲ့ ရေဦးမြို့လမ်းပေါ်က သစ်သားတံတားတစ်စင်း ဧပြီလ ၂၂ ရက် ဒီနေ့ မနက် ၃ နာရီလောက်မှာ မီးလောင်ကျွမ်းခဲ့ပြီးနောက် တံတားနားက သာဂရကျေးရွာထဲကို စစ်ကောင်စီတပ်တွေ ဝင်ရောက်ပစ်ခတ်တာ ရှာဖွေတာတွေလုပ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီသစ်သားတံတားဟာ ပေ ၃၀ လောက်ရှည်လျားပြီး မီးလောင်မှုကြောင့် ၇ ပေလောက် မီးထဲပါသွားတာ ကြောင့် ခင်ဦးမြို့နဲ့ ရေဦးမြို့ အသွားအလာပြတ်တောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မီး ဘယ်သူရှို့လဲဆိုတာ မသိရသေးဘဲ မီးလောင်မှုအပြီးမှာ စစ်ကောင်စီတပ်တွေ သာဂရကျေးရွာထဲဝင်လာပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအိမ်နဲ့ NLD ရပ်ကျေးဥက္ကဋ္ဌအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ပေမယ့် တစ်ရွာလုံး ထွက်ပြေး သွားတာကြောင့် ရွာထဲမှာတစ်ယောက်မှ ရှိမနေတော့လို့ ဖမ်းဆီးခံရတာတော့ မရှိဘူးလို့ ဒေသခံက ပြော ပါတယ်။

ရန်ကုန်မြို့မှာလည်း တောင်ဒဂုံမြို့နယ်က အလုပ်သမားရုံး ဧပြီလ ၂၁ ရက် မနေ့ညပိုင်းက မီးလောင်သွား ပါတယ်။

မီးလောင်မှုဖြစ်စေတဲ့ အရာတစ်ခုပစ်သွင်းခံခဲ့ရလို့ လောင်ကျွမ်းတာဖြစ်ပြီး လာပစ်တဲ့သူ ဘယ်သူဘယ်ဝါ ဆိုတာတော့ မသိရဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ယောက်က RFA ကိုပြောပါတယ်။

ည ၇ နာရီလောက်မှာ စလောင်တာဖြစ်ပြီး ည ၁၁ လောက်မှာ ငြိမ်းသွားတယ်လို့ ဒေသခံက ဆိုပါတယ်။

ဒီမီးလောင်သွားတဲ့ အလုပ်သမားရုံး အနီးအနားမှာ လူနေအိမ်တွေမရှိတာကြောင့် မီးကူးစက်တာတော့ မရှိခဲ့ပါဘူး။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာတော့ CDM မှာ ပါဝင်တဲ့ အုပ်ချုပ်ရေးမှူးဟောင်း ဦးဇာတုလျန်(ခေါ်) ပါတူးကို အာဏာသိမ်းစစ်ကောင်စီရဲ့ စစ်သားနဲ့ရဲတွေက ဧပြီလ ၂၁ ရက် မနေ့ညနေ ၅ နာရီလောက် လာဖမ်းသွားတယ်လို့ ကိုယ်တိုယ်တွေ့ခဲ့သူတွေက ပြောပါတယ်။

ညောင်ပင်သာရပ်ကွက်နေအိမ်မှာ ရှိနေချိန် စစ်ကားရှစ်စီးနဲ့ လာရောက်ဖမ်းဆီးသွားတာလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကွက်နေ မျက်မြင်တစ်ဦးက ပြောပါတယ်။

ဦးဇာတုလျန်(ခေါ်)ပါတူးဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန် မထမ်းဆောင်ချင်တော့ဘူး ဆိုပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၈ ရက်နေ့က ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖြစ်ကနေ နုတ်ထွက်ထားသူ ဖြစ်ပါတယ်။

ကလေးမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို စစ်တပ်နဲ့ရဲတွေက ဖြိုခွင်းဖမ်းဆီးတာတွေ ရှိနေပေမယ့် ဆန္ဒပြပွဲတွေကတော့ နေ့စဉ်ရှိနေပါတယ်။

ဒီနေ့မှာလည်း စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် စတင်ဖို့လုပ်ဆောင်စဉ် စစ်တပ်နဲ့ ရဲတွေက လမ်းကြိုလမ်းကြားတွေထဲကနေ ဝင်ရောက်ဖမ်းဆီးဖို့ ကြိုးစားတာကြောင့် လူစုခွဲလိုက်ရတယ်လို့ သပိတ်ဦးဆောင်သူတွေက ပြောပါတယ်။

ကလေးမြို့မှာ ဆန္ဒပြရာမှာပါဝင်ရင်း ဖမ်းဆီးခံရသူ ၂၅ ယောက်ထက်မနည်းရှိတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ကရင်ပြည်နယ် ဘားအံမြို့က CDM လုပ်ထားတဲ့ မူလတန်းပြကျောင်းဆရာမ မနွေးနွေးလှိုင်ကို အာဏာသိမ်း စစ်ကောင်စီရဲ့ တပ်တွေက ဧပြီလ ၂၁ ရက် မနေ့ညပိုင်း သူပုန်းအောင်းနေတဲ့ရွာအထိ စစ်ကား ငါးစီးနဲ့ လာရောက်ဖမ်းဆီးသွားပါတယ်။

ဆရာမ မနွေးနွေးလှိုင်ဟာ ဘားအံမြို့မှာနေထိုင်တာဖြစ်ပေမဲ့ CDM လုပ်ထားတာကြောင့် မြို့ပေါ်မဟုတ်တဲ့ အိန္ဒုရွာမှာ သွားပြီး ပုန်းအောင်းနေတာပါ။

စစ်ကောင်စီတပ်တွေက မနေ့ညကပိုင်း မြို့ပေါ်အိမ်ကိုလာဖမ်းချိန်မှာ သူကိုမတွေ့ခဲ့ဘဲ ကျန်နေခဲ့တဲ့ သူ့မိသားစုကို ဖမ်းမယ်ဆိုလို့ မောင်ဖြစ်သူက သူပုန်းနေတဲ့နေရာကို ပြခဲ့ရတာကြောင့် အဖမ်းခံခဲ့ရကြောင်း ကိုယ်တိုင်မြင်တွေ့ခဲ့သူတွေက RFA ထံ မက်ဆင်ဂျာကနေ ဆက်သွယ်ပေးပို့လာပါတယ်။

အာဏာသိမ်းစစ်ကောင်စီဟာ သူတို့ကိုဆန့်ကျင်ကန့်ကွက်တဲ့ လူငယ်တွေအပြင် ဆရာဝန်တွေနဲ့ အနုပညာရှင် တွေကို ဖမ်းဝရမ်းထုတ်လိုက်လံဖမ်းဆီးနေသလို CDM လုပ်နေတဲ့ ဝန်ထမ်းတွေနဲ့ ကျောင်းဆရာ ဆရာမတွေ ကိုပါ လိုက်လံဖမ်းဆီးတာတွေကို ဥပဒေမဲ့ပြုလုပ်နေတာဖြစ်ပါတယ်။

စစ်တပ်နဲ့ ရဲက ဆန္ဒပြလို့မရအောင် အမျိုးမျိုး တားဆီးနေတဲ့ကြားကပဲ မြန်မာတစ်နိုင်ငံလုံးက မြို့နယ် တော်တော်များများမှာ သပိတ်မျိုးစုံပြုလုပ်ပြီး အာဏာသိမ်းစစ်ကောင်စီကို ပြောက်ကျားနည်းတွေနဲ့ ဆက်လက်ဆန္ဒပြနေကြပါတယ်။

RFA က ပြုစုထားတဲ့စာရင်းအရ တစ်နိုင်ငံလုံးမှာ စစ်တပ်နဲ့ ရဲကြောင့် သေဆုံးတဲ့သူ အယောက် ၇၀၀ ကျော် နေပြီဖြစ်ပါတယ်။ AAPP နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့စာရင်းအရ အဖမ်း ခံထားရတဲ့သူ သုံးထောင့်နှစ်ရာကျော်နေပြီလို့ သိရပါတယ်။

RFA Burmese



စစ်ကောင်စီကို ဆန့်ကျင်မှုနဲ့ ခြောက်ဦးထက်မနည်း ထပ်မံဖမ်းဆီးခံရ စစ်ကောင်စီကို ဆန့်ကျင်မှုနဲ့ ခြောက်ဦးထက်မနည်း ထပ်မံဖမ်းဆီးခံရ Reviewed by THITHTOOLWIN on 22:58 Rating: 5

No comments:

Powered by Blogger.