အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ICC မှာ တရားစွဲနိုင်ဖို့ ကိုးရီးယားရှေ့နေတွေ ကြိုးပမ်းနေ



စစ်အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ တောင်ကိုရီးယားက တရားစွဲဆိုနိုင်တဲ့အထိ ကြိုးပမ်းဆောင်ရွက်မယ်လို့ ကိုရီးယားနိုင်ငံ ဒီမိုကရက်တစ်ရှေ့နေများအဖွဲ့ တာဝန်ရှိသူတယောက်က မနေ့က ပြောကြားလိုက်ပါတယ်။

ကယောင်ဂီဒိုပြည်နယ်ဝန်ကြီးချုပ် မစ္စတာ အီဂျဲမြောင်နဲ့ တောင်ကိုရီးယားအခြေစိုက် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးကော်မတီဝင်ကိုယ်စားလှယ်တွေ တွေ့ဆုံချိန်မှာ ပြောကြားတာလို့ ကော်မတီဝင်တဦးဖြစ်တဲ့ NLD- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ နိုင်ငံတကာစည်းရုံးရေး ကော်မတီဝင် ဦးရန်နိုင်ထွန်းက ပြောပါတယ်။

ကိုရီးယားနိုင်ငံ ဒီမိုကရက်တစ်ရှေ့နေများအဖွဲ့က မစ္စတာ ဆောဆောင်းမင်းက ပြည်နယ်ဝန်ကြီးကို စစ်အာဏာသိမ်း ခေါင်းဆောင်နဲ့ အပေါင်းအပါတွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ တောင်ကိုရီးယားက တရားစွဲဆိုနိုင်တဲ့အထိ ကြိုးပမ်းဆောင်ရွက်မယ်လို့ တင်ပြပါတယ်။ ရာဇဝတ်မှုမြောက်တဲ့ အချက်အလက်တွေ စုဆောင်းထားတာတွေ၊ အချက်အလက်တွေကို တင်ပြပါတယ်။

မစ္စတာ ဆောဆောင်းမင်းဟာ ဂယောင်ဂီဒိုပြည်နယ် ဥပဒေရေးရာ အကြံပေးပုဂ္ဂိုလ်လည်းဖြစ်ပြီး သူတင်ပြတာကို ပြည်နယ်ဝန်ကြီးချုပ်က အတည်ပြုလိုက်ပါတယ်။ ဂယောင်ဂီဒို ပြည်နယ်သာမက ကိုရီးယားအစိုးရကပါ မြန်မာနိုင်ငံက စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီး ဒီမိုကရေစီပြန်လည်ရှင်သန်ရေးကို ကူညီဆောင်ရွက်မယ်လို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

စစ်အာဏာသိမ်းတာကို ပြစ်တင်ရှုတ်ချတဲ့အကြောင်းနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခေါင်းဆောင်တွေအတွက် အလွန် စိုးရိမ်ပူပန်မိပါကြောင်း၊အမြန်ဆုံး ပြန်လည်လွတ်မြောက်လာစေရေးအတွက် ဖိအားပေးတောင်းဆိုမယ့်အကြောင်း ပြောပါတယ်။

ဦးရဲနိုင်ထွန်းနဲ့ အတူ မြန်မာ့အလုပ်သမားလူမှုဖူလုံရေး စင်တာ ဦးစိုးမိုးသူနဲ့ ဆောင်ဂုံးဝှဲတက္ကသိုလ် ကိုရီးယားဘာသာရပ် ဆိုင်ရာ ကျောင်းသူ ဒေါ်နှင်းဝတ်ရည်တို့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံခဲ့ကြတာပါ။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ကော်မတီဝင်တွေကလည်း မြန်မာသံရုံးနဲ့ မြန်မာစစ်သံရုံးက ဝန်ထမ်းတွေကို အသိမှတ်မပြုဖို့၊ မြန်မာနိုင်ငံမှာ စီးပွားရေး ရင်းနှီမြှုပ်နှံထားတာတွေရပ်ဆိုင်းလိုက်ဖို့နဲ့ CRPH ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ ကို မြန်မာအစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံပြီး ပူးပေါင်းဆောင်ရွက်ဖို့၊ CDM လှုပ်ရှားမှုကို အားပေးထောက်ခံဖို့နဲ့ မြန်မာ့ဒီမိုကရေစီအရေး အတွက် ကမ္ဘာ့နိုင်ငံတွေနဲ့ ကိုရီးယားက ပူးပေါင်းကူညီဆောင်ရွက်ဖို့တိုက်တွန်းခဲ့ပါတယ်။

"ပြည်နယ်ဝန်ကြီးချုပ်နဲ့ မွန်းလွဲ ၄ နာရီမှာတွေ့ဆုံခဲ့တာဖြစ်ပြီး မွန်းတည့် ၁၂ နာရီက ၃ နာရီထိ CDM လှုပ်ရှားမှုနဲ့ ပတ်သက်လို့ အကြောင်းတစုံတရာ မပြန်ကြားတဲ့ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြပါတယ်။လက်ကမ်းကြိုဆိုမယ့် ပန်းစည်းတဖက်နဲ့ လွမ်းသူ့ပန်းခွေတဖက်နဲ့ သံရုံးရှေ့သွားကြတာ၊ သံအမတ်ကြီးလည်း ထွက်မလာဘူး၊ သံမှူးလည်းထွက်မလာဘူး။ ဒီတော့စိတ်မကောင်းစွာနဲ့ပဲ လွမ်းသူ့ပန်းခွေချခဲ့ရပါတယ်"

ဆိုးလ်မြို့မှာရှိတဲ့ မြန်မာသံရုံး လူမှုကွန်ရက်မှာတော့ သံရုံးကနေ ကယ်ဆယ်ရေးလေယာဉ်တွေ တပတ်တကြိမ် ပျံသန်းပြေးဆွဲနိုင်ဖို့ စီစဉ်ပေးနေပြီး ၄၆ ကြိမ် မြောက် ကယ်ဆယ်ရေးလေယာဉ်နဲ့ လူ ၉၂ ယောက်မြန်မာနိုင်ငံကို မနေ့က ပြန်သွားတယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ တောင်ကိုရီးယား စီးပွားရေးလုပ်ငန်းတွေရှိနေပြီး POSCO သံမဏိလုပ်ငန်းကြီးဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်နဲ့ ဖက်စပ်လုပ်ငန်းနှစ်ခု လုပ်ကိုင်နေပါတယ်။ Pan-Pacific South Korea ကတော့ ဦးပိုင်နဲ့ အထည်ချုပ်လုပ်ငန်း လုပ်နေပြီး ဦးပိုင်လိမိတက်ပိုင်တဲ့ စက်မှုဇုန်မှာ မြေငှားရမ်းထားပါတယ်။

RFA Burmese



အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ICC မှာ တရားစွဲနိုင်ဖို့ ကိုးရီးယားရှေ့နေတွေ ကြိုးပမ်းနေ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို ICC မှာ တရားစွဲနိုင်ဖို့ ကိုးရီးယားရှေ့နေတွေ ကြိုးပမ်းနေ Reviewed by THITHTOOLWIN on 05:47 Rating: 5

No comments:

Powered by Blogger.