ရခိုင်အခြေစိုက် DMG သတင်းဌာနက သတင်းသမားနှစ်ဦးကို အမှုထပ်တိုးဖို့ပြင်


ရခိုင်ပြည်နယ်အခြေစိုက် Development Media Group (DMG) သတင်းဌာနရဲ့ သတင်းသမားနှစ်ဦးတို့ကို တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုနိုင်ဖို့ စစ်တွေမြို့နယ်တရာရုံးမှာ တပ်မတော်ဘက်က ဦးတိုက်လျှောက်ထားတယ်လို့ DMG သတင်းဌာနရဲ့ ဒုတိယတာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံက ပြောပါတယ်။

အမှုဖွင့်ခံထားရသူနှစ်ဦးဟာ ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနဲ့ သတင်းထောက်မနှင်းနွယ်တို့ဖြစ်ပါတယ်။

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ကလည်း ဆက်သွယ်ရေးဥပဒေအပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ခံထားရသလို ဇွန်နဝါရီလ ၂၇ ရက်နေ့မှာလည်း ထပ်တိုးအရေးယူပေးဖို့အတွက် နောက်ထပ်ပုဒ်မတစ်ခုနဲ့ တရားရုံးမှာ တရားလို ဗိုလ်မှူးဘုန်းမြင့်ကျော်က ထပ်မံလျှောက်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးကို အခုလို ထပ်တိုးအမှုဖြစ်တဲ့ တပ်မတော်အကြည်ညိုပျက်စေမှုနဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး မတ်လ ၂ ရက် မွန်းလွဲပိုင်းမှာ စစ်တွေမြို့နယ် အမှတ် ၂ နယ်မြေရဲစခန်းက ခေါ်ယူစစ်ဆေးမှုတွေခံခဲ့ရတယ်လို့ ကိုနေဝင်းစံက ပြောပါတယ်။

တပ်မတော်အကြည်ညိုပျက်စေမှုနဲ့ တပ်မတော်ဘက်က တရားရုံးမှာဦးတိုက်လျှောက်ထားတာ သိခဲ့ရပေမယ့် ဘယ်ပုဒ်မတွေနဲ့ အမှုဖွင့်အရေးယူမှုတွေပြုလုပ်လာမယ်ဆိုတာကိုတော့ လောလောဆယ်မှာမသိရသေးသလို အမှုနဲ့ပတ်သက်လို့ တရားရုံးကပဲ ဆုံးဖြတ်မှာဖြစ်တယ်လို့ ရဲစခန်းကပြောဆိုကြောင်း ဆက်လက်ပြောကြားပါတယ်။

စစ်ပွဲတွေကြောင့် ကျေးရွာလုံးကျွတ်နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ ကျောက်တော်မြို့နယ် မာလာကျေးရွာသားတွေ ပိုင်ဆိုင်တဲ့ စပါးတောင်း ၇၀၀ ကို တပ်မတော်သားတွေလာရောက်ယူဆောင်သွားခဲ့တယ်ဆိုတဲ့သတင်းကို DMG သတင်းဌာနက ဖော်ပြခဲ့တာကြောင့် ၆၆ (ဃ)နဲ့ အမှုဖွင့်ခံနေရတာဖြစ်ပြီး အခုဒုတိယအမှုအဖြစ် အရေးယူနိုင်ဖို့ တရားရုံးကို လျှောက်ထားတာလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ပုဒ်မ ၆၆ (ဃ)နဲ့ တပ်မတော်က အမှုဖွင့်ထားတာကြောင့် ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း အမှတ် ၂ နယ်မြေ ရဲစခန်းကခေါ်ယူစစ်ဆေးခြင်းကိုခံခဲ့ရပြီး အာမခံနဲ့ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် DMG သတင်းဌာနရဲ့ မောင်တောအခြေစိုက် သတင်းထောက်တစ်ဦးကို ၆၆ (ဃ)နဲ့ ၂၀၂၀ ခုနှစ်အတွင်း အမှုဖွင့်ခံခဲ့ရပြီး အမှုဆောင်အယ်ဒီတာ ဦးအောင်မင်းဦးလည်း လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က သတင်းဖော်ပြမှုကြောင့် ပုဒ်မ ၁၇ (၂) နဲ့ အရေးယူခံခဲ့ရပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/56260165

ရခိုင်အခြေစိုက် DMG သတင်းဌာနက သတင်းသမားနှစ်ဦးကို အမှုထပ်တိုးဖို့ပြင် ရခိုင်အခြေစိုက် DMG သတင်းဌာနက သတင်းသမားနှစ်ဦးကို အမှုထပ်တိုးဖို့ပြင် Reviewed by THITHTOOLWIN on 02:27 Rating: 5

No comments:

Powered by Blogger.