DMG သတင်းထောက်နှစ်ဦးကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ အရေးယူဖို့ တပ်ဘက်က တရားရုံးထံတင်ပြ

DMG သတင်းထောက်နှစ်ဦးကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ အရေးယူဖို့ တပ်ဘက်က တရားရုံးထံတင်ပြ စစ်တွေအခြေစိုက် Development Media Group သတင်းဌာနက တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံ ( အင်္ကျီအနီကွက်) နဲ့ သတင်းထောက် မနှင်းနွယ်တို့ကို တွေ့ရစဉ် / Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေအခြေစိုက် Development Media Group သတင်းဌာနက ဒုတိယ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနဲ့ သတင်းထောက် မနှင်းနွယ်တို့ကို တပ်မတော် ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ ထပ်တိုးအရေးယူပေးဖို့ စစ်တွေမြို့နယ် တရားရုံးမှာ တရားလို ဗိုလ်မှူး ဘုန်းမြင့်ကျော်က ဦးတိုက်လျှောက်ထားခဲ့ပါတယ်။

ရဲစခန်းက ထပ်တိုးလျှောက်ထားမှုအတွက် ဒီနေ့ အမှတ်(၂) နယ်မြေရဲစခန်းမှာ ခေါ်ယူ စစ်ဆေးခံရတာ ဖြစ်ပါတယ်။

ဗိုလ်မှူး ဘုန်းမြင့်ကျော်က DMG သတင်းသမားနှစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ စစ်တွေမြို့ အမှတ်(၂) နယ်မြေရဲစခန်းမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့က အမှုဖွင့်ထားပြီးနောက် ဇန်နဝါရီလ ၂၇ ရက်နေ့မှာ တရားရုံးမှာ ထပ်တိုးအမှုနဲ့ ဦးတိုက်လျှောက်ထားခဲ့တာဖြစ်ပါတယ်။

တပ်မတော်ဂုဏ်သိက္ခာညှိုးနွမ်းစေမှုအတွက် ဘယ်ပုဒ်မနဲ့အမှုဖွင့်မယ်ဆိုတာကို တရားရုံးကပဲ ဆုံးဖြတ်မှာ ဖြစ်ကြောင်း အမှုစစ်ရဲအရာရှိကပြောဆိုခဲ့တယ်လို့ အမှုဖွင့် ခံထားရတဲ့ DMG သတင်းဌာနရဲ့ ဒုတိယ တာဝန်ခံ အယ်ဒီတာ ကိုနေဝင်းစံ ကပြောပါတယ်။

DMG သတင်းဌာနက ဒုတိယ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနဲ့ သတင်းထောက် မနှင်းနွယ်တို့ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့က ကျောက်တော်မြို့နယ် မာလာ(ရခိုင်) ကျေးရွာမှာ ရွာသားတွေ ထွက်ပြေး စစ်ဘေး ရှောင်နေကြချိန် တပ်မတော်သားတွေက ကျေးရွာထဲဝင်ရောက်ပြီး ရွာသားတွေ ပိုင်ဆိုင်တဲ့ စပါးတောင်း ၇၀၀ ကို ယူဆောင်သွားတဲ့အကြောင်းကို သတင်းရေးသားဖော်ပြခဲ့တဲ့အတွက် အမှုဖွင့်ခံနေကြရတာပါ။

အဲဒီသတင်းကို တပ်မတော်ကို ဂုဏ်သိက္ခာညိုးနွှမ်းစေလိုတဲ့ဆန္ဒနဲ့ ထုတ်လွှင့်ခဲ့တာမဟုတ်ဘဲ ဒေသခံတွေ နစ်နာတာကို သတင်းမီဒီယာ ကျင့်ဝတ်နဲ့အညီ ရေးသားဖော်ပြခဲ့တာဖြစ်တယ်လို့လည်း ကိုနေဝင်းစံက တုံ့ပြန်ပါတယ်။

အဲဒီအပေါ်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ)အပြင် တခြား ပုဒ်မတွေနဲ့ပါ ထပ်မံတရားစွဲဖို့ လုပ်ဆောင် နေတာဟာ ဘယ်လိုမှ မဖြစ်သင့်ဘူးလို့လည်း သူကဆိုပါတယ်။

သူတို့နှစ်ဦးကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၆ ရက်နေ့ကလည်း တပ်မတော်က စွဲဆိုထားတဲ့ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)အတွက် အဲဒီအမှတ်(၂) ရဲစခန်းကပဲ ခေါ်ယူစစ်ဆေးခဲ့ပြီး ည ၈ နာရီကျော်အချိန်မှာ အာမခံနဲ့ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/dmg-reporters-03022021063842.html

DMG သတင်းထောက်နှစ်ဦးကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ အရေးယူဖို့ တပ်ဘက်က တရားရုံးထံတင်ပြ DMG သတင်းထောက်နှစ်ဦးကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနဲ့ အရေးယူဖို့ တပ်ဘက်က တရားရုံးထံတင်ပြ Reviewed by THITHTOOLWIN on 02:26 Rating: 5

No comments:

Powered by Blogger.