ဂျပန်နိုင်ငံ မြန်မာသံရုံးမှ ဝန်ထမ်းနှစ်ဦး CDM မှာ ပူးပေါင်းပါဝင်



ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာသံရုံးမှ ပထမအတွင်းဝန် ဦးအောင်စိုးမိုးနဲ့ ဒုတိယအတွင်းဝန် ဒေါ်အိန္ဒြာသန်း တို့ နှစ်ဦးဟာ အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ မတ်လ ၆ ရက် ဒီကနေ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဦးအောင်စိုးမိုးက သူ့အနေနဲ့ မြန်မာပြည်သူတွေနဲ့အတူရပ်တည်ပြီး နိုင်ငံသားတယောက်ရဲ့ဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖော်ဖို့အတွက် ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်လာတာလို့ သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။ သူဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှာ ၂၈ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး၊ လက်ရှိ ရာထူးကနေ နှုတ်ထွက်တာ လုံးဝ မဟုတ်ဘူးလို့လည်း ပြောဆိုထားပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရအပေါ် လက်နက်အားကိုးနဲ့ အဓမ္မအာဏာသိမ်းယူပြီး၊ ငြိမ်းချမ်းစွာဆန္ဒပြနေကြတဲ့ ပြည်သူတွေ အသက်ဆုံးရှုံးရတဲ့အထိ အကြမ်းဖက် နှိမ်နင်းမှုကို များစွာ ဝမ်းနည်းမိတယ်လို့လည်း သူ့ရဲ့ Facebook မှာ ရေးသားထားပါတယ်။ 

ဒါ့အပြင် ၂ဝ၂ဝ ရွေးကောက်ပွဲမဲရလဒ်ကို လေးစားပြီး ပြည်သူ့ထံ အာဏာပြန်အပ်ဖို့လည်း ဦးအောင်စိုးမိုးက တောင်းဆိုခဲ့ပါတယ်။ 

အလားတူ ဒုတိယအတွင်းဝန်ဖြစ်တဲ့ ဒေါ်အိန္ဒြာသန်းကလည်း အာဏာသိမ်းယူထားတဲ့ စစ်အုပ်စုလက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိတာ၊ နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် ကုလသမဂ္ဂမှာ ဒီတရားမဝင် စစ်အုပ်စုကို ကိုယ်စားပြုဖို့ ဆန္ဒမရှိတာနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေ၊ အိမ်မှာနေထိုင်နေကြတဲ့ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ် ဖြိုခွင်း နှောင့်ယှက်နေတာကို လုံးဝ လက်မခံနိုင်တဲ့အတွက် CDM လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်တာဖြစ်တယ်လို့ သူမရဲ့ Facebook မှာ ဖော်ပြထားပါတယ်။

အခုဆိုရင် ဒီ CDM လှုပ်ရှားမှုမှာ ပါဝင်လာတာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း အပါအဝင် အမေရိကန်ပြည်ထောင်စု၊ ဆွစ်ဇာလန်၊ ဂျာမနီ၊ အစ္စရေးလ်၊ ဂျပန် စတဲ့ နိုင်ငံတွေက သံရုံးအမှုထမ်း စုစုပေါင်း ၃ဝ ရှိသွားပြီဖြစ်ပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese/

ဂျပန်နိုင်ငံ မြန်မာသံရုံးမှ ဝန်ထမ်းနှစ်ဦး CDM မှာ ပူးပေါင်းပါဝင် ဂျပန်နိုင်ငံ မြန်မာသံရုံးမှ ဝန်ထမ်းနှစ်ဦး CDM မှာ ပူးပေါင်းပါဝင် Reviewed by THITHTOOLWIN on 00:09 Rating: 5

No comments:

Powered by Blogger.