CDM လုပ်တဲ့ အကောက်ခွန်ဝန်ထမ်း ၁၂ ဦး ရာထူးရပ်နားခံရ

CDM လုပ်တဲ့ အကောက်ခွန်ဝန်ထမ်း ၁၂ ဦး ရာထူးရပ်နားခံရ နေပြည်တော်မှာ ရုံးမတက်ဘဲ CDM လုပ်နေတဲ့ အစိုရဝန်ထမ်းတွေ ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ဆန္ဒပြစဉ် / Photo: RFA

စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန လက်အောက်ရှိ၊ အကောက်ခွန်ဦးစီးဌာနဝန်ထမ်း ၁၂ ဦးကို CDM လုပ်လို့ဆိုပြီး ဖေဖော်ဝါရီလ ၂၆ ရက်နေ့က ယာယီအလုပ်ဖြုတ်လိုက်ကြောင်း အလုပ်ဖြုတ်ခံရတဲ့ CDM ဝန်ထမ်း တစ်ဦးက ဒီကနေ့ မတ်လ ၂ ရက်နေ့မှာ RFA ကို အတည်ပြုပြောဆိုပါတယ်။

သူတို့ ၁၂ ဦးကတော့ အကောက်ခွန်ဦးစီးဌာနက အရာထမ်းအမှုထမ်းတွေဖြစ်တဲ့ ဦးသီဟထွန်း၊ ဦးသူရကိုကို၊ ဒေါ်ချိုချိုလွင်၊ ဦးကျော်ကျော်ခိုင် (၁)၊ ဦးတင်ကိုကိုထွန်း၊ ဒေါ်ဥမ္မာအောင်၊ ဒေါ်ထက်အိန္ဒြေဦး၊ ဦးကောင်းထက်၊ ဦးကောင်းထက်လင်း၊ ဦးကျော်ဇောဟိန်း၊ ဦးကောင်းမြင့်မြတ်မင်းနဲ့ ဦးခွန်အိမ်မင်း တို့ဖြစ်ပါတယ်။

သူတို့အားလုံးဟာ အကောက်ခွန်မှူး၊ ဒုအကောက်ခွန်မှူး၊ အကောက်ခွန်စာရေး၊ စာရင်းကိုင်နဲ့ အကောက်ခွန် ထိန်း ရာထူးတာဝန် ထမ်းဆောင်နေသူတွေဖြစ်ပါတယ်။

အဲဒီဝန်ထမ်း ၁၂ ဦးကို ခိုင်လုံတဲ့အကြောင်းပြချက် မရှိဘဲ တာဝန်ပျက်ကွက်ခြင်း၊ ခွင့်စည်းကမ်း ဖောက်ဖျက် ခြင်းတွေကြောင့် ယာယီအလုပ်ရပ်နားလိုက်ကြောင်း အကောက်ခွန်ဦးစီးဌာနက ဖေဖော်ဝါရီလ ၂၆ ရက် ရက်စွဲနဲ့ အမိန့်စာထုတ်ပြန်လိုက်တာပါ။

RFA က လက်ခံရရှိထားတဲ့ အဲဒီအမိန့်စာမှာ အကောက်ခွန်ဦးစီးဌာန ညွှန်ချုပ်ကိုယ်စား၊ ညွှန်ကြားရေးမှူး ဦးအောင်ခိုင် လက်မှတ်ရေးထိုးထားတာ တွေ့ရပါတယ်။

ဖေ‌ဖော်ဝါရီလ ၁၆ ရက်နေ့က အာဏာသိမ်း စစ်ကောင်စီရဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းပွဲမှာ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက “အာဏာဖီဆန်ရေး CDM လုပ်တဲ့ဝန်ထမ်းတွေကို လောလောဆယ် အရေးမယူသေးဘဲ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်မယ်” လို့ ပြောခဲ့ပါတယ်။

အဲဒီလိုပြောပြီး သိပ်မကြာခင်မှာဘဲ နိုင်ငံတဝှမ်းရှိ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်တာ၊ ဝန်ထမ်းအိမ်ရာတွေကနေ နှင်ထုတ်တာ၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း ချိုးဖောက်မှု ပုဒ်မ ၁၈၈၊ နိုင်ငံတော် အကြည်ငြိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) လို ပုဒ်မတွေနဲ့ အရေးယူနေတယ်လို့ အမည်မဖော်လိုတဲ့ CDM ဝန်ထမ်းတွေက ပြောပါတယ်

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကတော့ “အာဏာဖီဆန်ရေး CDM လုပ်တဲ့ဝန်ထမ်းတွေကို ကျေးဇူးတင်ကြောင်း ပြောကြားထားပြီး၊ လူထုရွေးကောက်တင်မြှောက်တဲ့ အရပ်သားအစိုးရ အာဏာပြန်ရတဲ့အခါ ပုံမှန်အတိုင်း အလုပ်တာဝန်တွေ ပြန်ပေးအပ်မယ့်အကြောင်း” သတင်းထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/cdm-customs-officers-twelve-were-suspended-03022021011026.html

CDM လုပ်တဲ့ အကောက်ခွန်ဝန်ထမ်း ၁၂ ဦး ရာထူးရပ်နားခံရ CDM လုပ်တဲ့ အကောက်ခွန်ဝန်ထမ်း ၁၂ ဦး ရာထူးရပ်နားခံရ Reviewed by THITHTOOLWIN on 23:20 Rating: 5

No comments:

Powered by Blogger.