မြန်မာအရေး အထူးအကြံပေးကောင်စီတစ်ရပ် ဖွဲ့စည်း





ဒီနေ့ဟာ ၆၂ တုန်းက စစ်အာဏာသိမ်းတဲ့ နှစ်ပတ်လည်နေ့ ဖြစ်ပါတယ်။

အနှစ် ၆၀ နီးပါး ကြာခဲ့ချိန် ဒီကနေ့ မြန်မာပြည်မှာ စစ်တပ်ရဲ့  နောက်ကြောင်းပြန် အာဏာသိမ်းမှုနဲ့ ကြုံတွေ့ နေရပြီး ပြည်သူတွေဟာ စစ်အာဏာသိမ်းမှုကို အသက်နဲ့ရင်းပြီး အံတုတော်လှန် နေကြရဆဲ ဖြစ်ပါတယ်။ 

စစ်ကောင်စီကို အပြစ်ပေး အရေးယူနိုင်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာလည်း လှုပ်ရှားမှုတွေ တွေ့မြင်နေရပါတယ်။

မြန်မာအရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ အဖြစ် တာ၀န် အသီးသီး ယူဖူးခဲ့ကြတဲ့ ကျွမ်းကျင်သူ ပညာရှင် ၃ ယောက် စုပေါင်းပြီး အထူးအကြံပေးကောင်စီ တစ်ရပ် ဖွဲ့စည်းလိုက်ပါတယ်။

SAC-M လို့ အတိုကောက် ခေါ်တဲ့ မြန်မာအရေး အထူးအကြံပေးကောင်စီမှာ ပါ၀င်သူတွေကတော့ မြန်မာနိုင်ငံအတွက် လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် အဖြစ် တာ၀န်ထမ်းဖူးတဲ့ မစ္စယန်းဟီးလီ၊ ကုလသမဂ္ဂက ဖွဲ့စည်းတဲ့ မြန်မာအရေး အချက်အလက် ရှာဖွေရေး လွတ်လပ်တဲ့ နိုင်ငံတကာ မစ်ရှင်အဖွဲ့ ကို ဦးဆောင်ခဲ့သူ မာဇူကီ ဒါရူစမန်နဲ့ အဲဒီအဖွဲ့ရဲ့ အဖွဲ့၀င် တစ်ယောက်ဖြစ်တဲ့ ခရစ်ဆီဒိုတီ တို့ ဖြစ်ပါတယ်။

“မြန်မာစစ်တပ်ဟာ ပြည်သူတွေကို ဖိနှိပ်ထားတာ ရာစုနှစ် ထက်၀က်မကကျော်ခဲ့ပြီ။ ဆိုးရွားလှတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အတွက်၊ အပြစ်ပေး အရေးယူ ခံရတာကနေလည်း ကင်းလွတ်နေခဲ့တယ်၊ အခု အာဏာသိမ်းပြန်တဲ့ တုန်လှုပ်စဖွယ် လုပ်ရပ်ကလည်း ၊  မြန်မာ စစ်ဗိုလ်ချုပ်တွေဟာ ပြည်သူတွေရဲ့ သဘောဆန္ဒကို ဘယ်လောက် အရေးမထားလဲ၊ နိုင်ငံတကာ ကျင့်၀တ်တွေကို ဘယ်လောက် ချိုးဖောက်နေလဲ ဆိုတာကို ပြသနေတာပဲ” လို့ မစ္စယန်ဟီးလီက ပြောပါတယ်။

“လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေး၊ တရားမျှတရေး၊ အပြစ်ရှိသူတွေကို အရေးယူနိုင်ရေး စတာတွေ အတွက် တိုက်ပွဲ၀င်နေကြတဲ့ မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်မယ်” လို့ မာဇူကီ ဒါရူစမန်ကလည်း ပြောပါတယ်။

“အပြစ်ရှိသူတွေကို အရေးမယူနိုင်သရွေ့တော့ ၀မ်းနည်းဖွယ် သမိုင်းဖြစ်ရပ်တွေဟာ တကျော့ပြန် လာနေဦးမှာပဲ” လို့  ၃ ဦးပါ  အကြံပေးကောင်စီ၀င် တစ်ယောက်ဖြစ်တဲ့ ခရစ္စ ဆီဒိုတီကလည်း ထောက်ပြပါတယ်။

ဒီ SCA-M အဖွဲ့က သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို လာမယ့် ကြာသပတေးနေ့၊ မတ်လ ၄ ရက်နေ့မှာ၊ အွန်လိုင်း ဗီဒီယို ကနေ တဆင့် ပြုလုပ်သွားဖို့ ရှိနေပါတယ်။


BBC Burmese

https://www.facebook.com/BBCnewsBurmese/

မြန်မာအရေး အထူးအကြံပေးကောင်စီတစ်ရပ် ဖွဲ့စည်း မြန်မာအရေး အထူးအကြံပေးကောင်စီတစ်ရပ် ဖွဲ့စည်း Reviewed by THITHTOOLWIN on 10:59 Rating: 5

No comments:

Powered by Blogger.