သတင်းသမား ၆ ဦးကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲ

မြန်မာနောင်းသတင်းထောက် မကေဇွန်နွေး ဖမ်းဆီးခံရစဥ်

မြန်မာနိုင်ငံတစ်ဝန်းက ဆန္ဒပြပွဲတွေမှာ သတင်းလိုက်ယူရင်း အဖမ်းခံခဲ့ရတဲ့ သတင်းသမား အရေအတွက်က အခုဆို အယောက် ၃၀ ခန့်ရှိသွားပါပြီ။

အဲဒီလူတွေထဲက တချို့က ပြန်လွတ်လာပြီး တချို့က ဖမ်းဆီးခံရ၊ တရားစွဲဆိုခံနေရပါတယ်။

ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းတဲ့ အချိန်ကစပြီး အခုအချိန်ထိ ဖမ်းဆီးထိန်းသိမ်းခံနေရဆဲ သတင်းသမား အရေအတွက်က ၁၁ ယောက်ရှိနေပြီး တရားစွဲခံထား ရတဲ့ သတင်းသမားက ၈ ယောက်ရှိတယ်လို့ သတင်းမီဒီယာ အဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရသိရပါတယ်။

ဖမ်းဆီးခံထားရသူတွေထဲမှာ အခုအချိန်ထိ ၅၀၅(က)နဲ့ တရားစွဲခံထားရတဲ့ သတင်းသမား အရေအတွက်က ၆ ယောက် ရှိနေပါတယ်။

အဲ့ဒီလို ၅၀၅(က)နဲ့ တရားစွဲခံရတဲ့ သတင်းသမား ၆ယောက်ထဲမှာပါတဲ့ Myanmar Now သတင်းဌာနက မကေဇွန်နွေးဟာ ဖေဖော်ဝါရီ ၂၇ ရက် ကတည်းက အဖမ်းခဲ့ရပြီး အင်းစိန်ထောင်မှာ ထိန်းသိမ်းခံ ထားရပါတယ်။

မကေဇွန်နွေးရဲ့အမှုကို လိုက်ပါဆောင်ရွက်မယ့် ရှေ့နေဒေါ်နီလာခိုင်က "ဒီနေ့က သူတို့ရုံးချိန်းရက်ဆိုတော့ ကျွန်မတို့လုပ်ရမယ့် တာဝန်အရ အမှုသည်နဲ့ ရှေ့နေ ဥပဒေအရ တွေ့ဆုံခွင့်ပြုဖို့ စာတင်ဖို့ ရှိပါတယ်။ ဒါပေမယ့် ထောင်တာဝန်ခံအရာရှိက ဒီနေ့ပိတ်ရက်ဖြစ်နေလို့ အခြားသူတွေလည်းတင်စရာရှိတဲ့အတွက် မနက်ဖြန်ကျမှ တင်ဖို့‌ပြောတဲ့အတွက် မနက်ဖြန်မှတင်ရပါမယ်" လို့ ပြောပါတယ်။

သတင်းသမားတွေ အဖမ်းခံရတာနဲ့ပတ်သက်လို့ သတင်းမီဒီယာကောင်စီ ယာယီ ဥက္ကဋ္ဌ ဒေါက်တာမျိုးသန့်တင်က "ကျွန်တော်တို့က တည်ဆဲဥပဒေနဲ့ ကျင့်ဝတ်အရ ရပ်တည်ပါတယ်။ အဲဒါကို လိုက်နာ ဆောက်ရွက်တဲ့ မီဒီယာသမားတွေပေါ်မှာလည်း ရပ်တည်ပေးပါတယ်။ အခုလို အရေးပေါ်ကိ စ္စကြုံလာတဲ့အချိန်မှာ သိသိချင်း ဘယ်အချိန် ဘယ်သူတွေက ဘယ်ကိုခေါ်သွားတယ်ဆိုတဲ့ အချက်အလက် တွေကို ကျွန်‌တော့်ဆီကို Viber နဲ့ပို့ပေးရင် အတတ်နိုင်ဆုံး သတင်းထုတ်ပြန်ပေးပါတယ်။"

သတင်းသမားတွေကို ဆန္ဒပြပွဲတွေမှာ ပစ်မှတ်ထား ဖမ်းဆီးလာသလို သတင်းသမားတချို့ကိုလည်း ညအချိန် နေအိမ်မှာ လာရောက် အင်အားသုံးဖမ်းဆီးတာ တွေရှိခဲ့ပါတယ်။

မတ်လ ၁ရက်နေ့ညက မြိတ်မြို့က ဒီဗီဘီ သတင်းထောက် ကိုအောင်ကျော်ကိုလည်း နေအိမ်ကနေ အင်အားသုံး ဖမ်းဆီးသွားတာတွေရှိတဲ့အတွက် သတင်းသမားတွေကို အခုလို အင်အားသုံးဖမ်းဆီးတာတွေ ပစ္စည်းတွေကို သိမ်းယူဖျက်ဆီးတာတွေ မလုပ်ဖို့ သတင်းမီဒီယာ အဖွဲ့တွေက ကန့်ကွက်စာတွေ ထုတ်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/56260166 

သတင်းသမား ၆ ဦးကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲ သတင်းသမား ၆ ဦးကို ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲ Reviewed by THITHTOOLWIN on 08:29 Rating: 5

No comments:

Powered by Blogger.