စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံအနှံ့ဆန္ဒပြပွဲမှာ အနည်းဆုံး ခြောက်ယောက် ဒဏ်ရာရ



စစ်အာဏာသိမ်းတာ ဒီနေ့ဆိုရင် ရက်ပေါင်း ၃၀ ရှိနေပြီဖြစ်ပြီး ဆန္ဒပြသူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ကျည်အစစ်တွေသုံးပြီး ဖြိုခွဲတာကြောင့် သေဆုံးသူကလည်း ၃၀ ဝန်းကျင်အထိရှိနေပါတယ်။ သေဆုံးဒဏ်ရာရ တာတွေရှိနေပေမယ့် စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြတာတွေကတော့ နေ့စဉ်ရက်ဆက်ရှိနေပါတယ်။ ဒီနေ့ မှာလည်း ကလေး၊ ရန်ကုန်နဲ့ ထားဝယ်မြို့တွေမှာ ဆန္ဒပြသူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းခဲ့လို့ ဒဏ်ရာရတဲ့သူပေါင်း အနည်းဆုံး ခြောက်ယောက်ရှိပြီး၊ ၂၀ ကျော်ဖမ်းဆီးခံရပါတယ်။

ရန်ကုန်မြို့ထဲမှာ ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ရဲက ဒီနေ့မှာလည်း မျက်ရည်ယိုဗုံးတွေ၊ အသံဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွဲသလို သေနတ်နဲ့ပါ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။

တာမွေမြို့နယ် နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်အစပ် မင်္ဂလာဈေးနားမှာ စစ်တပ်နဲ့ရဲတွေက ဒီနေ့ မနက်ထဲက နေရာယူထားပြီး ၉ နာရီလောက်မှာတစ်ကြိမ် သေနတ်ပစ်ဖောက်ခဲ့သလို ညနေပိုင်းမှာတော့ လူအုပ်ကို အကြမ်းဖက်နှိမ်နင်းခဲ့ပါတယ်။

ဆန္ဒပြသူတွေ အများအပြားစုဝေးနေတဲ့ မြေနီကုန်းနဲ့ လှည်းတန်းလမ်းဆုံ အနီးပတ်ဝန်းကျင်တွေမှာလည်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားအများအပြား နေရာယူထားပြီး ဆန္ဒပြသူတွေကို ဖြိုခွဲနေပါတယ်။ မြေနီကုန်း အနီးက ဗားဂရာလမ်းနဲ့ ကျွန်းတောလမ်းမှာလည်း ဆန္ဒပြသူတွေကို တပ်မတော်နဲ့ ရဲတပ်ဖွဲ့က မျက်ရည်ယို ဗုံးတွေသုံးပြီး လူစုခွဲခဲ့တဲ့အပြင် အဲဒီထဲက ဆန္ဒပြသူ နှစ်ဦးကိုလည်း ဖမ်းဆီးသွားပါတယ်။

လှိုင်မြို့နယ် ကမာရွတ်ဘူတာရုံလမ်းမှာရှိတဲ့ လူငယ်သပိတ်စခန်းတွေကို ဒီနေ့နေ့လယ် ၁၂ နာရီလောက်မှာ ရာဘာကျည်တွေ၊ မီးခိုးဗုံး၊ လေးခွတွေနဲ့ လိုက်လံပစ်ခတ် အကြမ်းဖက်ဖြိုခွဲခဲ့ပါတယ်။

လှိုင်မြို့နယ် ၉ ရပ်ကွက်ထဲအထိ စစ်သားတွေ ဝင်ရောက်လာပြီး မီးခိုးဗုံး၊ အသံမိုင်း၊ ရာဘာကျည်တွေနဲ့ ပစ်ခတ်အကြမ်းဖက်ဝင်ရောက်ခဲ့ပြီး လမ်းအတွင်းက အသံချဲ့စက်တွေကို ရိုက်ချိုးဖျက်ဆီးသွားပါတယ်။

ရပ်ကွက်ထဲမှာ ရှိတဲ့သူတွေ၊ သပိတ်မှောက်နေသူတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် အချေအတင် ဆဲတာတွေလည်း ဖြစ်ခဲ့ပါတယ်။ နေ့လယ် ၁ နာရီခွဲအထိ တစ်ဦးဒဏ်ရာရရှိသွားတယ်လို့သိရပြီး ဖမ်းဆီးခံရတဲ့ အခြေအနေကို တော့ မသိရသေးပါဘူး။

ရန်ကုန်မြို့လယ်က အနော်ရထာလမ်းပေါ်မှာ ဆန္ဒပြနေသူတွေကို မနက်ပိုင်းမှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဖြိုခွင်းခဲ့တာကြောင့် ဆန္ဒပြသူတွေက မဟာဗန္ဓုလလမ်းပေါ်မှာ ပြောင်းရွှေ့ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာလည်း စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး ဆန္ဒပြပြည်သူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ က ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် လေးယောက် ဒဏ်ရာပြင်းပြင်းထန်ထန်ရခဲ့ပါတယ်။ အဲဒီထဲက နှစ်ယောက် ကတော့ စိုးရိမ်ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေကပြောပါတယ်။ သူတို့ ၄ ယောက်ကို ကလေးမြို့က ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ ကုသပေးနေပါတယ်။ ဒဏ်ရာရသူ တစ်ဦးရဲ့ မိသားစုဝင်က ဆေးဝါးကုသဖို့ ပိုမိုကောင်းမွန်တဲ့ နေရာကို ပြောင်းရွှေ့ကုသဖို့ ပြင်ဆင်နေတယ်လို့ ပြောပါတယ်။

ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းရာမှာ မျက်ရည်ယိုဗုံးတွေ၊ ရာဘာကျည်တွေအပြင် ကျည်အစစ်တွေကို သုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူ တချို့ကပြောပါတယ်။ ဆေးရုံမှာ ကုသနေရတဲ့ လေးဦးအပြင် မျက်ရည်ယိုဗုံး ထိမှန်ပြီး ဒဏ်ရာရသူတွေရှိပေမယ့် အဲဒီသူတွေကတော့ ဒဏ်ရာ မပြင်းထန်တာကြောင့် ပြင်ပမှာ ကုသနေ တယ်လို့ ပြောကြပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ ဆန္ဒပြသူတွေက မြို့တွင်းမှာ ဒီနေ့လှည်ပြီး ဆန္ဒပြခဲ့ပါတယ်။ ပြီးခဲ့တဲ့ဖေဖော် ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြပွဲမှာ သေနတ်ထိမှန်သေဆုံးခဲ့တဲ့ ထားဝယ်မြို့ခံ ကိုလွင်လွင်ဦးရဲ့ နေအိမ်ရှေ့ကို ဆန္ဒပြသူတွေက ဒီနေ့သွားရောက် အလေးပြုခဲ့ကြပါတယ်။ အဲ့ဒီလို ဆန္ဒပြသူတွေ သွားရောက် အလေးပြု နေချိန်မှာ ရဲတပ်ဖွဲ့က သေဆုံးသွားသူရဲ့ နေအိမ်အနီးပတ်ဝန်းကျင်ကို မျက်ရည်ယိုဗုံးတွေသုံးပြီး ပစ်ခတ်ဖြိုခွဲ ခဲ့ပါတယ်။

စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြရင်း သေဆုံးသွားသူကို သွားရောက်ဂါရဝပြုချိန်မှာ ရဲတပ်ဖွဲ့က နောက်ကနေ လာပြီး မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံကိုမင်းလွင်ဦးက ပြောပါတယ်။

အဲဒီလိုဖြိုခွင်းခံရတာကြောင့် ပြည်သူတွေဟာ အဖွဲ့တွေခွဲပြီး မြို့တွင်းမှာ ဆက်လက်ဆန္ဒပြခဲ့ကြ ပါတယ်။ ဆန္ဒပြသူတွေကို ဥတ္တံတားကြီးလမ်းဆုံမှာ ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွဲခဲ့ပါတယ်။ ထားဝယ်မြို့မှာ ဆန္ဒပြ သူတွေကို ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖမ်းဆီးသွားတဲ့ ၁၈ ယောက်ထဲက တစ်ယောက်ကို ပြန်လွှတ်လိုက်ပြီး ၁၇ ယောက်ကို ဆက်လက်ဖမ်းဆီးခံထားရပါတယ်။

မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေဟာ မုန်းတမံ‌ပေါ်မှာ ဆန္ဒပြခဲ့ပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး၊ ဖမ်းဆီးခံခေါင်းဆောင်များ အမြန်လွှတ်ရေး တောင်းဆိုခဲ့ကြပါတယ်။

မကွေးမြို့မှာတော့ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြပွဲမှာ ဖမ်းဆီးခံရသူ ၅၇ ယောက်ထဲက ၁၉ ယောက်ကို မနေ့က ပြန်လွှတ်ပေးလိုက်ပြီး ကျန်တဲ့ ၃၈ ယောက်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ဂ) နဲ့ မကွေးမြို့နယ် တရားရုံးမှာ ရမန်ယူထားပါတယ်။ ပုဒ်မ ၅၀၅ (ဂ) ကျူးလွန်ကြောင်း တရား ရုံးက ဆုံးဖြတ်ရင် အမြင့်ဆုံး ထောင်ဒဏ် ၂ နှစ်အထိ ကျခံရနိုင်ပြီး ငွေဒဏ်လည်းချမှတ်ခံရနိုင်ပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာတော့ စစ်အာဏာရှင် ကန့်ကွက်ဆန္ဒပြသူ သုံးထောင်ကျော်က ရပ်ကွက်တွေထဲမှာ လှည့်ပြီး ဆန္ဒပြခဲ့ပါတယ်။ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က မြို့လယ်မှာ နေရာယူထားတာကြောင့် ဆန္ဒပြသူတွေက အဲဒီနေရာကို မသွားဘဲ ရှောင်ပြီး ဆန္ဒပြခဲ့တာပါ။

ကရင်ပြည်နယ် ဘားအံမြို့မှာတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အဖွဲ့တွေခွဲပြီး အင်အားအများအပြားနဲ့ လှည့်လည်သွားလာနေတာကြောင့် ဒေသခံပြည်သူတွေက နောက်ရက်မှ ဆန္ဒပြဖို့ ရွှေ့ဆိုင်းလိုက်ပါတယ်။ ဓာတ်ပုံဆိုင်တွေနဲ့ ဗီနိုင်းပိုစတာထုတ်တဲ့ ဆိုင်တွေကိုလည်း ဝင်ရောက်စစ်ဆေး ဖမ်းဆီးနေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။ ဘားအံမြို့အဝင်က တံတားမှာလည်း သွားလာသူတွေကို တားဆီးစစ်ဆေးနေပါတယ်။

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာလည်း လူငယ်တွေက စစ်အာဏာရှင်အလိုမရှိကြောင်း ပိုစတာကပ်တဲ့ လှုပ်ရှားမှုကို ကမ်းနားလမ်းမှာ ဒီနေ့မနက်က လုပ်ခဲ့ပါတယ်။ အဲဒီဗီနိုင်းတွေကို မနက် ၉ နာရီဝန်းကျင်မှာ ရဲတပ်ဖွဲ့က လာဖြုတ်သွားပါတယ်။ မြို့တွင်းမှာတော့ လူငယ်တွေကဆိုင်ကယ်နဲ့ ပတ်ပြီးဆန္ဒပြခဲ့ပါတယ်။

ချင်းပြည်နယ် ဟားခါးမြို့မှာတော့ စစ်အာဏာရှင်ကျဆုံးရေး ဆုတောင်းပွဲကို ဒီနေ့မနက်က လုပ်ခဲ့ပါတယ်။ မင်းတပ်၊ မတူပီနဲ့ ထန်တလန်မြို့မှာတော့ ဒေသခံတွေက စစ်အာဏာရှင် ကန့်ကွက်ကြောင်း မြို့တွင်းမှာ လှည့်လည် ဆန္ဒပြခဲ့ပါတယ်။ ဟားခါးမှာမနေ့ကဆန္ဒပြသူ ၂၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားပါတယ်။ အဲဒီ ထဲမှာ ချင်းတွင်းပို့(စ်) သတင်းထောက်တစ်ယောက်လည်း ပါဝင်ပါတယ်။ အဲဒီထဲက ၁၉ ယောက်ကို ဒီနေ့ ပြန်လွှတ်ပေးမယ်လို့ ရဲတပ်ဖွဲ့က ပြောထားပါတယ်။

ဖလမ်းမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဖမ်းဆီးသွားသူတွေထဲက သုံးဦးကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲထားပါတယ်။

ဒါကြောင့် ဒီနေ့တစ်နေ့လုံး ဆန္ဒပြပွဲတွေမှာ ဒဏ်ရာရတဲ့သူ အနည်းဆုံး ခြောက်ယောက်ရှိပြီး အဖမ်းခံရတဲ့ သူက ၂၀ ကျော်ရှိပါတယ်။ စစ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မနေ့ကအထိ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွဲမှုကြောင့် သေဆုံးခဲ့ရသူ ၃၀ ဝန်းကျင်ရှိနေပြီး ဖမ်းဆီးတရားစွဲဆို ပြစ်ဒဏ်ချခံရသူ တစ်ထောင့်နှစ်ရာကျော်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။ ဖမ်းဆီးခံရသူတွေထဲက ၃၀၀ ဝန်းကျင်က ပြန်လည်လွတ်မြောက်လာပြီး ဆက်လက်ဖမ်းဆီးခံထားရသူ ကိုးရာကျော်ရှိတယ်လို့လည်း AAPP က ပြောပါတယ်။

RFA Burmese


စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံအနှံ့ဆန္ဒပြပွဲမှာ အနည်းဆုံး ခြောက်ယောက် ဒဏ်ရာရ စစ်အာဏာရှင်ဆန့်ကျင်ရေး နိုင်ငံအနှံ့ဆန္ဒပြပွဲမှာ အနည်းဆုံး ခြောက်ယောက် ဒဏ်ရာရ Reviewed by THITHTOOLWIN on 02:24 Rating: 5

No comments:

Powered by Blogger.