ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် ဘယ်သူကိုရွေးမလဲ

(ဓါတ္ပံု-UNIVERSAL RIGHTS GROUP NYC)

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် ဘယ်သူ့ကို လက်ခံမလဲ ဆိုတာကို ကုလသမဂ္ဂဘက်က စဉ်းစား ဆုံးဖြတ်ဖို့ ရှိနေကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stéphane Dujarric က အင်္ဂါနေ့ သတင်းစာ ရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

မြန်မာ့ စစ်အာဏာသိမ်းမှုကို ကုလသမဂ္ဂ ဘက်က အရေးယူ ဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ တိုက်တွန်းခဲ့တဲ့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း က သူဟာ ကုလသမဂ္ဂရဲ့ မြန်မာ ကိုယ်စားလှယ် အဖြစ် ဆက်လက်တည်ရှိနေကြောင်း မတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ ကုလသမဂ္ဂထံ တင်ပြထားတာပါ။

စစ်တပ်ရဲ့ အုပ်ချုပ်ရေး ကောင်စီဘက်ကလည်း ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် လက်ရှိ ဒုတိယ အမြဲတမ်း ကိုယ်စားလှယ် အဖြစ် တာဝန်ယူနေတဲ့ ဦးတင်မောင်နိုင်ကို ခန့်အပ်ကြောင်းနဲ့ ကုလသမဂ္ဂဘက်က သုံးသပ်ပေးဖို့ မတ်လ ၂ ရက်နေ့ ရက်စွဲနဲ့ ကုလသမဂ္ဂထံကို စာတင်ထားတာပါ။

ဒီစာနှစ်စောင်ကို ကုလသမဂ္ဂဘက်က လက်ခံရရှိထားပြီး နိုင်ငံတွေရဲ့ ကိုယ်စားလှယ်တွေ ခန့်ထားရေးနဲ့ သက်ဆိုင်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ Credentials Committee က အမြန်ဆုံး သုံးသပ် ဆောင်ရွက်သွားမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရက ပြောဆိုခဲ့ပါတယ်။

မတ်လ ၁ ရက်နေ့ တနလာင်္နေ့ တုန်းကတော့ ကုလသမဂ္ဂ ဆိုင်ရာ အမေရိကန် သံအမတ်ကြီးကရော၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရကရော ဦးကျော်မိုးထွန်းဟာ မြန်မာ သံအမတ်ကြီး အဖြစ် ဆက်လက်ရှိနေကြောင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/who-will-be-myanmar-un-permenant-representative-/5799476.html

ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် ဘယ်သူကိုရွေးမလဲ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် အဖြစ် ဘယ်သူကိုရွေးမလဲ Reviewed by THITHTOOLWIN on 08:24 Rating: 5

No comments:

Powered by Blogger.