နိုင်ငံတစ်ဝန်း ဖမ်းဆီးတရားစွဲခံရတဲ့ သတင်းထောက် အနည်းဆုံး ၁၀ ယောက်ရှိ



တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆန္ဒပြနေတဲ့ပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွဲတာ၊ လူစုခွဲတာတွေ တစ်ပြိုင်နက် ဆောင်ရွက်နေပြီး ဆန္ဒပြပွဲကို သတင်းယူနေတဲ့ သတင်းသမားတွေကို ဖမ်းဆီးတာ၊ ပုဒ်မ မျိုးစုံတပ်ပြီး တရားစွဲဆိုတာတွေ ရှိလာပါတယ်။

မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကို မတ်လ ၁ ရက်နေ့ညမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ကိုအောင်ကျော်ရဲ့ နေအိမ်ကို စစ်ကား ၇ စီးလောက်က လက်နက်အပြည့်အစုံနဲ့ လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးရတဲ့အကြောင်းအရင်းကိုတော့ ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ကိုအောင်ကျော်ကို ဘယ်မှာဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာကို အတိအကျ မသိရသေးဘူးလို့ ကိုအောင်ကျော်ရဲ့ အမျိုးသမီး မနေခြည် ကပြောပါတယ်။

"ဘယ်မှာရှိလဲဆိုတဲ့သတင်းကို ဘာမှမရသေးဘူး။ ပါလာတဲ့ စစ်သားအချို့က ဒီနေ့လွှင့်တဲ့ Live မှာသူက မျက်နှာကို မကာဘဲနဲ့ live လွှင့်တယ်။ တော်တော်ကို သတ္တိရှိတဲ့အကောင်ဆိုပြီး ပြောသံကြားတယ်။ ပြီးတော့ သူ့ကိုတွေ့တဲ့အချိန်မှာ ဒီကောင်ပဲ နေ့လယ်က live လွှင့်တာ ဒီကောင်ပဲဆိုပြီးတော့ ဘေးမှာရှိတဲ့ စစ်သားတွေက ဝိုင်းပြောကြတယ်။ မြန်မာနိုင်ငံရဲ့ မီဒီယာလောကကြီးက စစ်အုပ်ချုပ်မှုအောက်ကို ရောက်စေချင်လို့ ဝိုင်းဖိနှိပ်နေတယ်လို့ မြင်တယ်။"

တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ အင်းလေးမြိုင်ရပ်ကွက်ထဲကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ ပူးပေါင်းပြီး ရပ်ကွက်နေ ပြည်သူတွေကို အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးခဲ့တာကြောင့် ဒဏ်ရာရသွားတဲ့ ပြည်သူတွေနဲ့ တွေ့ဆုံမေးမြန်း တဲ့ Live လွှင့်ပြီး သတင်းတင်ဆက်ခဲ့ပြီးနောက် အဲဒီညမှာပဲ DVB သတင်းထောက် ကိုအောင်ကျော်ဟာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဆန္ဒပြပွဲတွေအကြောင်း သတင်းမှတ်တမ်းရယူနေတဲ့ သတင်းထောက်တွေကို ရဲတပ်ဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်နေတယ်လို့ မြေပြင်မှာ ကွင်းဆင်းသတင်းရယူနေတဲ့ သတင်းထောက်တွေက ပြောကြပါတယ်။

Myanmar Now က မကေဇွန်နွေး၊ ဆဲဗင်းဒေး သတင်းစာက ကိုအောင်ရဲ၊ AP သတင်းဌာနက ကိုသိန်းဇော်၊ MPA က ကိုရဲမျိုးခန့်၊ ဇီးကွက် သတင်းဌာနက ကိုဟိန်းပြည့်ဇော်တို့ဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့က သတင်းရယူနေချိန် ဖမ်းခံခဲ့ရပြီး ဒီနေ့အထိ ပြန်မလွှတ်သေးဘဲ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရပါတယ်။

အဲဒီထဲက မကေဇွန်နွေးနဲ့ ကိုရဲမျိုးခန့်တို့ကတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ)နဲ့ မြေနီကုန်း မှာ အဖမ်းခံရတဲ့ Myanmar Now က မကေဇွန်နွေးကို စမ်းချောင်းတရားရုံးမှာ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ် လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်နီလာခိုင်က ပြောပါတယ်။

"မကေဇွန်နွေးကို ၅၀၅ ( က ) နဲ့စမ်းချောင်းမှာ ပ ရမန် ယူထားပါပြီ။ ရုံးကတော့ မထုတ်လောက်ဘူး။ ဗီဒီယိုကွန်ဖရန့်နဲ့ပဲ အမှုစစ်မယ်လို့ ကြားထားတယ်။ အခုချိန်ထိ မကေဇွန်နွေးနဲ့ ကျွန်မတို့ရှေ့နေတွေ တွေ့ဆုံခွင့်မရသေးပါဘူး။ မိသားစုနဲ့တွေ့ခွင့်ကတော့ ဘယ်သူမှမရဘူး။ ကျွန်မတို့ရှေ့နေတွေလည်း အမှုသည်ဖြစ်တဲ့ မကေဇွန်နွေးနဲ့ မတွေ့ရသေးပါဘူး။ ဒီနေ့က ရုံးပိတ်ရက်ဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ အမှုသည်နဲ့ တွေဆုံခွင့်ပြုပါဆိုပြီး ထောင်ကို လျှောက်ဖို့အဆင်သင့် လုပ်ထားပါတယ်။"

AP သတင်းဌာနက ကိုသိန်းဇော်ကိုလည်း နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထား တယ်လို့ နိုင်ငံခြားသတင်းထောက်များအသင်းက ပြောပါတယ်။

MPA ဓာတ်ပုံသတင်းထောက် ကိုရဲမျိုးခန့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ ကမာရွတ် ရဲစခန်းမှာ တရားစွဲထားပြီး မတ်လ ၁၂ ရက်နေ့မှာ ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ရုံးထုတ်စစ်ဆေးဖို့ရှိတယ်လို့ Myanmar Press Photo Agency က ကိုဂျေပိုင်က ပြောပါတယ်။ အခုအချိန်မှာ သတင်းလွတ်လပ်ခွင့် အောက်ဆုံးအထိကို ရောက်နေပြီး သတင်းတင်ပြနေတဲ့သူတွေကို ပစ်မှတ်ထားပြီး လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ကိုဂျေပိုင်က ဆိုပါတယ်။

"press freedom နဲ့ပတ်သက်တဲ့ လွတ်လပ်ခွင့်တွေက လုံးဝဇီးရိုးအဆင့်ကို ရောက်သွားတယ်လို့ ပြောလို့ ရတယ်။ သတင်းစာ လွတ်လပ်ခွင့် ဘာမှမရှိတော့ဘူး။ ကျွန်တော်တို့က ကိုယ့်လုံခြုံရေး အခြေအနေကို ကိုယ်ကြည့်ပြီးလုပ်နေရတဲ့ အနေအထားမှာရှိတယ်။ ကျွန်တော်တို့ကို ကာကွယ်ပေးနိုင်တာ ဘယ်သူမှ မရှိဘူး။ ကိုယ့်ကိုယ်ကို ကာကွယ်ရမယ်။ ပြည်သူတွေ ကာကွယ်ပေးရမယ်။ ကျွန်တော်တို့က ပြည်သူတွေ အတွက် သိသင့်တဲ့သတင်းတွေကို လုပ်နေတဲ့အတွက် အစိုးရက အမုန်းထားပြီးတော့ အကြမ်းဖက် ဖမ်းဆီးတာတွေ လုပ်နေတယ်။"

ဖေဖော်ဝါရီ ၂၂ ရက်နေ့ညက မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက်မှာ မသင်္ကာဖွယ်ရာ လူတစ်ဦးကို ရပ်ကွက်နေ ပြည်သူတွေက စစ်ဆေးနေတဲ့ ဗီဒီယိုရုပ်သံတစ်ခုနဲ့ ပတ်သက်လို့ မုံရွာမြို့ အခြေစိုက် MCN TV NEWS သတင်းဌာနက သတင်းထောက် မတင်မာဆွေနဲ့ The Voice သတင်းဌာနက သတင်းထောက် မခင်မေစန်းတို့ နှစ်ဦးဟာ သတင်းမေးမြန်းဖို့ဆိုပြီး ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းမှာ မုံရွာမြို့မရဲစခန်းကို သွားချိန်မှာ ဖမ်းဆီး ခံခဲ့ရပါတယ်။ သူတို့နှစ်ဦးကို နောက်တစ်နေ့မှာ ပြန်လွှတ်ပေးခဲ့ပေမယ့် နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ မုံရွာမြို့မရဲစခန်းက အမှုဖွင့်ခံထားရပါတယ်။

နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဟာ အမြင့်ဆုံး ထောင်ဒဏ် ၃ နှစ်ထိ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ဖေဖော်ဝါရီ ၂၈ ရက်နေ့က အလွတ်တန်းသတင်းထောက် မရှင်မိုးမြင့်၊ ချွန်းဂျာနယ်က ကိုကျော်နေမင်း၊ ပုသိမ်အခြေစိုက် သံတော်ဆင့်သတင်းဌာနက ကိုရဲရင့်ထွန်း၊ မော်လမြိုင် ရာမညတိုင်း သတင်းဌာနက ကိုလင်းထွန်း တို့ ထပ်မံဖမ်းဆီးခံထားရပြီး ဘယ်မှာဖမ်းဆီးထားတယ်ဆိုတာ မသိရသေးပါဘူး။

သံတော်ဆင့်သတင်းထောက်က ကိုရဲရင့်ထွန်းကိုတော့ နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားတယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံး က ရဲမှူးကြီး ထွန်းရွှေ က RFA ကို အတည်ပြုပါတယ်။

"ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ ဖွင့်ထားပါတယ်။ ဟုတ်ပါတယ်။"

၅၀၅ (က) နဲ့ အမှုဖွင့်ရတဲ့ အကြောင်းနဲ့ တရားလို ဘယ်သူဆိုတာကို RFA က မေးမြန်းခဲ့ပေမယ့် ဖြေကြားခြင်း မပြုပါဘူး။

လက်ရှိအချိန်မှာ မြန်မာသံတော်ဆင့်သတင်းထောက် ဦးရဲရင့်ထွန်းကို ပုသိမ်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ထား တယ်လို့ သိရပါတယ်။

သတင်းသမားက သူ့အလုပ် သူလုပ်တာဖြစ်လို့ အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်လို့ ဦးရဲရင့်ထွန်း ရဲ့ အစ်မ က RFA ကို ပြောပါတယ်။

"ပြန်ပြီးတော့ လွှတ်ပေးစေချင်တယ် သတင်းသမားက သူ့အလုပ် သူလုပ်တာပဲလေ။ သူ့အလုပ်သူ လုပ်တာပဲ ဖြစ်တဲ့အတွက် သူ့မှာ အမှားမရှိဘူး လို့ ယူဆတဲ့အတွက် သူ့ကို အမြန်ဆုံးပြန်လွှတ် စေချင်တယ်။"

ရန်ကုန်မြို့က ဓာတ်ပုံသတင်းထောက် ရှင်မိုးမြင့် လည်း ဒီနေ့မနက် ပြန်လွတ်လာပါတယ်။

မတ် ၁ ရက်နေ့ကလည်း ဟားခါးအခြေစိုက် The Chinland Post သတင်းထောက် ဆလိုင်းဒေးဗစ်လည်း ဖမ်းဆီးခံလိုက်ရပြီး ဒီနေ့နေ့လယ် ပြန်လည် လွတ်မြောက်လာပါတယ်။

လက်ရှိအခြေအနေဟာ ဥပဒေမဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်နေကြတာဖြစ်တဲ့အတွက် သတင်းမီဒီယာသမားတွေအနေနဲ့ ကိုယ့်လုံခြုံရေးကိုသာ အထူးဂရုစိုက်ကြဖို့ သတင်းစာဆရာ ဦးဇေယျလှိုင်က သတိပေးပါတယ်။

"လက်ရှိအခြေအနေက ဥပဒေမဲ့အခြေအနေ ဖြစ်သွားပြီဆိုတာကို သိထားဖို့လိုတယ်။ အဲတော့ ဥပဒေ အကာအကွယ်ကို ယူလို့မရတော့ဘူး။ အဲတော့ ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်ကို အမြဲမပြတ် ဂရုစိုက်ပြီးတော့ ကိုယ့်ရဲ့လုံခြုံရေးကို ဦးစားပေးဖို့ အရေးကြီးတယ်။ ပါသွားပြီဆိုရင်လည်း ဥပဒေအကာကွယ်တော့ ရမှာမဟုတ်တာ ကျိန်းသေတယ်။ ဒီတော့ ကြည့်ရှောင် ကြည့်ပြေးဖို့ပဲ ရှိတယ်။"

လက်ရှိ မြန်မာနိုင်ငံ သတင်းမီဒီယာဥပဒေ အခန်း (၃) ပုဒ်မ ၇ (က) အရ၊ သတင်းသမားတစ်ဦးဟာ စစ်ဖြစ် ပွားရာ ဒေသပဲဖြစ်ဖြစ်၊ အဓိကရုဏ်းတွေ အရေးအခင်းတွေ ဆန္ဒပြပွဲတွေမှာပဲဖြစ်ဖြစ် စည်းမျဉ်းစည်းကမ်းနဲ့ အညီ သတင်းရယူခွင့်ရှိတယ်ဆိုတာကို အတိအကျ ဖော်ပြထားပါတယ်။ အဲဒီလို သတင်းရယူရာမှာလည်း လုံခြုံရေးအဖွဲ့အစည်းတွေက ဖမ်းဆီးထိန်းသိမ်းတာ၊ သတင်းမှတ်တမ်းဖျက်ဆီးတာ၊ သိမ်းယူတာတွေ မလုပ်ရဘူးလို့ အတိအကျ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့က ပထမဆုံးလုပ်တဲ့ စစ်ကောင်စီသတင်းစာရှင်းပွဲမှာ သတင်းထောက်တွေရဲ့ လုံခြုံရေးကို ဘယ်လောက်ထိ အာမခံနိုင်မလဲ၊ သတင်းထောက်တွေ ဘယ်လောက်ထိ လွတ်လပ်စွာ သတင်းရယူ ရေးသားခွင့်ရှိမလဲလို့ RFA က မေးမြန်းရာမှာ ပြန်ကြားရေးဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း က “သတင်းသမားတွေရဲ့ လုံခြုံရေးကို အာမခံမယ်၊ မခံဘူး အတိအကျ မပြောနိုင်ဘူး” လို့ ပြန်လည် ဖြေကြားထားပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ မတ်လ ၂ ရက်နေ့ထိ တစ်နိုင်ငံလုံးမှာ သတင်းရယူနေတဲ့ သတင်းထောက် ၂၉ ဦး ဖမ်းဆီးခံခဲ့ရပါတယ်။ ပြန်လွှတ်ပေးသူတွေရှိသလို ပြန်လွှတ်ပေမယ့် တရားစွဲဆိုခံရတဲ့ သတင်းထောက်တွေ လည်း ရှိပါတယ်။ RFA က ရရှိထားတဲ့စာရင်းအရ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ခံရတဲ့ သတင်းထောက် ၃ ဦးရှိနေပြီဖြစ်ပြီး ပြန်မလွတ်သေးတဲ့ သတင်းသမား ၁၀ ယောက်ဝန်းကျင် ကျန်နေပါတယ်။ သတင်းသမားတချို့ကိုတော့ အင်းစိန်ထောင်မှာ ထိန်းသိမ်းခံထားရပြီး အချို့ကတော့ ဘယ်နေရာမှာ ရှိနေမှန်း မသိရသေးပါဘူး။

အခုအချိန်မှာ ဖမ်းဆီးတရားစွဲခံနေရတဲ့ သတင်းထောက် အနည်းဆုံး ၁၀ ယောက် ရှိနေတယ်လို့ ပြင်သစ်နိုင်ငံ အခြေစိုက် RSF ခေါ် နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ဒီနေ့ထုတ်ပြန်ပါတယ်။ ဖမ်းထားတဲ့ သတင်းထောက်အားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ဖို့ကိုလည်း သတင်းသမားများ ကာကွယ် စောင့်ရှောက်ရေးအဖွဲ့ CPJ က မနေ့ကတောင်းဆိုထားပါတယ်။

နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာရဲ့သတင်းလွတ်လပ်ခွင့်အဆင့်က ၁၃၉ မှာရှိတယ်လို့ RSF အဖွဲ့ရဲ့ နောက်ဆုံး ထုတ်ပြန်ထားတဲ့ နှစ်စဉ်အစီရင်ခံစာမှာ ဖော်ပြပါတယ်။

RFA Burmese



နိုင်ငံတစ်ဝန်း ဖမ်းဆီးတရားစွဲခံရတဲ့ သတင်းထောက် အနည်းဆုံး ၁၀ ယောက်ရှိ နိုင်ငံတစ်ဝန်း ဖမ်းဆီးတရားစွဲခံရတဲ့ သတင်းထောက် အနည်းဆုံး ၁၀ ယောက်ရှိ Reviewed by THITHTOOLWIN on 23:23 Rating: 5

No comments:

Powered by Blogger.