မြန်မာစစ်အာဏာသိမ်းမှုကို G-7 နိုင်ငံတွေ တညီတညွတ်ထဲ ကန့်ကွက်

G-7 ထိပ်သီး အစည်းအဝေးမှာ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson ပြော

G-7 နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကိစ္စကို ဆန့်ကျင်တဲ့အမြင်အပေါ်မှာ တစ်သဘောထားတည်း ရှိကြတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson က သောကြာနေ့က ပြောပါတယ်။

"ကမ္ဘာ့အရေးကိစ္စတွေ တော်တော်များများအပေါ်မှာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်တူကြပါတယ်။ မြန်မာနိုင်ငံက အာဏာသိမ်းတဲ့ကိစ္စ ပဲဖြစ်ဖြစ်၊ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ရုရှား အတိုက်အခံ ခေါင်းဆောင် Alexei Navalny ကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့အပေါ်မှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ တစ်သဘောတည်း ရှိပါတယ်" လို့ G-7 ထိပ်သီး အစည်းအဝေးမှာ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ပြော ပါတယ်။

မြန်မာနိုင်ငံကိစ္စမှာ G-7 အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက တင်းမာတဲ့သဘောထားကို ဖော်ပြထားတဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်ထားတယ်လို့လည်း သူက ပြောပါတယ်။

ကမ္ဘာ့ အင်အားကြီး ၇ နိုင်ငံရဲ့ G-7 ထိပ်သီးအစည်းအဝေးကို ဗြိတိန်နိုင်ငံက အိမ်ရှင်အဖြစ်နဲ့ ရုပ်သံ ဗီဒီယိုကတဆင့် ကျင်းပနေတာပါ။

လစ်ဘရယ် ဒီမိုကရေစီ နိုင်ငံအုပ်စုဖြစ်တဲ့ G-7 အဖွဲ့အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကိစ္စတွေနဲ့အတူ COVID 19 ကပ်ရောဂါ လွန် ကာလ ပြန်လည် ထူထောင်ရေးနဲ့ ဥတုရာသီ ပြောင်းလဲမှုကိစ္စတွေကို အလေးထား လုပ်ဆောင်သင့်တယ်လို့လည်း ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က ပြောပါတယ်။

G-7 အုပ်စုမှာ အမေရိကန်၊ ကနေဒါ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီနဲ့ ဂျပန်နိုင်ငံတွေ ပါဝင်ပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-g7-countries-summit-/5785381.html

မြန်မာစစ်အာဏာသိမ်းမှုကို G-7 နိုင်ငံတွေ တညီတညွတ်ထဲ ကန့်ကွက် မြန်မာစစ်အာဏာသိမ်းမှုကို G-7 နိုင်ငံတွေ တညီတညွတ်ထဲ ကန့်ကွက် Reviewed by THITHTOOLWIN on 04:48 Rating: 5

No comments:

Powered by Blogger.