ဖေဖော်ဝါရီ ၄ရက် ၂၀၂၁
စစ်အာဏာသိမ်းပြီး ၄ ရက်မြောက်နေ့ မြန်မာပြည်သူများ သုံးစွဲနေသည့် Facebook လူမှု ကွန်ရက် စာမျက်နှာ ပိတ်ရန် ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန က ယနေ့ (ဖေဖော်ဝါရီ ၄)ရက် စွဲဖြင့် ညွှန်ကြားထားသည်။
ဖေဖော်ဝါရီ ၁ ရက် မနက်ပိုင်း စစ်တပ်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူပြီးနောက် မြန်မာပြည်သူများက မိမိဆန္ဒသဘောထားအနေဖြင့် စစ်အာဏာရှင်ကို ကန့်ကွက်ကြောင်း Facebook လူမှုကွန်ရက် စာမျက်နှာတွင် တည်ငြိမ်အေးချမ်းစွာ ထုတ်ဖော်ရေးသား ခဲ့ကြသည်။
ထိုသို့ ဆက်တိုက် ပြုလုပ်မှုကြောင့် လူမှုကွန်ရက် စာမျက်နှာကိုယနေ့ မှ စတင်ကာ ၄ရက် တိတိ ပိတ်ရန် ညွှန်ကြားခဲ့သည်။
ထို့နောက် Facebook လူမှုကွန်ရက်စာမျက်နှာကို သာမာန် ဝင်ကြည့်ခွင့်မရတော့သည့်အတွက် မြန်မာပြည်သူများမှ VPNServer ဖြင့် Facebook ကို ဆက်လက်အသုံးပြုပြီး၊ စစ်အာဏာသိမ်းမှုကို ထပ်မံ ကန့်ကွက်သည့် စာများနှင့် နည်းမျိုးစုံ လူမှုကွန်ရက်တွင် တင်ခဲ့သည်။
ထိုနည်းကို သက်ဆိုင်ရာ ထပ်မံသိရှိသွားသဖြင့် VPNServer ကို ပါ ထပ်မံ ပိတ်ရန် ညွှန်ကြားစာထုတ်ခဲ့ပြန်သည်။
“ Facebook မှာ ကျနော် စစ်အာဏာကို ကန့်ကွက်တာတင်တယ်။ ကျနော်တို့ တည်ငြိမ်အေးချမ်းစွာနဲ့ ကိုယ်သဘောဆန္ဒကို လူမှုကွန်ရက်မှာ ထုတ်ဖော်တယ်။ ဆူပူမှုမလုပ်ဘူး။ ဒါကို သူတို့က ပိတ်တယ်ဆိုတော့လည်း ကျနော်တို့ နည်းလမ်းထပ်ရှာရုံပဲရှိတယ်” ဟု သျှမ်းမြောက် တွင်နေထိုင်သည့် စိုင်းအောင် က သျှမ်းသံတော်ဆင့်ကို ပြောသည်။
လက်တလော ကာလအတွင်း လူမှုကွန်ရက်ကို အသုံးပြုကာ နိုင်ငံတော်တည်ငြိမ်းရေးကို ထိခိုက်ပျက်ပြားအောင် အများပြည်သူအကျိုး ကို ထိခိုက်စေအောင် ပြည်သူများအကြား အထင်အမြင် လွှဲအောင်လုပ်နေကြသည့်အတွက် Facebook ကို ယာယီပိတ်ရန် ညွန်ကြားခြင်းဖြစ်ကြောင်းလည်း သိရသည်။
သို့သော် လက်ရှိ နိုင်ငံတော် တည်ငြိမ်အေးချမ်းအောင် တမြင် ဆူပူအောင် လုပ်ဆောင်နေသည်မှာ ပြည်သူများမဟုတ်ကြောင်း အာဏာသိမ်းထားသည့် စစ်တပ်မှ ဖြစ်ကြောင်း လည်း သျှမ်းပြည်သူများက ပြောဆိုလိုက်သည်။
“ ကျနော်တို့ က လမ်းပေါ်မထွက်ဘူး။ ကိုယ့်အိမ်ကနေ ကိုယ်ပဲ အွန်လိုင်းကနေ ဆန္ဒထုတ်ဖော်တာ။ သူတို့က ကျနော်တို့ကို တမြင် လမ်းပေါ် မထွက်ထွက်အောင်လုပ်နေတာ။ တိုင်းပြည်ဆူပူအောင် သူတို့လုပ်နေတာ” ဟု တောင်ကြီးဒေသခံ တဦးဖြစ်သည့် ခွန်မျိုး က ပြောသည်။
ထို့ကြောင့် လက်ရှိမှာ Facebook တခုတည်းသာ မသုံးစွဲကြတော့ဘဲ တခြား အွန်လိုင်းများကိုလည်း အသုံးပြုနေကြောင်း သိရသည်။
“ ပြည်သူတွေကတော့ နည်းမျိုးစုံ ကန့်ကွက်ဆန္ဒပြမယ်။ တခြားလူမှုကွန်ရက်တွေလည်းရှိနေသေးတာ ပဲ။ ဒါမရရင် တခြားပေ့ါ“ ဟု ခွန်မျိုးက ဆိုသည်။
တပ်မတော်မှ နိုင်ငံတော်၏ အာဏာကို သိမ်းယူသည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် နည်းမျိုးစုံ ဆက်လက်ပြီး ကန့်ကွက် ဆန့်ကျင်သွားမည် ဟုလည်း သိရသည်။
SHAN News (Burmese Version)
No comments:
Post a Comment