တနင်္သာရီ ဝန်ကြီးချုပ်ကို ပုဒ်မ (၅၀၅-ခ) နဲ့ တရားစွဲ

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင် (ဓါတ်ပုံ-Tanintharyi Region)

တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဦးမြင့်မောင်ကို ပုဒ်မ (၅၀၅-ခ)နဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း တရားစွဲဆို လိုက်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်အတွက် ရွေးကောက်ခံထားရတဲ့ ကိုယ်စားလှယ်တွေကတော့ တိုင်းဒေသဆိုင်ရာ CRPH ကို ဖွဲ့စည်းလိုက်ပြီး ၊ CRPH (ဗဟို)ရဲ့ လမ်းညွှန်မှုအတိုင်း ဆက်လုပ်နကြောင်း အရပ်သားအစိုးရလက်ထက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးတဦးက ပြောတဲ့အကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဝန်ထမ်းတွေကို အားပေးအားမြှောက် လုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို ပုဒ်မ (၅၀၅-ခ)နဲ့ အာဏာသိမ်း အဖွဲ့အစည်းက တရားစွဲဆိုလိုက်တာဖြစ်တယ်လို့ NLD အစိုးရလက်ထက် တနင်္သာရီတိုင်းအစိုးရအဖွဲ့ စီမံဘဏ္ဍာဝန်ကြီးဖြစ်သူ ဒေါ်ရီရီချိုက VOA ကို ပြောပါတယ်။

" တရားစွဲလိုက်တဲ့ ရက်ကတော့ ၂၂ ရက် မတိုင်ခင်နေ့မှာ ၅၀၅ ခ နဲ့ တရားစွဲတယ်လို့ သိလိုက်ရတယ်။ ကျမတို့ သိထားသလောက် သူက ၊ အရပ်သားအစိုးရ အာဏာ ပြန်မရခင်မှာ ဝန်ထမ်းတွေကို အားလပ်ရက်အဖြစ် ခွင့်ပြုတယ်ဆိုတဲ့စာကို ဝန်ကြီးချုပ်တယောက်အနေနဲ့ ထုတ်တာမို့လို့ ပေ့ါနော်။ အဲဒါကြောင့် သူ့ကို တရားစွဲတယ်လို့ ကျမက အဲဒီလို နားလည်လိုက်တယ်။"

ကိုဉာဏ်ဝင်းအောင် ။ ။ အခုဆိုရင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH)ကို ဗဟိုအဆင့်မှာ ဖွဲ့ထားသလို၊ တချို့ဒေသတွေမှာဆိုရင်လည်း တိုင်းနဲ့ပြည်နယ်အလိုက် CRPH အခွဲတွေ ဖွဲ့ထားတာ တွေ့ရတော့ တနင်္သာရီတိုင်းလွှတ်တော်မှာရော CRPH ကို ဖွဲ့စည်းထားပါသလား ။

ဒေါ်ရီရီချို ။ ။ ဟုတ်ကဲ့ ကျမတို့လည်း တနင်္သာရီတိုင်းလွှတ်တော်ရဲ့ ကိုယ်စားပြုကော်မတီ CRPH ကို ဖွဲ့ထားပြီးပါပြီ ။ ကျမတို့ကတော့ အဓိက ဒီ CRPH နဲ့ ချိတ်ဆက်ထားပြီးတော့ သူတို့က ထုတ်ပြန်လိုက်တဲ့ ညွှန်ကြားချက်တွေ အားလုံးကို ကျမတို့ တိုင်းCRPH ကလည်း စာပြန်ထုတ်ပြီးတော့ သူ့ရဲ့လုပ်ငန်းစဉ်တွေအတိုင်း အားလုံးကို ပူးပေါင်း လုပ်ဆောင်နေပါတယ်။

ကိုဉာဏ်ဝင်းအောင် ။ ။ CRPH ကော်မတီရဲ့ မကြာသေးခင်က ညွှန်ကြားချက် တခုထဲမှာ ကြားကာလ အုပ်ချုပ်ရေးအဖွဲ့ တွေကို ရပ်ကျေးတွေမှာ ဖွဲ့စည်းကြဖို့ ညွှန်ကြားထားတာ တွေ့ရပါတယ်။ တနင်္သာရီတိုင်းမှာရော အဲဒီလို စဖွဲ့ နေပါပြီလား ။

ဒေါ်ရီရီချို ။ ။ " ဟုတ်ကဲ့ တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီ အနေနဲ့လည်း ဒီညွှန်ကြားချက်ကို ထုတ်ထားပြီးပါပြီ။ ထုတ်ထားတော့ အဲဒီထဲမှာပါတဲ့ အချက်အလက်အတိုင်း ၊ ပြည်သူ့အုပ်ချုပ်ရေး ဆိုတော့ကာ ပြည်သူက တကယ့်ကို အားကိုးလက်ခံတဲ့ သူတွေရယ်၊ ရပ်မိရပ်ဖတွေရယ် ၁၁ ယောက်ပါဝင်တဲ့အဖွဲ့ တွေကို တနင်္သာရီတိုင်း လွှတ်တော်က စာမထုတ်ခင်ကတည်းက အဲဒီကိစ္စမှာ တက်ကြွနေတာကို ကျမတို့သိရပါတော့ ခုဆိုရင် ဖွဲ့စည်းနေကြပြီလို့ ယုံကြည်ပါတယ်။"

ကိုဉာဏ်ဝင်းအောင် ။ ။ အာဏာသိမ်းယူထားတဲ့ အုပ်ချုပ်သူတွေဟာ အခုဆိုရင် CDM လှုပ်ရှားမှုကို လိုက်ပြီး နှိမ်နင်းနေတာတွေ့ နေ ရပါတယ်။ တနင်္သာရီတိုင်းမှာ CDM လှုပ်ရှားမှု အခြေအနေ ဘယ်လိုရှိပါသလဲ။

ဒေါ်ရီရီချို ။ ။ " အားလုံးသိတဲ့အတိုင်းပဲ ဥပမာ ဆောက်လုပ်ရေးတို့ဘာတို့ဆိုရင် တနိုင်ငံလုံး CDM လုပ်နေကြတယ်။ ဆေးလောကနဲ့ပတ်သက်ရင် ဆရာဝန်တွေ ကျန်းမာရေးဝန်ထမ်းတွေရော ၊ ပြီးတော့ ဆရာဆရာမ တွေပေါ့ ပညာရေးဝန်ထမ်းတွေလည်း လုပ်နေကြတယ်။ နောက်ပြီး စည်ပင်ဝန်ထမ်းတွေဆိုလည်း အားလုံးလိုလို လုပ်ပါတယ်။ ထွေအုပ်ဌာနကျတော့လည်း ရပ်ကျေးနဲ့ စာရေးအဆင့်လောက်ပဲ CDM လုပ်တာတွေ့ရတယ်။ တိုင်းအဆင့် ခရိုင်အဆင့်တွေ ကျန်နေပါသေးတယ်။ ခြုံကြည့်ရင် တနင်္သာရီတိုင်းမှာ အနည်းဆုံး ၆၀% လောက် CDM လုပ်နေကြတယ်လို့ ပြောလို့ ရပါတယ်။ ပြည်သူလူထုရဲ့ ဒီမိုကရေစီ ရလိုမှု ၊ သူတို့ရဲ့ လွတ်လပ်ခွင့် ရလိုမှုတွေဟာ အလွန်ပဲ ပြင်းထန်လွန်းတဲ့အတွက် ပြည်သူ့ဆန္ဒ ပြည့်ဝလာမယ်လိုပ ကျမ အပြည့်အဝ ယုံကြည်ပါတယ်။"

NLD အရပ်သားအစိုးရလက်ထက် တနင်္သာရီတိုင်းအစိုးရအဖွဲ့ဝင် ဆောက်လုပ်ရေးနဲ့ လျှပ်စစ်ဝန်ကြီးကိုရော ၊ စိုက်ပျိုးမွေးမြူရေး ဝန်ကြီးကိုပါ စစ်တပ်ရဲ့ အာဏာသိမ်းကောင်စီက (၅၀၅- ခ)နဲ့ တရားစွဲထားပြီး ၊ ဖမ်းဝရမ်းထုတ်ထားတဲ့အတွက် ရှောင်တိမ်းနေကြကြောင်း သိရပါတယ်။

တနင်္သာရီတိုင်းအတွင်းမှာ အဓိကအားဖြင့် အစိုးရရုံးအဖွဲ့ရှိရာ ထားဝယ်မြို့အပါဝင် မြိတ်မြို့နဲ့ အခြားမြို့တွေမှာပါ ကလေးကနေ သက်ကြီးရွယ်အိုအထိ နေ့စဉ်ရက်ဆက် ပြည်သူတွေ လမ်းပေါ်ထွက် ဆန္ဒပြနေကြပြီး ၊ CRPH က ခန့်အပ်လိုက်တဲ့ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်နဲ့ နိုင်ငံတကာ ဆက်ဆံရေးကိုယ်စားလှယ်တို့ကို ထောက်ခံကြောင်း ၊ ဆန္ဒထုတ်ဖေါ် နေတာတွေကို လူမှုကွန်ယက် သတင်းတွေမှာ တွေ့နေရပါတယ်။


ကိုဉာဏ်ဝင်းအောင်/ VOA Burmese

https://burmese.voanews.com/a/tanintharyi-region-chief-/5793095.html

တနင်္သာရီ ဝန်ကြီးချုပ်ကို ပုဒ်မ (၅၀၅-ခ) နဲ့ တရားစွဲ တနင်္သာရီ ဝန်ကြီးချုပ်ကို ပုဒ်မ (၅၀၅-ခ) နဲ့ တရားစွဲ Reviewed by THITHTOOLWIN on 09:14 Rating: 5

No comments:

Powered by Blogger.