တာမွေမှာ ရဲအင်အားအလုံးအရင်းနဲ့ နှိမ်နင်း

 

ရန်ကုန်မြို့ရှိ လမ်းတခုပေါ်မှာ တွေ့ရတဲ့ ဒိုင်းများကိုင်ဆောင်ထားတဲ့ ရဲတပ်ဖွဲ့ဝင်များ။ (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁)

ဒီကနေ့ညဦးပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ မအူကုန်းရပ်ကွက်မှာ စစ်တပ်ကဖွဲ့စည်းထားတဲ့ အုပ်ချုပ်ရေးကောင်စီက ခန့်ထားတဲ့ ရပ်ကွက်အုပ်ချပ်ရေးမှူးကို ရပ်ကွက်နေလူထုက ဝိုင်းပြီး ကန့်ကွက်နေချိန် ရဲအင်အား အလုံးအရင်းနဲ့ ရောက်လာခဲ့ပါတယ်။ ရပ်ကွက်နေလူထုက ကန့်ကွက်ကြွေးကျော်သံတွေ အော်ဟစ်ကြတဲ့အချိန်မှာ ရဲတွေက လူအုပ်ထဲ အတင်း ဝင်ရိုက်နှက်ပြီးတော့ သေနတ်နဲ့လည်း ပစ်ခတ်တာကို အခင်းဖြစ်တဲ့နေရာကနေ Facebook မှာ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဗီဒီယိုတွေမှာ တွေ့ရပါတယ်။ သေနတ်ပစ်ခတ်သံ ၁၀ ချက်ထက်မနည်းကို ဗွီအိုအေက လက်ခံရရှိတဲ့ ဗီဒီယိုထဲမှာ ကြားရပါတယ်။

ရန်ကုန်မြို့ရှိ ရပ်ကွက်တခုရဲ့ လမ်းပေါ်မှာ တွေ့ရတဲ့ ပြည်သူလူထု။ (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁)

နောက်ထပ် ရဲအင်အားအလုံးအရင်း စစ်ကားတွေနဲ့ ထပ်ရောက်လာတယ်လို့ မျက်မြင်တွေ့သူတွေက ဗွီအိုအေကို ပြောပါတယ်။ အဲဒီအချိန်မှာ ရပ်ကွက်နေလူထုကလည်း သံပုံးတွေတီးပြီးတော့ ကန့်ကွက်ကြောင်း ပြသကြပါတယ်။

ည ၇ နာရီကျော် ပတ်ဝန်းကျင်မှာ ရဲအင်အားအများအပြားဟာ မအူကုန်းရပ်ကွက်တွင်းက လမ်းတွေထဲကို ဒိုင်းတွေကိုင်ပြီး ရင်ဘောင်တန်း ဝင်ရောက်တာကို တိုက်ရိုက်လွှင့်တဲ့ ဗီဒီယိုတွေမှာတွေ့ရပါတယ်။ ရှေ့ဆုံးမှာတော့ သေနတ်ကိုင်ရဲ ၃ ဦးထက်မနည်းကိုလည်း တွေ့ရပါတယ်။ ရပ်ကွက်နေလူထု သံပုံးတီးရင်ပစ်မယ်လို့ ရဲအကြီးအကဲကပြောတဲ့အကြောင်း အဲဒီနေရာကနေ တိုက်ရိုက်ထုတ်လွှင့်နေတဲ့ သတင်းထောက်တဦးကပြောတာကြားရပါတယ်။ နောက်ပိုင်းမှာတော့ ရဲတွေက လမ်းလယ်ခေါင်မှာ ရပ်တန့်နေရာယူထားတာကို တွေ့ရပါတယ်။

ဖမ်းဆီးခံရတဲ့သူ ၁၅ ယောက်ထက်မနည်းရှိတယ်လို့ ရပ်ကွက်သူတဦးက ဗွီအိုအေကို ပြောပါတယ်။

"လုံးဝတရားမျှတမှု မရှိဘူးပေါ့နော်။ ကျမတို့ လိုချင်တဲ့ ဒီမိုကရေစီနဲ့ ကျမတို့ လိုချင်တဲ့ ပြည်သူ့ရဲဆိုတာ ဒါမျိုးမဟုတ်ဘူးနော်။ ပြည်သူ့ရဲတွေကို ကျမမေးချင်တဲ့ မေးခွန်းတခုက သူတို့ ဘာတွေကို မျှော်လင့်ပြီးတော့ ပြည်သူလူထုဘက်မှာ မရပ်တည်နိုင်တာလဲဆိုတာလေး တခုပါ။"

ဒီကနေ့ည ၈ နာရီမှာတော့ ခါတိုင်းရက်တွေလိုပဲ ရပ်ကွက်လူထုက သံပုံးတီးကြပြီး ပိုပြီး ကျယ်လောင်တယ်လို့ ရပ်ကွက်နေသူတစ်ဦးက ဗွီအိုအေကိုပြောပါတယ်။


 ရန်နိုင်/ VOA Burmese

https://burmese.voanews.com/a/tamwe-myanmar-military-coup/5792407.html

တာမွေမှာ ရဲအင်အားအလုံးအရင်းနဲ့ နှိမ်နင်း တာမွေမှာ ရဲအင်အားအလုံးအရင်းနဲ့ နှိမ်နင်း Reviewed by THITHTOOLWIN on 23:47 Rating: 5

No comments:

Powered by Blogger.