စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားဖို့ ၈၈ မျိုးဆက် တိုက်တွန်း

 စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားဖို့ ၈၈ မျိုးဆက် တိုက်တွန်း

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး အကြမ်းမဖက်တဲ့လှုပ်ရှားမှု ၂၀၂၁ ခေါင်းစဉ်နဲ့ ပြည်သူ၊ အစိုးရဝန်ထမ်းတွေ အပါအဝင် အားလုံးပါဝင်လှုပ်ရှားဖို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ခေါင်းဆောင်တွေ က တိုက်တွန်းလိုက်ပါတယ်။

တပ်မတော်က အာဏာသိမ်းထားတာကို သန်းပေါင်းများစွာသော ပြည်သူတွေက ဆန့်ကျင်နေတယ်ဆိုတာကို ပြသဖို့လိုတယ်လို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုမင်းကိုနိုင်က မနေ့ညက လူမှုကွန်ရက် စာမျက်နှာကနေတစ်ဆင့် ရုပ်သံဖိုင်နဲ့ တိုက်တွန်းထားပါတယ်။

"ကျနော်ပြောချင်တာက ကိုယ်ဘက်က ဘာလုပ်ကြမှာလည်း၊ သေချာကြည့်မယ်ဆိုရင် နမူနာကြည့် လိုက်ပါ၊ ဆရာဝန်တွေ ဆေးဝန်ထမ်းတွေ သူတို့စုပေါင်းဓာတ်ပုံရိုက်ပြီးတော့ သူတို့ရဲ့ သပိတ်တွေကို ရဲရဲရင့်ရင့်တော်လှန်ပြီးပြနေတယ်၊ အဲတာတွေအားလုံးက နောက်ဆုတ်သွားမှာမဟုတ်ဘူး၊ ဌာနပေါင်းစုံ ကလည်း သမိုင်းတစ်ကွေ့မှာ သူတို့တန်ဖိုး၊ မှတ်တမ်းဝင်ဖို့ ကြိုးစားကြတာမှာပဲ၊ တာဆူနေကြပြီ၊ ဒီလို အချိန်မှာ အဲဝန်ထမ်းတွေကို ဖိနှိပ်ချင်တဲ့ အရာရှိကြီးစသဖြင်ပေါ့ ရာထူးကြီးတဲ့ လူတွေရှိတယ်၊ သူတို့ အကြောင်းကိုလည်း စဖော်ထုတ်နေကြပြီ၊ ဒါတော်တော် အရေးကြီးတယ်ဗျ၊ မတရားသဖြင့် စစ်အာဏာ သိမ်းတဲ့ဟာကြီးကို လူက ဘယ်လောက်ထောက်ခံသလည်း၊ တကယ်ဆန့်ကျင်နေတာက သန်းပေါင်း ဘယ်လောက်လည်းဆိုတာကို ကျနော်တို့ ပြကြရမယ်၊ ဝန်ထမ်းတွေရဲ့ အထွေထွေ သပိတ်ကြီးကို ဦးတည်နေတယ်၊ လက်နက်ပြောင်းဝက ဘယ်ဘက်ကို လှည့်မယ်ဆိုတာ လူတိုင်းသိတယ်၊ ကျနော်တို့ ဘယ်သူအားကိုးရမလည်း၊ ပြည်သူအချင်းချင်းဘဲ အားကိုးရမှာ အထူးသဖြင့် သပိတ်မှောက်တဲ့ ဝန်ထမ်းတွေကို လုံခြုံဖို့အတွက်ကော စားဝတ်နေရေးအတွက်ကော ဝိုင်းပြီးစောင့်ရှောက်ပေးရမယ်၊ ခုခံတွန်းလှန်တယ်ဆိုတာက သဏ္ဍန်မျိုးစုံနဲ့ ပေါ်လာမှာပဲ"

လက်ရှိ နိုင်ငံတော်အတိုင်ပင်ခံ အပါအဝင် နိုင်ငံတော်သမ္မတကိုပါ တပ်မတော်က လက်နက်အားကိုးနဲ့ တရားစွဲတာတွေ လုပ်နေပြီး ဒါဟာ ပြည်သူတွေအနေနဲ့ မလုံခြုံဘူး၊ အာမခံချက် မရှိဘူးဆိုတာ ပြသနေပြီး ဘယ်သူကိုမဆို အကြောင်းရှာပြီး တရားစွဲနိုင်တယ်ဆိုတာကို ပြသနေတယ်လို့လည်း ကိုမင်းကိုနိုင်က ပြောပါတယ်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ကိုဂျင်မီကလည်း ၂၀၂၁ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက် လှုပ်ရှားမှုအနေနဲ့ ဝန်ထမ်းပေါင်းစုံပါတဲ့ သပိတ်ကို ပြည်သူလူထုကလည်း ထောက်ခံပေးဖို့ ပြောဆိုလိုက်ပါတယ်။

"ခေါင်းစဉ်ကတော့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားမှု ၂၀၂၁ ဖြစ်ပါတယ်၊ သပိတ် မှောက် အလုပ်ထွက်လာတဲ့သူတွေကို ရပ်ကွက်အလိုက် လမ်းအလိုက် ပြည်သူများက ကူညီစောင့်ရှောက် ကြရန်၊ မိမိမြို့နယ်အတွင်း အကြမ်းမဖက်တဲ့ လှုပ်ရှားမှုမှန်သမျှကို ဆောင်ရွက်ရန်၊ မြို့နယ်အလိုက်ဆောင် ရွက်လာမယ့် ကျောင်းသားသမဂ္ဂတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ လှုပ်ရှားမှုမှန်သမျှကို ပြည်သူလူထုတစ်ရပ်လုံးက ထောက်ခံအားပေးဖို့ပဲ ဖြစ်ပါတယ်၊ ဒါက သိပ်ကိုအရေး ကြီးပါတယ်။"

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် ဖမ်းဆီး ထားတဲ့သူတွေကို ချက်ခြင်းလွှတ်ပေးဖို့နဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အကောင်အထည်ဖော်ရေးကိုလည်း တောင်းဆိုထားပါတယ်။

လူငယ်မျိုးဆက် ကျောင်းသားတွေကလည်း ကျောင်းသားခေါင်းဆောင်ဟောင်းတွေနဲ့ ချိတ်ဆက်နေပြီး အကြမ်းမဖက်တဲ့ လူထုလှုပ်ရှားမှုတွေကို ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ (တက္ကသိုလ်ကျောင်းသား သမဂ္ဂ)အဖွဲ့က ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ကိုနန်းလင်းက ပြောပါတယ်။

၈၈ မျိုးဆက် ကျောင်းဆက်ကျောင်းသားခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှုအောက်မှာ မကွေးတိုင်းက ပြည်သူတွေက ပါဝင်ဖို့အသင့်ရှိတယ်လို့လည်း မကွေးတိုင်း NLD လူငယ်ဟောင်း ကိုနေမျိုးကျော် က ပြောပါတယ်။

မကွေးတိုင်းကပြည်သူတွေအနေနဲ့ တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ညစဉ်ပြု လုပ်နေတဲ့ သံပုန်းတီးလှုပ်ရှားမှုမှာလည်း ပါဝင်လုပ်ဆောင်ကြပြီး နောက်ထပ် အကြမ်းမဖက် လှုပ်ရှားမှုတွေမှာလည်း ပါဝင်ဖို့အဆင့်သင့်ရှိတယ်လို့ ကိုနေမျိုးကျော်က ပြောပါတယ်။

တပ်မတော်က အာဏာသိမ်းပြီးနောက်ပိုင်း ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထင်ရှားတဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှား သူတွေကို ဖမ်းဆီးတာတွေရှိခဲ့ပြီး တချို့လည်း စောင့်ကြည့်ခံရတာတွေရှိနေကြောင်း မန္တလေးမြို့က လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မစုချစ်က ပြောပါတယ်။

“ အခုဆိုရင် ကျွန်မတို့ရဲ့ အကိုတွေ၊ အမတွေ ဖမ်းဆီးခံနေရတာကို ဖမ်းနေတာကို တွေ့နေရတယ်၊ နောက်ထပ်လည်း အဖမ်းအဆီးတွေက ဆက်ရှိနိုင်ပါတယ်၊ ၁ ရက်နေ့ အာဏာစသိမ်းလိုက်တဲ့နေ့ကစပြီး တစ်မျိုးပြီး တစ်မျိုး အမိန့်တွေ ညွှန်ကြားချက်တွေထုတ်တယ်၊ ပြီးရင် နာမည်ကျော်ကြားတဲ့ အရပ်ဖက် အဖွဲ့အစည်းကသူတွေ၊ နိုင်ငံရေးနယ်ပယ်ကသူတွေကို ဖမ်းတာတွေရှိတယ်၊ မဖမ်းရင်တောင် သူတို့ရဲ့ အိမ်အနီးအနားမှာ သိသာအောင်တစ်မျိုး၊ မသိသာအောင်တစ်မျိုး စောင့်ကြည့်တာတွေ ရှိနေပါတယ်”

ဒီနေ့မနက်ကလည်း အာဏာသိမ်း စစ်အစိုးရကို အလိုမရှိကြောင်း မန္တလေးမြို့ လမ်း ၃၀ မှာရှိတဲ့ မန္တလေး ဆေးတက္ကသိုလ်ရှေ့မှာ လူငယ် ၂၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။

လူထုခေါင်းဆောင်အပါအဝင် နိုင်ငံခေါင်းဆောင်တွေကို ဖမ်းဆီးထားတာ လုံးဝ မကျေနပ်တဲ့အကြောင်း၊ ဒီလိုလှုပ်ရှားမှုတွေ ဆက်တိုက်လုပ်သွားမယ့်အကြောင်းနဲ့ အာဏာရှင်စနစ်ကို တွန်းလှန်ကြဖို့ ဆန္ဒပြသူတွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့ NLD အစိုးရခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီးပြီး အာဏာသိမ်းယူလိုက်ပြီး နောက်ပိုင်းမှာ ဒါဟာ မြန်မာနိုင်ငံတွင်းမှာ ပထမဆုံး လမ်းပေါ်ထွက်ပြီး ကန့်ကွက်ဆန္ဒပြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူတွေထဲမှာ ဆရာဝန်တချို့နဲ့ ဗကသ ကျောင်းသားဟောင်းတွေ ပါဝင်ပြီး ၁၅ မိနစ်နီးပါး ကြွေးကြော် ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီနောက် ဆန္ဒပြသူတွေ လူစုခွဲပြီး ထွက်ခွာသွားချိန်မှာ အရပ်ဝတ် ဝတ်ထားသူတချို့က လိုက်လံဖမ်းဆီးခဲ့ပါတယ်။

လတ်တလောမှာ ဆန္ဒပြသူတွေထဲက ကိုဥက္ကာမင်း (နိုင်ငံခြားဘာသာ တက္ကသိုလ်၊ မန္တလေး)၊ ကိုမင်းညီညီ ကွန်း (ရတနာပုံတက္ကသိုလ်) ကိုရဲဝင်းထွန်းနဲ့ ကိုပြည့်စုံအောင် စတဲ့ တက္ကသိုလ်ကျောင်းသားလေးဦး ဖမ်းဆီးခံလိုက်ရတယ်လို့ Tayzar San ဆိုတဲ့ လူမှုဆက်သွယ်ရေး စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ကျန်တဲ့ဆန္ဒပြသူတွေကို နေအိမ်တွေမှာ လိုက်လံဖမ်းဆီးနေတယ်လို့လည်း သတင်းတွေ ထွက်နေပါတယ်။

တပ်မတော် အာဏာသိမ်းတာကို ကန့်ကွက်တာတွေရှိသလို ထောက်ခံသူတွေကလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြို့မှာ လှည့်လည်ဆန္ဒပြတာတွေရှိခဲ့ပါတယ်။ အဲဒီ တပ်မတော် ထောက်ခံဆန္ဒပြသူတွေကို အရေး မယူဘဲ ကန့်ကွက်သူတွေကိုသာ အရေးယူနေတာကို ဝေဖန်ပြောဆိုတာတွေလည်း ရှိနေပါတယ်။

လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ Fortify Right အဖွဲ့က နစ်ကီဒိုင်းမွန်းက ပြည်သူတွေအနေနဲ့ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်ရှိပြီး အရေးယူတာကို ကန့်ကွက်ကြောင်း ပြောပါတယ်။

“ စစ်အာဏာသိမ်းထားတာကို ကန့်ကွက်တာက လူ့အခွင့်အရေးအရ ပြောရမယ်ဆိုရင် ကန့်ကွက်ပိုင် ခွင့်ရှိပါတယ်။ အရေးယူလို့မရဘူး။ အရေးယူတာကိုက တရားဥပဒေမဲ့ လုပ်ရပ်ဖြစ်တယ်၊ လူ့အခွင့်အရေး အဖွဲ့အနေနဲ့ ကန့်ကွက်ရှုတ်ချတယ်၊ ရန်ကုန်မှာ ထောက်ခံ ဆန္ဒပြတဲ့သူတွေကိုတော့ အရေးယူမှုမရှိဘဲနဲ့ လျစ်လျှူရှုထားတယ်၊ တကယ်တမ်း စစ်အာဏာသိမ်းတယ်ဆိုတာ တရားဥပဒေကြောင်းအရ တရားဝင် ခြင်းမရှိဘဲ ထောက်ခံတဲ့သူတွေက နိုင်ငံတော်ပုန်ကန်မှုကို အားပေးကူညီရာရောက်တယ်လို့ ဒီလိုပဲ ရှုမြင်သုံးသပ်ပါတယ်”

ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဝေဖန်ကန့်ကွက်တာတွေ၊ ညစဉ် ညတိုင်း သံပုန်းတီးလှုပ်ရှားတာတွေ အပါအဝင် အကြမ်းမဖက်တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှား မှုတွေ မြို့တိုင်းလိုလိုမှာ လုပ်နေကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/88-generation-urges-non-violent-movement-against-military-coup-02042021080504.html

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားဖို့ ၈၈ မျိုးဆက် တိုက်တွန်း  စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး အကြမ်းမဖက်လှုပ်ရှားဖို့ ၈၈ မျိုးဆက် တိုက်တွန်း Reviewed by THITHTOOLWIN on 00:39 Rating: 5

No comments:

Powered by Blogger.