အာဏာသိမ်းစစ်တပ်ပေါ် ပစ်မှတ်ထား အရေးယူဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ထပ်မံတောင်းဆို

နေပြည်တော်ရှိ လမ်းတခုမှာ လုံခြုံရေးယူနေတဲ့ မြန်မာစစ်တပ်။ (ဖေဖော်ဝါရီ ၁၇၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လူထု ဆန္ဒပြပွဲတွေ အရှိန် ကောင်းနေချိန်မှာပဲ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ထိထိရောက်ရောက် ချမှတ် ဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က ထပ်မံ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

“အခုချိန်မှာ အရေးကြီးဆုံးက နိုင်ငံတကာ အသိုင်းအဝိုင်းတခုလုံးအနေနဲ့ မြန်မာစစ်တပ်ကို သံတမန်ရေးအရ၊ စီးပွားရေးအရ ထိရောက်တဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေကို အာရုံစိုက် လုပ်ဆောင်ရမှာဖြစ်တယ်။” လို့ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews ပြောသွားတာပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေ ချမှတ်နိုင်ရင်တော့ အကောင်းဆုံးပဲလို့လည်း သူကပြောပါတယ်။ ဒါပေမဲ့ ဒီလို မဖြစ်လာရင်တောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တခြား ထိရောက်တဲ့နည်းလမ်းတွေနဲ့ မြန်မာစစ်တပ်ကို ပစ်မှတ်ထား ဖိအားပေးတာတွေ လုပ်နိုင်ပါသေးတယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံကို ဖိအားပေးတဲ့နေရာမှာ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အင်မတန်ကို အရေးကြီးတယ် ဆိုတာကိုလည်း သူက အလေးပေး ပြောပါတယ်။ တရုတ်ဟာ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုတွေနဲ့ ကုန်သွယ်ရေးမှာ အဓိကကျတာမို့ မြန်မာစစ်တပ်ကို နောက်ကွယ်ကနေ ဖိအားပေးနိုင်မယ်ဆိုရင် အင်မတန်ထိရောက်နိုင်တယ်လို့ မစ္စတာ Andrews ကပြောပါတယ်။

မြန်မာနိုင်ငံတဝန်း စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်တဲ့ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေ ပိုပြီး အားကောင်းလာတာနဲ့အမျှ အာဏာပိုင်တွေဘက်က အင်အားသုံး ဖိနှိပ် နှိမ်နင်းမှုတွေ ဖြစ်လာမှာကို စိုးရိမ်တယ်လို့လည်း အထူးသံတမန်က ပြောပါတယ်။ ဒီလိုအချိန်မှာ သွေးထွက်သံယိုမှုတွေ မဖြစ်ဘဲ မြန်မာစစ်တပ်ကို သူတို့ လုပ်ရပ်တွေ ပြင်ပြီး အရပ်သားအစိုးရကို အာဏာပြန်လွှဲပေးလာအောင် ဖိအားပေးနိုင်တဲ့ အခြေအနေတွေ၊ အခွင့်အလမ်းတွေ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ရှိနေပါတယ်လို့လည်း မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews က တိုက်တွန်းပြောကြားခဲ့ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/myanmar-military-coup-tom-andrews/5783231.html

အာဏာသိမ်းစစ်တပ်ပေါ် ပစ်မှတ်ထား အရေးယူဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ထပ်မံတောင်းဆို အာဏာသိမ်းစစ်တပ်ပေါ် ပစ်မှတ်ထား အရေးယူဖို့ လူ့အခွင့်အရေးကိုယ်စားလှယ် ထပ်မံတောင်းဆို Reviewed by THITHTOOLWIN on 02:38 Rating: 5

No comments:

Powered by Blogger.