မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးကောက်ထားတဲ့ အရပ်သားအစိုးရအဖွဲ့ကို ဖယ်ရှားပြီး စစ်တပ်က အာဏာရယူလိုက်တဲ့အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ တုံ့ပြန်မှုတွေ မတူညီတာတွေရှိပါတယ်။ အမေရိကန်အပါအဝင် အနောက်နိုင်ငံအများစုက ပြင်းပြင်းထန်ထန်ဝေဖန်ပေမဲ့ တရုတ်၊ ဂျပန် စတဲ့ အာရှနိုင်ငံတွေကတော့ သတိနဲ့ ချဉ်းကပ်တုံ့ပြန်နေကြပါတယ်။ နန်းလောင်ဝ်က တင်ပြထားပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နဲ့ လူတချို့ကို စစ်တပ်က ဖမ်းဆီးပြီး အရေးပေါ်အခြေအနေ ထုတ်ပြန်လိုက်တဲ့ဖြစ်ရပ်ကို အာဏာသိမ်းမှုအဖြစ် နိုင်ငံအတော်များများက အတိအလင်း ကြေငြာခဲ့ပေမဲ့ ပြည်တွင်းရေး ဝင်မစွက်တဲ့မူ လက်ကိုင်ထားတဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံကတော့ သူ့အကျိုးစီးပွါးအရ လိမ္မာပါးနပ်စွာ ချဉ်းကပ်နေတယ်ဆိုပြီး ဝေဖန်သံတွေ ထွက်လာခဲ့ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနကပြောခွင့်ရသူ Wang Wenbin က မြန်မာနိုင်ငံရေးနဲ့ပတ်သက်လို့ တရုတ်တို့ရဲ့ရပ်တည်ချက်ကို ဖေဖော်ဝါရီလ ၃ အခုလို ခုခံပြောဆိုပါတယ်။
“မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအပေါ် အဲဒီလို ထင်မြင်ယူဆနေကြတာ မမှန်ပါဘူး။ မြန်မာနိုင်ငံတွင်း မတူကွဲပြားမှုတွေကို သင့်တော်တဲ့ နည်းလမ်းတွေနဲ့ ဘက်ပေါင်းစုံ ပါဝင်ဖြေရှင်းပြီး နိုင်ငံရေးအရရော လူမှုရေးအရပါ တည်ငြိမ်နေတာကိုပဲ ရင်းနှီးတဲ့ အိမ်နီးချင်းနိုင်ငံတခုအနေနဲ့တွေ့ မြင်ချင်ပါတယ်။”
မြန်မာ့ဒီမိုကရေစီရေးကို အားပေးထောက်ခံနေတဲ့ အမေရိကန်ပြည်ထောင်စုကတော့ ဖေဖော်ဝါရီလ ၁ ရက်နေ့က အရပ်သားအစိုးရကို ဖယ်ရှားခဲ့တဲ့လုပ်ရပ်ကို စစ်အာဏာသိမ်းမှုအဖြစ် နောက်တနေ့မှာပဲ ကြေငြာခဲ့တာပါ။ စစ်ဘက်ထိပ်တန်းခေါင်းဆောင်တွေ တချို့အပေါ် အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ရှိတယ်လို့ အမေရိကန်အစိုးရကပြောပေမဲ့ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှုအကူအညီတွေကို ဆက်ပေးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန် Tom Andrews ကလည်း မြန်မာ စစ်ဗိုလ်ချုပ်တွေရဲ့ လုပ်ရပ်ဟာ သိပ်ကို ဆိုးဝါးရဲတင်းတဲ့လုပ်ရပ်ဖြစ်ပြီး နိုင်ငံထဲမှာ အခြေခံအခွင့်အရေး တိုးတက်အောင်လုပ်ထားသမျှ ပြန်ဆုတ်ယုတ်အောင်လုပ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ VOA ကို ပြောကြားပါတယ်။ လက်ရှိမြန်မာနိုင်ငံထဲမှာ ရှိနေသူအားလုံးအတွက် သူစိုးရိမ်နေကြောင်းကို ကုလသမဂ္ဂဆိုင်ရာ VOA သတင်းထောက် Margaret Besheer နဲ့ မေးမြန်းခန်းမှာ ခုလို ပြောကြားခဲ့ပါတယ်။
"လူ့အခွင့်အရေး တိုးတက်အောင် ထုတ်ဖော်ပြောနေကြသူတွေ၊ စည်းရုံးဆောင်ရွက်နေသူတွေအပါအဝင် လူအများကြီးအတွက် ကျနော် သိပ်စိုးရိမ်ပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ၆၀၀,၀၀၀ ကျော်ကနေ တခြား လူနည်းစု တိုင်းရင်းသားတွေအထိ မြန်မာတနိုင်ငံလုံးက အကာအကွယ်မဲ့နေသူတွေအတွက် ကျနော် စိုးရိမ်ပါတယ်။ လက်ရှိအခြေအနေက သိပ်ကို အလေးအနက်ထားရမဲ့ အခြေအနေဖြစ်ပါတယ်။ အခုဖြစ်နေတာက ဘာဖြစ်တယ်။ မဖြစ်ဘူးဆိုတာ ရှင်းရှင်းပဲပြောပါရစေ။ ဒါဟာ ပြည်သူအားလုံးကို စော်ကားလိုက်တာဖြစ်ပါတယ်။ သိပ်ကို ရှက်စရာ စိတ်ပျက်စရာလုပ်ရပ်ဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်း တခုလုံးက တိုက်ရိုက်၊ အင်တိုက်အားတိုက်နဲ့ တာဝန်ရှိစွာ တုံ့ပြန်သင့်ပါတယ်။"
မြန်မာ့အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကလည်း အင်္ဂါနေ့မှာ တံခါးပိတ်ဆွေးနွေးပွဲ တရပ်ကျင်းပခဲ့ပါတယ်။ ကုလသမဂ္ဂဆိုင်ရာဗြိတိန်သံအမတ် Barbara Woodward ကလည်း ဒီမိုကရေစီနည်းကျရွေးချယ်ထားတဲ့ အရပ်သားအစိုးရကို ဖယ်ရှားလိုက်တဲ့လုပ်ရပ်ကို ဗြိတိန်နိုင်ငံအနေနဲ့ ရှုတ်ချပြီး ဖမ်းဆီးထားသူတွေကို ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာပါ။
"ဒီကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အတော်စိုးရိမ်နေကြပါတယ်။ ဒီကနေ့ကျင်းပတဲ့ အစည်းအဝေးမှာ အဲဒီစိုးရိမ်ချက်တွေကို ကျမကြားခဲ့ရပါတယ်။ ဒီအကြပ်အတည်းကို ဖြေရှင်းတဲ့နေရာမှာ အာဆီယံအဖွဲ့အပါအဝင် ဒေသတွင်း မိတ်ဖက်နိုင်ငံတွေကို ကြိုဆိုပါတယ်။ နောက်ထပ်ဘာဆက်လုပ်မလဲဆိုတာ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေ ဆက်ပြီးဆွေးနွေးကြမှာပါ။ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်အားလုံး တညီတညွှတ်ထဲသဘောတူတဲ့ အသံတခု ထွက်လာနိုင်မယ်လို့ မေ ျှာ်လင့်ထားပါတယ်။ တိုးတက်မှုတွေကို ကျမတို့ အသိပေးသွားမှာပါ။”
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်အပါအဝင် ထိန်းသိမ်းခံထားရသူတွေအတွက် စိုးရိမ်ကြောင်း ကမ္ဘာ့စီးပွားရေးအင်အားကြီး ၇ နိုင်ငံ G-7 က ကြေငြာချက်ထုတ်ပြန်ပါတယ်။ မြန်မာစစ်တပ်ရဲ့အာဏာသိမ်းမှုကိုလည်း ကြေငြာချက်မှာရှုတ်ချထားတာပါ။ G-7 အဖွဲ့ဝင်နိုင်ငံတွေက ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်ပြည်ထေင်စုနဲ့ ဥရောပသမဂ္ဂ EU တို့ ဖြစ်ပြီး စစ်အာဏာသိမ်းမှုကို တညီတညွှတ်ထဲ ကန့်ကွက်လိုက်ကြတာလည်းဖြစ်သလို စစ်တပ်က အရေးပေါ်အခြေအနေကြေငြာထားတာကို ချက်ချင်း ရုပ်သိမ်းဖို့နဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြောက်ထားတဲ့ အစိုးရကို အာဏာပြန်အပ်နှင်းပြီး မတရား ဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ G-7 အဖွဲ့ဝင်နိုင်ငံတွေက တညီတညွှတ်ထဲတောင်းဆိုလိုက်ကြတာလည်းဖြစ်ပါတယ်။
အာရှအင်အားကြီးနိုင်ငံတခုဖြစ်တဲ့ ဂျပန်နိုင်ငံကလည်း မြန်မာ့အရေးကို သတိနဲ့ ချဉ်းကပ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ အာဏာသိမ်းမှုကို သဘောမတူနိုင်လို့ စစ်ဗိုလ်ချုပ်တွေနဲ့အဆက်အသွယ်ဖြတ်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံနဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ လွှမ်းမိုးမှုအောက် ကျရောက်သွားနိုင်တဲ့အပြင် ဒေသတွင်းတရုတ်ရဲ့ သြဇာလွှမ်းမိုးမှုတိုးလာနိုင်တယ်လို့ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက သတိပေးထားတာဖြစ်ပါတယ်။
နန်းလောင်ဝ်/ VOA Burmese
https://burmese.voanews.com/a/international-rex-myanmar-military-coup/5763638.html
No comments:
Post a Comment