ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အများအပြားမှာ သနပ်ခါးလိမ်း ဆန္ဒပြ

ရန်ကုန်မြို့က သနပ်ခါးလိမ်း ဆန္ဒပြပွဲမှာ ပါဝင်သူများ။ (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁)

နွေဦးတော်လှန်ရေးလို့ အမည်တပ်ထားတဲ့ ဆန္ဒပြပွဲတွေ မြန်မာနိုင်ငံတဝန်းမှာ ဆက်ဖြစ်နေပြီး ဒီကနေ့မှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့ကြီးတွေအပါအဝင် တခြားမြို့တွေမှာပါ သနပ်ခါး လှုပ်ရှားမှုဆိုတာကို လုပ်ခဲ့ကြပါတယ်။ စစ်အာဏာရှင်ကို ကန့်ကွက်တဲ့ စာသားတွေ၊ CDM လုပ်ဖို့ တိုက်တွန်းတဲ့ စာတွေကို မျက်နှာပေါ်မှာ သနပ်ခါးနဲ့ရေးပြီး စုဝေးဆန္ဒပြကြတာပါ။ ဒီအကြောင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

မြန်မာနိုင်ငံရဲ့ ရိုးရာယဉ်ကျေးမှု အထိမ်းအမှတ်တစ်ခုဖြစ်တဲ့ သနပ်ခါးကို မျက်နှာပေါ်မှာ လိမ်းပြီး ဆန္ဒပြကြတာမှာ ရည်ရွယ်ချက်အမျိုးမျိုးရှိကြပေမဲ့လည်း နိုင်ငံတကာက သိစေချင်တဲ့ ရည်ရွယ်ချက်ကတော့ တူညီကြပါတယ်။

ဆန္ဒပြပွဲတွေမှာ သေနတ်ပစ်ဖောက်လူစုခွဲတာ၊ ဆန္ဒပြသူတွေကို သေနတ်နဲ့ ပစ်တာမျိုးတွေ လုပ်တဲ့အတွက် သေဆုံးသူတွေ ရှိခဲ့တာကြောင့် ပြည်သူတွေက သေနတ်ကို ခါးခါးသီးသီး မုန်းတီးတယ်ဆိုတဲ့ အဓိပ္ပာယ်မျိုးခံယူပြီး ဒီနေ့ သနပ်ခါးတိုက်ပွဲမှာ ပါဝင်ဆန္ဒပြတာဖြစ်တယ်လို့ LGBT အသိုင်းအဝန်းက လင်းလင်းက ပြောပါတယ်။

“သနပ်ခါးဆိုတာက ကမ္ဘာက သိတဲ့ အမှတ်အသားတစ်ခုပေါ့နော်။ ဒါပေမဲ့ ဒီနေ့ ကမ်ပိန်းလုပ်ရတဲ့ အကြောင်းရင်းက သနပ်ခါးဆိုတဲ့ အဓိပ္ပာယ်ပေါ့နော်။ သူများတွေက ဘယ်လို့ အဓိပ္ပာယ်သတ်မှတ်လဲတော့ မသိဘူး။ ကျနော့်အနေနဲ့က သနပ်ခါးဆိုတဲ့ဟာက အခု အသက်ဆုံးသွားတဲ့သူတွေက သေနတ်နဲ့ပဲ အသက်သေခဲ့ရတဲ့သူတွေချည်းပဲဆိုတော့ စိတ်ထဲမှာက ခါးသီးတယ်ပေါ့နော်။ ကိုယ့်အတွက်က ကမ္ဘာက သိအောင် သနပ်ခါး မှန်ပေမဲ့ ကိုယ့်အဓိပ္ပာယ်ကတော့ သေနတ်ဆိုတာကို အရမ်းခါးသီးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဒီနေ့မှာ ပါဝင်ဖြစ်တယ်ပေါ့နော်။ အဲ့ဒီတော့ ဒီတစ်ကမ္ဘာလုံးက သေနတ်ကို ခါးတယ်ဆိုတဲ့ အဓိပ္ပာယ်ကို မြင်စေချင်တဲ့ စိတ်နဲ့ ပါဝင်ဖြစ်တာပေါ့နော်။”

ရန်ကုန်မြို့က သနပ်ခါးတိုက်ပွဲ။

ဒီနေ့ သနပ်ခါးကမ်ပိန်းမှာ ပါဝင်ကြတဲ့ လူငယ်တွေကလည်း တစ်နိုင်ငံလုံး အေးချမ်းစေချင်တဲ့ ဆန္ဒကို ထုတ်ဖော်ပြသတဲ့ အနေနဲ့ ဒီကမ်ပိန်းမှာ ပါဝင်ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ ဒီနေ့ အဓိက သနပ်ခါးတွေနဲ့ ဒီလိုမျိုး ကမ်ပိန်းလုပ်တယ်ဆိုတာက အဓိကကတော့ နိုင်ငံတကာရဲ့ စိတ်ဝင်စားမှုရအောင်ပေါ့နော်။ ကျနော်တို့က နိုင်ငံတကာကလည်း စိတ်ဝင်စားမှု ရရှိမယ်။ နောက်တစ်ခုက သနပ်ခါးဆိုတာ အေးမြတယ်ပေါ့၊ ဆိုတော့ တစ်နိုင်ငံလုံးကို အေးချမ်းစေချင်တဲ့ စေတနာမျိုးနဲ့ ဒီနေ့ ဒီကမ်ပိန်းလေးကို လုပ်ဖြစ်တာပါဗျ။”

ရန်ကုန်မြို့ မြေနီကုန်း ဂုံးတံတားအောက်မှာ ဆန္ဒလာပြတဲ့ ကိုမင်းညီက သနပ်ခါးလိမ်းတယ်ဆိုတာ မြန်မာတွေရဲ့ ရိုးရာယဉ်ကျေးမှု တစ်ခုဖြစ်သလို ဒီရိုးရာယဉ်ကျေးမှုကို ဖော်ပြပြီး စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြတာက နိုင်ငံတကာရဲ့ အာရုံစိုက်မှု ရအောင် လုပ်တာဖြစ်တဲ့အတွက် လာပြီး ပူးပေါင်း ဆန္ဒပြတာဖြစ်တယ်လို့ ပြောပါတယ်။

“သနပ်ခါး ကမ်ပိန်းက အွန်လိုင်းမှာလည်း ပြန့်နေတယ်ပေါ့နော်။ ဒီနေ့မှာ သနပ်ခါးလိမ်းကြမယ်ပေါ့နော်၊ ကျနော်တို့ မြန်မာရိုးရာသနပ်ခါးကို ကမ္ဘာကနေ သိအောင်ပေါ့နော်။ ကျနော်တို့ရဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေထဲမှာ ဒါက လုံးဝထိရောက်တယ်ဆိုတဲ့ ကမ္ဘာကနေ သိစေတဲ့ အချက်လေးတစ်ခု အနေနဲ့ ပါဝင်ဖြစ်တာပါ။”

ဆန္ဒပြပွဲတွေကို သရုပ်ပြမှုမျိုးစုံနဲ့ အရှိန်အဟုန်မြှင့်လုပ်နေကြသလို နိုင်ငံတကာ သံရုံးတွေကိုလည်း မြန်မာပြည်သူတွေရဲ့ သဘောထားကို လေးစားဖို့နဲ့ စစ်တပ်ရဲ့ အုပ်ချုပ်ရေးကောင်စီကို ထောက်ခံကူညီတာတွေ မလုပ်ဖို့ တောင်းဆိုဆန္ဒပြနေကြပါတယ်။


အိမ့်သန္တာထွန်း/ VOA Burmese

https://burmese.voanews.com/a/myanamr-military-coup-protest-thanarkhar/5792245.html

ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အများအပြားမှာ သနပ်ခါးလိမ်း ဆန္ဒပြ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့အများအပြားမှာ သနပ်ခါးလိမ်း ဆန္ဒပြ Reviewed by THITHTOOLWIN on 21:03 Rating: 5

No comments:

Powered by Blogger.