ဖမ်းဆီးခံအနုပညာရှင်တွေကို ပြန်လွှတ်ဖို့ အနုပညာအဖွဲ့အစည်း ၁ဝ ခု တောင်းဆို



အာဏာသိမ်းစစ်ကောင်စီက အနုပညာသမားတချို့ကို ဖမ်းဆီး၊ ဝရမ်း ထုတ်ထားတာတွေနဲ့ ပတ်သက်ပြီး မြန်မာပြည်မှာရှိတဲ့ အနုပညာအဖွဲ့အစည်း ၁ဝ ခုက ကြေညာချက်တစောင် မနေ့က ထုတ်ပြန် ကန့်ကွက်လိုက်ပြီး ဖမ်းဆီးထားသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။

အနုပညာအဖွဲ့အစည်းတွေရဲ့ ကြေညာချက်မှာ စစ်တပ်အာဏာသိမ်းမှုကြောင့် တိုင်းပြည် ထိခိုက်ပျက်စီးနေပြီး ဒီမိုကရေစီစံနှုန်းတွေအရ လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်ခဲ့တဲ့ အနုပညာရှင်တွေကို ဖမ်းဆီးခဲ့တာဟာ လည်း ဥပဒေမဲ့လုပ်ရပ်ဖြစ်တဲ့အတွက် အဲဒီသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ထားတာတွေ ကို ပြန်လည်ရုပ်သိမ်းဖို့ စစ်ကောင်စီကို တောင်းဆိုထားပါတယ်။

လက်ရှိမှာ စာရေးဆရာ မောင်သာချို၊ စာရေးဆရာမ သန်းမြင့်အောင်၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဒါရိုက်တာလူမင်း၊ အဆိုတော် စောဖိုးခွား၊ ထုတ်ဝေသူ ဒေါက်တာသန့်သော်ကောင်းနဲ့ တေးထုတ်လုပ်သူ ဦးကြည်ဝင်းတို့ကို ဖမ်းဆီးထားပြီး အဆိုတော် အနဂ္ဂ နဲ့ လင်းလင်း၊ သရုပ်ဆောင် ပြေတီဦး၊ ဒါရိုက်တာ ဝိုင်း၊ ဒါရိုက်တာ ကိုပေါက်၊ ဒါရိုက်တာဏကြီး၊ အစီအစဉ်တင်ဆက်သူ မောင်မောင်အေး နဲ့ အိပန်ဆယ်လို တို့ကို မတရား ဖမ်းဝရမ်းထုတ်ထားကြောင်းလည်း အဲဒီ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ကို ရုပ်ရှင်၊ သဘင်၊ ဂီတ၊ ကဗျာ၊ စာပေ၊ ပန်းချီ၊ ပန်းပု၊ လူရွှင်တော်တွေအပါအဝင် အနုပညာရှင်အဖွဲ့ ၁ဝ ဖွဲ့က ပူးပေါင်းထုတ်ပြန်လိုက်တာပါ။ ကဗျာဆရာ စောဝေက လွတ်လပ်စွာ ဆန္ဒသဘောထားထုတ်ဖော်ခွင့်ကို တာဝန်အရ ကာကွယ်ရမှာပဲလို့ ပြောကြားပါတယ်။

“အနုပညာရှင်တွေဟာ လူ့ရပိုင်ခွင့်အရ ကျင့်သုံးတယ်။ အဲဒါကို လူ့ရပိုင်ခွင့်ကို ချိုးဖောက်ပြီးတော့ သူတို့က ဖမ်းဆီးတယ် ချုပ်နှောင်တယ် ပုဒ်မတွေထုတ်တယ် ဝရမ်းပြေးတွေ ဖြစ်အောင်လုပ်တယ် ဆိုတာကို ကန့်ကွက်တယ်။ ရှုတ်ချတယ် လက်မခံဘူး။ သူတို့က နိုင်ငံသူ နိုင်ငံသားတွေ ပြည်သူလူထုတွေ ရွေးထားတဲ့ အစိုးရမဟုတ်ဘူး။ မတရားအာဏာသိမ်းထားတဲ့ စစ်အစိုးရဖြစ်တဲ့အတွက် လက်မခံဘူး။ စစ်အာဏာသိမ်းအဖွဲ့က လွတ်လပ်စွာ ပြောဆိုရေးသားထုတ်ဖော်ခွင့် Freedom of Expression လူတွေရဲ့ မွေးရာပါ အခွင့်အရေးကို ချိုးဖောက်တဲ့အတွက် ကန့်ကွက်တယ် ရှုတ်ချတယ်။ အမြန်ပြန်လွှတ်ပေးရင်ပေး မပေးရင် ဒီအနုပညာအဖွဲ့ ၁၀ ဖွဲ့က ဒီအတိုင်းရပ်နေမှာမဟုတ်ဘူးဆိုတာ အကြောင်းကြားတာပဲ”

အဆိုတော် ချစ်ကောင်းကလည်း ဘဝတူတွေ ဖမ်းဆီးခံနေရတဲ့အတွက် သူဝမ်းနည်းနေရတယ်လို့ RFA ကို ပြောပါတယ်။

“ကိုယ့်အနုပညာသမားတွေ အဖမ်းခံရတယ်ဆိုတော့ စိတ်ထဲမှာ မကျေမလည် ဖြစ်တာပေါ့။ အားလုံးလုပ်ကြတဲ့ အလုပ်ထဲမှာ ဒါ မဖြစ်သင့်တဲ့လုပ်ရပ်ပဲလေ။ လွတ်လွတ်လပ်လပ်ပဲ ကိုယ့်ဆန္ဒ ကိုယ်ဖော်ကြတာကိုး။ ဘာဘဲဖြစ်ဖြစ် ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ် ဆန္ဒတော့ ရှိမှာပဲ၊ ဖော်ထုတ်လို့ရမယ်ထင်တာပဲ။ သူတို့ကိုလဲ လွတ်စေချင်တယ်”

ကြေညာချက်ထုတ်ပြန်တဲ့အဖွဲ့တွေထဲမှာ ပါဝင်တဲ့ PEN Myanmar အဖွဲ့ခေါင်းဆောင် အယ်ဒီတာ ဦးမျိုးမြင့်ညိမ်းကလည်း အနုပညာရှင်တွေဟာ ခေတ်အဆက်ဆက် ပြည်သူ့အကျိုး သယ်ပိုးခဲ့ကြသူတွေ၊ ပြည်သူလူထုက ချစ်ခင်မြတ်နိုးသူတွေဖြစ်တဲ့အတွက် သူတို့ကို ဖမ်းဆီးခြင်းအားဖြင့် ဆိုးကျိုးတွေသာ ပေါ်ပေါက်လာမှာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“လွတ်လပ်စွာ ရေးသာ ထုတ်ဖော်ပြောဆိုခွင့်ရှိတာ ဒီကနေ့ မရှိတော့ဘူးလို့ဘဲ သတ်မှတ်ရမလိုဖြစ်နေတယ်။ ဒီ ရုပ်ရှင်မင်းသား မင်းသမီးတွေဟာ လမ်းပေါ်မှာ ကြွေးကြော် ဆန္ဒထုတ်ဖော်ကြတဲ့ သူတွေကြား သူတို့ရဲ့ ဆန္ဒတွေကို သူတို့ ဖော်ထုတ်တာသာဖြစ်တယ်။ အဲလိုဘဲ ဂီတသမားတွေ သူတို့ရဲ့ ဆန္ဒတွေကို တေးသီချင်းတွေ နဲ့ ဖော်ထုတ်တယ်၊ စာရေးဆရာတွေ သူတို့ရဲ့ခံစားမှုတွေကို ဟောပြောတာတွေရှိတယ်။ ဒီဟာတွေကို ပိတ်ပင်ပြီးတော့ ဟန့်တားပြီးတော့ ဥပဒေမဲ့ ဖမ်းဆီးအရေးယူတာတွေကို ကျနော်တို့ ကန့်ကွက်ပါတယ်။ ဒီလူတွေက လူထုချစ်ခင်မြတ်နိုးတဲ့ ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကို တရားမဲ့ ဖမ်းဆီးထားခြင်းဟာ ဖမ်းဆီးထားတဲ့ အရေးယူထားတဲ့ ပုဂ္ဂိုလ်တွေအတွက် ပြန်ပြီးတော့ တန်ပြန်သက်ရောက်မှုတွေ ရှိလာလိမ့်မယ်၊ ကျနော်တို့ ဒါတွေ မဖြစ်စေချင်ဘူး၊ အဲဒီအတွက် ကျနော်တို့ စာပေ ဂီတ အနုပညာရှင်တွေက ပေါင်းစည်းပြီး လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။ ဒါကို တပ်မတော် ခေါင်းဆောင်တွေ စစ်ကောင်စီက ပုဂ္ဂိုလ်တွေ ပြန်ပြီးတော့ စဉ်းစားပါ၊ လူထုရဲ့ ဆန္ဒနဲ့ သွေဖီတာတွေကို မလုပ်ပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။”

ဒီအခုကြေညာချက်မှာ ပါဝင်တဲ့ နာမည်ကျော် အနုပညာရှင်တချို့ကတော့ အခုအချိန်မှာ အခြေအနေအရ မီဒီယာတွေကနေ ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးတာကို နားလည်စေချင်ပါတယ်လို့ RFA ကို ပြောပါတယ်။

RFA Burmese



ဖမ်းဆီးခံအနုပညာရှင်တွေကို ပြန်လွှတ်ဖို့ အနုပညာအဖွဲ့အစည်း ၁ဝ ခု တောင်းဆို ဖမ်းဆီးခံအနုပညာရှင်တွေကို ပြန်လွှတ်ဖို့ အနုပညာအဖွဲ့အစည်း ၁ဝ ခု တောင်းဆို Reviewed by THITHTOOLWIN on 08:14 Rating: 5

No comments:

Powered by Blogger.