ဖမ်းဆီးခံထားရစဉ် သေဆုံးသွားတဲ့ ကိုရာဇာအောင်



ဖေဖော်ဝါရီလ ၂ဝ ရက်နေ့က မန္တလေး ရတနာပုံ သင်္ဘောကျင်း အနီးမှာ ဆန္ဒပြနေသူတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖြိုခွဲပြီးနောက် ဖမ်းဆီးသွားသူတွေထဲက ကိုရာဇာအောင်ဟာ ဖမ်းဆီးခံထားရစဉ်အတွင်းမှာ သေဆုံးသွားပါတယ်။

ဖမ်းဆီးခံရတဲ့ နေ့ကတည်းကစလို့ မိသားစုနဲ့ အဆက်အသွယ် ပြတ်တောက်သွားတာဖြစ်ပြီး၊ လေးရက်မြောက်နေ့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှာ စစ်ဆေးရုံက ဆက်သွယ်လာတာကြောင့် မိသားစုဝင်တွေဟာ မန္တလေးမြို့ ၆၂လမ်း နဲ့ ၁၁ လမ်းမှာရှိတဲ့ စစ်ဆေးရုံကို လိုက်သွားချိန်မှာတော့ ကိုရာဇာအောင် အသက်သေဆုံးနေပြီဖြစ်ပါတယ်။

ကိုရာဇာအောင်ရဲ့ ဇနီးဖြစ်သူ မဖြူဖြူဝင်းက "သူ့အလောင်းမှာ တွေ့ခဲ့တာ မျက်နှာတွေဆို ရောင်ကိုင်းနေရော ဒဏ်ရာတွေနဲ့။ ဗိုက်မှာလည်း ကန်ထားတာလားတော့ မပြောတက်ဘူး၊ ညိုမဲနေတာတွေ တွေ့ခဲ့တယ်။ ကျနော့်ယောက်ျားကို လက်ထိပ်ကြီးနဲ့လည်း ခတ်ထားတယ်။ ဘာလို့ခတ်ထားလဲ ဆိုတော့ အရက်ကြောင်ကြောင်ပြီး ရုန်းရုန်းနေလို့ လို့ပြောတယ်။ ညာဘက်ခြေထောက် ဒူးအထက်မှာ ကျည်ဆံနဲ့ ထုတ်ချင်းပေါက်ထားတယ်" လို့ သူမြင်တွေ့ခဲ့ရတဲ့ အခြေအနေကို ပြောပါတယ်။

ကိုရာဇာအောင်ရဲ့ ရုပ်အလောင်းကို မိသားစုက ပြန်ရဖို့ တောင်းဆိုခဲ့ပေမယ့် စစ်ဆေးရုံတာဝန်ရှိသူတွေက… သေဆုံးသူဟာ ကိုဗစ်ရောဂါနဲ့ သေဆုံးသွားတာဆိုပြီး အလောင်းကို သယ်ခွင့်မပေးဘဲ နေ့တွင်းချင်း မီးသင်္ဂြိုဟ်လိုက်တယ်လို့ မိသားစုက ပြောပါတယ်။

"ကျမ ယောကျားကို ထိလည်းမထိခဲ့ရ၊ ကိုင်လည်းမကိုင်ရဘူး။ ကျမလည်း လက်မှတ်ထိုးပေးတာ မရှိဘဲနဲ့ သူတို့ပဲ သင်္ဂြိုဟ်ပြီးတော့ သရဏာဂုံ တင်ပေးခဲ့တာ။ ကျမတို့ကတော့ အရပ်သားတွေဆိုတော့ အမှုဖွင့်၊မဖွင့် ဘာမှ မလုပ်တတ်ဘူး။ ပြည်သူတွေကို အမှန်အတိုင်း သိစေချင်တာပဲ"… လို့ မဖြူဖြူဝင်းက ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် ကိုရာဇာအောင်ဟာ မန္တလေးမြို့မှာ နေ့စားပန်းရံအလုပ် လုပ်ကိုင်ပြီး အသက် ၇ နှစ်အရွယ် သမီးငယ်တဦး၊ ဇနီးဖြစ်သူနဲ့ မိခင်အို တို့ကို လုပ်ကျွေးနေသူပါ။

"ကျမတို့မှာ ဒီသားလေး အားကိုးနေရတာပါ။ ကျမတို့သားလေးကို သင်္ဂြိုဟ်ချင်လို့ ပြန်တောင်းတာကို ကိုဗစ်ရောဂါတွေ ပျံ့နေလို့ဆိုပြီး ပြန်မပေးဘူး။ ဆရာဝန်တွေ စစ်သားတွေ ပေါင်းပြီး သင်္ဂြိုဟ်ပေးလိုက်တာ။ ကျမတို့ကတော့ လုံးဝမကျေနပ်ဘူး"… လို့ ကိုရာဇာအောင်ရဲ့ မိခင်က ပြောပါတယ်။

ကိုရာဇာအောင်ဟာ ဖေဖော်ဝါရီလ ၂၀ ရက်နေ့က ညဆိုင်းပန်းရံ အလုပ်ဆင်းပြီး ပြန်လာချိန် သင်္ဘောကျင်းအနီး ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ရင်းက စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်လိုက်တဲ့ကျည်ဆံ ဒူးမှာထိမှန်ပြီး ဖမ်းဆီးခံလိုက်ရတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ကိုရာဇာအောင်ကို ရှေးဦးသူနာပြုစုခွင့်ရခဲ့တဲ့ ပရဟိတဆရာဝန် ဒေါက်တာအေးငြိမ်းသူကတော့ ကိုရာဇာအောင်ရဲ့ ဒူးခေါင်းကို ပစ်ခံရတဲ့ကျည်ဟာ အဓိကရုဏ်း နှိမ်နင်းရာမှာသုံးတဲ့ ရာဘာကျည် လုံးဝမဖြစ်နိုင်ဘူးလို့ ပြောပါတယ်။

"ကျမတို့က လူနာတွေကို လိုက်ကုနေရင်း အဲ့ဒီနေရာကို ရောက်နေတာ၊ ကျမကို လူနာကုပေးပါဆိုပြီး ခေါ်တော့ ကြည့်လိုက်တာ အချုပ်ကားပေါ်မှာ ဖြစ်နေတယ်၊ ကျမက ဒီလူနာတော့ မရဘူး အရမ်းသွေးထွက် လွန်နေတယ် ဆရာတို့ ပြန်လွှတ်ပေးမှ ရမယ်ဆိုတော့ အထက်လူကြီးကို ရဲတစ်ယောက်က သွားမေးပြီး လွှတ်ပေးလို့မရဘူးလို့ ပြန်ပြောတယ်။ ကျမတွေ့လိုက်တဲ့ ကိုရာဇာအောင်ဆို ပေါင်ကို ထုတ်ချင်းပေါက် ဟိုဘက်ဒီဘက် ပေါက်သွားတာ၊ ရာဘာကျည်သာဆိုရင် ဒဏ်ရာရရင်တောင်မှ လက်တစ်ဆစ်လောက် အနက်က ဖြစ်ခဲတယ်"… လို့ RFA ကို ပြောပါတယ်။

ဒေါက်တာအေးငြိမ်းသူဟာ အဲ့ဒီနေ့က ထိခိုက်လူနာတွေကို ကယ်ဆယ်ဖို့ အခင်းဖြစ်နေရာကို ရောက်နေခဲ့တာပါ။

ကိုရာဇာအောင် သေဆုံးမှုနဲ့ ပတ်သက်ပြီး ဒေါက်တာအေးငြိမ်းသူက… "ကိုရာဇာအောင် ကိုဗစ်ရှိ၊ မရှိ တပ်ထဲမှာ နှိပ်စက်ခံရ၊ မရဆိုတာတော့ ကျမမပြောနိုင်ဘူး။ ဒါပေမဲ့ ကျမတွေ့လိုက်တဲ့ အခြေအနေကိုတော့ ပြောလို့ရတယ်။ သူ့အမျိုးသမီးကို မေးကြည့်သလောက် ရင်ဘတ်မှာ အညိုအမဲတွေ စွဲနေတယ်၊ တခြားနေရာတွေ အညိုအမဲ စွဲနေတယ်လို့ ပြောတယ်။ နောက်ဆုံး ကျမတွေ့သလောက်တော့ ရင်ဘတ်မှာ အညိုအမဲကွက်တွေ မရှိဘူး၊ ထိခိုက်ဒဏ်မရှိဘူး။ ခေါင်းမှာ စိုးရိမ်စရာမရှိတဲ့ နည်းနည်း ဒဏ်ရာရှိတယ်၊ ခြေထောက်မှာရှိတယ်၊ မျက်နှာမှာ နည်းနည်းပါးပါးရောင်တာ ရှိတယ်။ နောက်တခုက ကိုရာဇာအောင်မှာ ကိုဗစ်ရှိလား မရှိလားဆိုတာတော့ ကျမမပြောနိုင်ဘူး၊ ဒါပေမဲ့ကိုဗစ်ဖြစ်ခဲ့တာမှန်ရင် ဘာလို့ ဒီမိသားစုကို ကွန်ရန်တင်းမဝင်ဘဲ ပြန်လွတ်လိုက်သလဲ။ ပြီးတော့ ကျမ မိသားစုကို မေးကြည့်တယ်၊ ကိုရာဇာအောင်မှာ အဖမ်းမခံရခင် အိမ်မှာပုံမှန်ပဲလား၊ ကိုဗစ်လက္ခာဏာတွေဖြစ်တဲ့ အသက်ရှူမရတာ၊ ဖျားတာ၊ အစားအသောက်ပျက်တာရှိလား ပုံမှန်ပဲလားဆိုတော့ မိသားစုက ဘာလက္ခဏာမှ မရှိဘူးလို့ ပြောတယ်"… လို့ပြောပါတယ်။

ဒဏ်ရာ ပြင်းပြင်းထန်ထန် ရတဲ့သူတွေကို ပြန်လွှတ်မပေးဘဲ ဖမ်းဆီးခေါ်ဆောင်သွားတာဟာ လူသားမဆန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုလို့ ဒေါက်တာအေးငြိမ်းသူက ပြောပါတယ်။

စစ်ဆေးရုံမှာ ကိုရာဇာအောင်သေဆုံးခဲ့တာ၊ ဖမ်းဆီးခံရစဉ် ရိုက်နှက်ခံရတယ်လို့ မိသားစုက ယူဆနေတာ၊ ကိုဗစ်ရောဂါပိုး ရှိတယ်ဆိုပြီး အလောင်း ပြန်မထုတ်ပေးခဲ့တာတွေနဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီပြောခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီမှာ သုံးကြိမ်တိုင်တိုင် ဖုန်းဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေဆိုတာ မရှိပါဘူး။

အလားတူ မန္တလေးတိုင်း ဒုတိယ တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မောင်မောင်အေးကို မနေ့ကရော ဒီနေ့ပါ RFA က ဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါဘူး။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ RFA က ရဲမှူးကြီး မောင်မောင်အေးနဲ့ ဆက်သွယ်မေးမြန်းချက်မှာတော့ ဆန္ဒပြဖြိုခွဲမှုတွေမှာ ကျည်ဆံအစစ် သုံးတာမရှိဘဲ ရာဘာကျည်သာ သုံးတယ်လို့ ငြင်းဆိုထားပါတယ်။

RFA က ကနဦး အတည်ပြုနိုင်တဲ့ သတင်းအချက်အလက်တွေအရ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းချိန်ကစလို့ ဒီကနေ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ စစ်တပ်နဲ့ ရဲလက်ချက်ကြောင့် တစ်နိုင်ငံလုံးမှာ သေဆုံးသူ ၈ ဦး ရှိသွားပါပြီ။

RFA Burmese




ဖမ်းဆီးခံထားရစဉ် သေဆုံးသွားတဲ့ ကိုရာဇာအောင် ဖမ်းဆီးခံထားရစဉ် သေဆုံးသွားတဲ့ ကိုရာဇာအောင် Reviewed by THITHTOOLWIN on 20:59 Rating: 5

No comments:

Powered by Blogger.