အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် လှုပ်ရှားမှု

 အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် လှုပ်ရှားမှု

အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သင်္ကေတဖြစ်တဲ့ လက်သုံးချောင်းထောင်တဲ့ လူထုလှုပ်ရှားမှုဟာ မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ(၁)ရက် စစ်အာဏာသိမ်းပြီးတဲ့နောက် အွန်လိုင်းမှာ ထွက်ပေါ်လာခဲ့ပါတယ်။

ဒီလှုပ်ရှားမှုကို သာမန်အရပ်သားပြည်သူတွေကြားထဲမှာ အရင်ဆုံး စတင်ခဲ့ပေမယ့် အများကြီး ပျံ့နှံ့မှု မရှိခဲ့ပါဘူး။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက် ၂ရက်လောက်အကြာမှာတော့ နာမည်ကြီးအနုပညာရှင်တွေကပါ ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပြီး သူတို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စာသားတွေနဲ့အတူ လက်သုံးချောင်းထောင်ထားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ကြပါတယ်။

ဒါကြောင့်လည်း ဒီလှုပ်ရှားမှုဟာ ပြည်တွင်းလူမှုကွန်ရက်သုံးစွဲသူတွေကြားမှာ အတော်လေး ပျံနှံ့သွားခဲ့တာ ဖြစ်ပါတယ်။

ဒီအထဲမှာ ထူးခြားတာက နာမည်ကျော်ကြားပြီး ဆိုရှယ်မီဒီယာမှာ ဖော်လိုဝါ သန်းချီရှိတဲ့ မြန်မာအနုပညာရှင်တွေ ပါဝင်လာတာပါ။

တရုတ်၊ကိုရီးယားနဲ့ ထိုင်းတို့အထိ ပေါက်ရောက်အောင်မြင်နေတဲ့ လူငယ်အနုပညာရှင် မော်ဒယ်ပိုင်တံခွန်

မြန်မာမှာသာမက အာရှက တရုတ်၊ကိုရီးယားနဲ့ ထိုင်းတို့အထိ ပေါက်ရောက်အောင်မြင်နေတဲ့ လူငယ်အနုပညာရှင် မော်ဒယ်ပိုင်တံခွန်ရဲ့ ဒီလှုပ်ရှားမှုအကြောင်း တင်ထားတဲ့ ပို့စ်မှာဆိုရင် LIKE လုပ်သူ ၅သိန်းကျော် ရှိနေသလို အာရှသတင်းမီဒီယာတချို့မှာလည်း ဒီအကြောင်း ဖော်ပြတာ တွေ့ရပါတယ်။

နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တွေဖြစ်တဲ့ အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသု၊ အဆိုတော် Rဇာနည်၊ ဖြိုးပြည့်စုံတို့အပြင် လူငယ် မော်ဒယ်အနုပညာရှင်တွေ၊ မိတ်ကပ်အလှဖန်တီးရှင်တွေလည်း ဒီလှုပ်ရှားမှုမှာ ပါဝင်လာကြပါတယ်။

တဖြည်းဖြည်း အားကောင်းလာတာနဲ့ နောက်ထပ် နာမည်ကြီး အနုပညာရှင်တွေလည်း ဒီလှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်လာကြပါတယ်။

လက်သုံးချောင်းထောင်ခြင်းရဲ့အဓိပ္ပါယ်ကတော့ အာဏာရှင်တွေကို ဆန့်ကျင်တဲ့ ပုံစံကို ကိုယ်စားပြုတာဖြစ်ပြီး လွတ်လပ်မှု၊ တန်းတူညီမျှမှုနဲ့ သဟဇာတဖြစ်မှုတို့ကို ကိုယ်စားပြုတယ်လို့ဆိုကြပါတယ်။

လက်သုံးကြောင်းထောင် လှုပ်ရှားမှုမှာ ဝန်ထမ်းအချို့ ပါဝင်လာ

ဒီမိုကရေစီပိုမိုရရှိရေး၊ မညီမျှမှုကြီးထွားလာတဲ့ခံစားချက်တွေနဲ့ စစ်အာဏာရှင်စနစ်ဖြစ်ထွန်းလာမှု တွေအပေါ်မှာ ဆန့်ကျင်ကြောင်းဆန္ဒပြတဲ့အခါ ဒီသင်္ကေတကိုသုံးကြတာ ဖြစ်ပါတယ်။

အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ဖော်ကျူးတဲ့ လက်သုံးချောင်းထောင်တဲ့ သင်္ကေတဟာ ၂၀၁၂ခုနှစ်ကထွက်ခဲ့တဲ့ ဟမ်းဂါးဂိမ်း (Hunger Games) ဆိုတဲ့ ဟောလီးဝုဒ်ရုပ်ရှင်ဇာတ်ကားကနေ ရေပန်းစားလာခဲ့တာ ဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ အာရှနိုင်ငံတွေမှာ အာဏာရှင်စနစ်ကို တွန်းလှန်တဲ့ ဆန္ဒပြပွဲတွေမှာ ဒီသင်္ကေတကို စတင်အသုံးပြုခဲ့ကြပါတယ်။

၂၀၁၄ ခုနှစ် ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း ဒီသင်္ကေတကို သုံးပြီး အာဏာရှင်စနစ်ကို ဖီဆန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ လပိုင်းတွေက ထိုင်းမှာဖြစ်ပွားခဲ့တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ ဘုရင်စနစ်ကိုဆန့်ကျင်တဲ့ဆန္ဒပြပွဲတွေမှာလည်း ဒီသင်္ကေတကို အသုံးပြုခဲ့ကြပါတယ်။

ဟောင်ကောင်မှာလည်း ၂၀၁၄ ခုနှစ်က ထီးတော်လှန်ရေးမှာ ဒီနည်းလမ်းကို သုံးခဲ့ကြသလို ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားမှုတွေမှာလည်း ဒီသင်္ကေတကို သုံးပြီး အာဏာရှင်တွေကို ဆန့်ကျင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာတော့ အခုလို နည်းလမ်းကို သုံးတာ ပထမဆုံးအကြိမ်ဖြစ်ပြီး

ဒီလှုပ်ရှားမှုမှာ အနုပညာရှင်တွေပါဝင်တာနဲ့ပတ်သက်လို့ သဘောထားကွဲလွဲတာတွေလည်းရှိနေပါတယ်။

တချို့အနုပညာရှင်တွေကတော့လက်သုံးချောင်းထောင်တဲ့ လှုပ်ရှားမှုမှာမပါဝင်ကြပေမယ့် ဒေါ်အောင်ဆန်းစုကြည်ကိုထောက်ခံကြောင်း စာတန်းနဲ့ ပုံပါ ပရိုဖိုင်ဖရိန်တွေကို ချိန်းတာတွေရှိပါတယ်။

တချို့အနုပညာရှင်တွေကတော့ စစ်အာဏာရှင်အုပ်ချုပ်ရေးကို အရပ်သားနိုင်ငံ့ဝန်ထမ်းတွေက ဆန့်ကျင်တဲ့ Civil Disobedience Campaignကို အတူရပ်တည်ကြောင်း ပရိုဖိုင်ချိန်းတာတွေ၊ စာရေးသားတာတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ တွေ့ရပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-55938304

အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် လှုပ်ရှားမှု  အာဏာသိမ်းစစ်အစိုးရကို ဆန့်ကျင်ကြောင်း လက်သုံးချောင်းထောင် လှုပ်ရှားမှု Reviewed by THITHTOOLWIN on 00:48 Rating: 5

No comments:

Powered by Blogger.