ရန်ကုန်မြို့ ရုန်းရင်းဆန်ခတ်မှု လူ ၂၀ ထက်မနည်း ဒဏ်ရာရ

ရန်ကုန်မြို့က ရုန်းရင်းဆန်ခတ်ဖြစ်တဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရန်ကုန်ဘူတာကြီးအနီးမှာ တပ်မတော်ကို ထောက်ခံဆန္ဒပြသူတွေနဲ့ ရပ်ကွက်နေ ပြည်သူတွေအကြား ဒီကနေ့ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး တပ်မတော် ထောက်ခံဆန္ဒပြသူတွေက လေးခွတွေ၊ ခဲတွေနဲ့ ပစ်ခတ်တိုက်ခိုက်ကြောင့် လူ ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အရပ်သားအစိုးရကို ဖြုတ်ချပြီး တပ်မတော်က အာဏာသိမ်းတာကို ကန့်ကွက်တဲ့အနေနဲ့ ဒီလ ၆ ရက်နေ့က စတင်ပြီး ရန်ကုန်မြို့မှာ ပြည်သူတွေ သိန်းချီပြီး လမ်းမတွေပေါ်မှာ နေ့စဉ်ရက်ဆက် ဆန္ဒပြနေတာပါ။

ဒီကနေ့မှာတော့ တပ်မတော်ကို ထောက်ခံသူ ရာနဲ့ချီပြီး ရန်ကုန်ဘူတာကြီးရှေ့ ရောက်ရှိ စုရုံးလာချိန်မှာ ရပ်ကွက်နေ ပြည်သူတွေနဲ့ မနက် ၁၀ နာရီခွဲလောက်မှာ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတစ်ဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီ ဘူတာကြီးရဲ့အနောက်က မြဝတီဓါတ်ဆီဆိုင်နဲ့ ရိုးမဘဏ်ရဲ့ကြားထဲက ၉၃-၉၄ ကားဂိတ်မှာ စီရပ်လုပ်တယ်ပေါ့။ စုစည်းတယ်ပေါ့။ အဲဒီလို လုပ်တဲ့အခါကျတော့ ဒီက ရပ်ကွက်ကလူတွေက ဒါကို သဘောမကျတဲ့အခါ သံပုံးတီးကြတယ်။ သံပုံးတီးတဲ့အခါက ဟိုဘက်က လူတွေက လုံခြည်လှန်ပြတဲ့အဆင့်တွေ ရောက်လာတယ်။ ဂရုမစိုက်ဘူးဆိုတဲ့ ပုံစံမျိုးတွေလုပ်တယ်။ ရပ်ကွက်ကလူတွေက အားလုံးစုစုပြီး သံပုံးတီးကြပြီး ဘာဖြစ်လို့လဲ... ဒီလို၊ ဒီလိုပဲ ဆိုတဲ့အခါကျ လူအုပ်က များလာတဲ့အချိန်မှာ သူတို့ဘက်ကနေပြီး လေးခွတွေ၊ ခဲတွေနဲ့ ပစ်ကြတယ်။ အားလုံးပေါင်း ၁၅ ယောက်လောက် မှန်ကြတာပေါ့။ ခေါင်းကွဲတဲ့သူက ကွဲတယ်။ နဖူးထိတဲ့လူက ထိတယ်။ လက်မောင်းထိတဲ့လူက ထိတယ်။ ပေါင်ထိတဲ့လူက ထိတယ်။ နည်းနည်းပိုများတဲ့သူကတော့ ၅ ယောက်လောက်ရှိတာပေါ့။ သူတို့ဘက်က အသင့်ပါလာတဲ့ လေးခွတွေနဲ့ ပစ်တာ။ သူတို့ လွယ်အိတ်တွေထဲမှာ လေးခွတွေ၊ ဓါးတွေ၊ ဒုတ်တွေက ကားတွေပေါ်မှာ အဆင်သင့်ပါတယ်။”

တပ်မတော်ကို ထောက်ခံဆန္ဒပြဖို့ လာရောက်သူ အရေအတွက် ထောင်နဲ့ချီရှိပြီး ရပ်ကွက်လူထုက ရာနဲ့ချီရှိတဲ့အကြောင်းလည်း ဆက်ပြောပါတယ်။

“ပထမ သူတို့ စ စီတဲ့အချိန်မှာ ၃၅၀ လောက် ရှိတယ်။ နောက် ကား ၁၀ စီးနဲ့ ဘတ်စ်ကား၊ လိုင်းကားကြီးတွေပေါ့။ YBS လို ဘတ်စ်ကားကြီးတွေနဲ့ ၆ စီးချတယ်။ နောက် Lite truck ကား ၁၀ စီးလာချတယ်။ အားလုံးပေါင်း လူဦးရေက မရှိဘူးဆို ၃,၀၀၀ နဲ့ ၄,၀၀၀ ကြားလောက် လာချတာ။ ပြီးတော့ ရပ်ကွက်က လူအုပ်ကလည်း ၅၀၀၊ ၆၀၀ လောက်ရှိတဲ့လူအုပ်ကလည်း သံပုံးတီးရင်းနဲ့ အဲဒီလိုမျိုးတွေပေါ့ ဖြစ်သွားတာ။”

ရပ်ကွက်ထဲကလူတွေက သံပုံးတီးကြပြီး တဘက်က လေးခွတွေနဲ့ ပစ်တယ်ဆိုတာ နောက်ထပ် မျက်မြင်တွေ့ရှိသူ တစ်ယောက်ကလည်း အတည်ပြုပြောဆိုပါတယ်။

“တပ်မတော် ထောက်ခံသူတွေက သူတို့ကားတွေနဲ့ဗျာ။ သီချင်းတွေဘာတွေ ဖွင့်ထားတယ်။ သူတို့ အလံတွေ ထောင်ထားတယ်။ အဲဒီမှာ သိမ်ဖြူမီးရထားရပ်ကွက်က လူတွေက သံပုံးတွေ၊ ဘာတွေ ထွက်တီးကြတာ။ အဲဒါကို သူတို့ဘက်ကနေပြီးတော့ လောက်လေးခွတွေ၊ ဘာတွေနဲ့ အကြမ်းဖက်လိုက်တာ။ လေးခွတွေနဲ့ ပစ်တယ်ဗျာ။ ထွက်တီးတဲ့သူတွေက ကလေးနဲ့ မိန်းမတွေပဲ ရှိတယ်။ လူကြီးတွေ၊ လူငယ်တွေကတော့ သိပ်မထွက်ဘူး။ သံပုံးတီးတာဆိုတော့လေ။ သူတို့တော့ ထိခိုက်ပြီးတော့ ပြန်ပြေးဝင်ကြတယ်။ လူအင်အားက အနည်းဆုံး မရှိဘူးဆို ၇၀၀-၈၀၀ လောက်ရှိမယ်။ ရှေ့ဆုံးကတော့ အလံတွေကိုင်တယ်။ နောက်ဆုံးကတော့ သူတို့ လွယ်အိတ်ထဲမှာ သူတို့ စကေဘာတွေ ပါတယ်။ သံဒုတ်တွေပါတယ်၊ ဓါးတွေပါတယ် မြင်နေရတယ်။”

အခင်းဖြစ်ပွားရာအနီးမှာ ရဲတပ်ဖွဲ့ဝင်တွေရှိပေမဲ့ တစုံတရာ အရေးယူဆောင်ရွက်တာ မရှိကြောင်းလည်း ဆက်ပြောပါတယ်။

“ရဲက ရှိတယ်။ အဲဒီနေရာအနီးဆုံးက မြဝတီဆီဆိုင်ရှိတယ်လေ။ အဲဒီနားလေးမှာတော့ ရဲကားတွေ ချထားတယ်။ မြင်ရတယ်။ သူတို့နဲ့ဆို နီးနီးလေးပဲ။ ရဲတွေရှိတယ်။ သူတို့က ဘာမှ မလုပ်ပါဘူး။”

အခင်းဖြစ်ပွားရာ သိမ်ဖြူ မီးရထားရပ်ကွက်နေ ပြည်သူတစ်ဦးက ဒီလို အကြမ်းဖက် တိုက်ခိုက်တာကြောင့် ထိခိုက်ဒဏ်ရာရသူ ၂၆ ယောက်လောက်ရှိကြောင်း ပြောပါတယ်။

“အဲဒီဘက်က ကောင်တွေက ရှေ့မှာ ရှိတဲ့ လင်ပန်းတွေ တီးနေတဲ့ အမျိုးသမီးတွေကို ထုတာ။ ထုတဲ့အခါကျတော့ ခေါင်းတစ်ယောက်က ကွဲသွားတယ်။ တော်တော်နက်သွားတယ်။ နောက်တစ်ယောက်က အဲဒီလူတွေကြားထဲကပဲ နောက်ကနေပြီး လောက်စာလုံးနဲ့ ပစ်လိုက်တာ ခေါင်းပေါက်သွားတယ်။ သွေးတွေ ရွှဲပဲ ပြန်လာတာပဲ။ ဒီဖန်ဂေါ်လီ လောက်စာလုံးကြီးတွေနဲ့ပစ်တာ ကျောတွေ၊ ပေါင်တွေ၊ ဖင်တွေ၊ တင်ပါးတွေမှာ အကုန်လုံး နည်းတဲ့ အကွက်ကြီးတွေ မဟုတ်ဘူး။ အခု လောလောဆယ် စာရင်းကောက်ထားတာက ၂၆ ယောက်လေ။ ဆေးလာထည့်တဲ့သူတွေပဲ ကောက်ထားတာ။ အသည်းအသန်ဖြစ်တာတော့ ဗိုက်ကြီးသည်တစ်ယောက်လေ။ ဗိုက်ကြီးသည်က ပြေးတော့လေ၊ ကလေးက စောင်းသွားတာလား၊ ဘာလား မသိဘူး။ ခုက Ambulance နဲ့ ဘားလမ်းတော့ ပို့ထားတာပဲ။”

အကြမ်းဖက် တိုက်ခိုက်သူတွေဟာ သိမ်ဖြူမီးရထားရပ်ကွက်ထဲကို ဝင်ရောက်လာတာကြောင့် ပထမ ၉ ယောက်ကို ဖမ်းဆီးပြီး ရဲလက်ကိုအပ်လိုက်ကြောင်းနဲ့ နောက်ပိုင်းမှာ ၅၁ ယောက်ကို ဖမ်းဆီးစစ်ဆေးစဉ် ရဲတပ်ဖွဲ့က လာရောက်တောင်းယူသွားတယ်လို့လည်း မီးရထားရပ်ကွက်နေ အမျိုးသမီးကပြောပါတယ်။

ရဲထံကို လွှဲအပ်တာကို မျက်မြင်တွေ့ခဲ့သူတစ်ဦးကတော့ ရပ်ကွက်နေ ပြည်သူတွေက နေ့ခင်း ၁၂ နာရီလောက် လွှဲပြောင်းပေးအပ်လိုက်တာတွေ့ရကြောင်း ပြောပါတယ်။

“ကျနော်တို့ ရောက်သွားတဲ့အချိန်မှာတော့ ဦးဖိုးကျားလမ်းထဲမှာ သူတို့ ဖမ်းထားပြီးမှ ရပ်ကွက်လူထုက စစ်ဆေးနေတာပေါ့။ ကျနော်တို့ ရောက်သွားပြီး ၁၀ မိနစ်လောက်ကြာတော့ လမ်းထိပ်မှာ စောင့်နေတဲ့ ရဲတပ်ဖွဲ့ကို ပြန်ပြီးတော့ ပို့တာပေါ့လေ။ ပြောကြတာတော့ အယောက် ၃၀ လောက်လို့ ပြောတယ်။ ပထမအသုတ်က အယောက် ၂၀ ပြန်လွှတ်လိုက်တယ်။ အယောက် ၂၀ ပြန်လွှတ်လိုက်တယ်ဆိုတော့ ၁၀ ယောက်လောက်ရှိမှာပေါ့။ အဲဒီ ၁၀ ယောက်လောက်ကို လမ်းထိပ်မှာ စောင့်နေတဲ့ ရဲဆီ ပြန်အပ်လိုက်တာပေါ့။”

မင်္ဂလာတောင်ညွှန့် ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာတော့ တာဝန်ကျအရာရှိတစ်ဦးက စိစစ်နေကြောင်း ပြောပါတယ်။

“ကျနော်တို့ စိစစ်နေတုန်း ရှိပါတယ်ခင်ဗျ။ ကျနော်တို့ အတတ်ပြောလို့ မရသေးပါဘူးခင်ဗျ။ ထောက်ခံတဲ့လူပါတယ်။ လမ်းဘေးက လူတွေလည်း ပါလာတယ်။ ကျနော်တို့ ဒီမှာစစ်တဲ့အခါကျတော့ လမ်းဘေးမှာ သူ့ဟာသူ taxi ကားမောင်းနေတဲ့လူတွေလည်း ပါလာတယ်ဗျ။ နောက်ပြီးသူတို့ taxi ကားငှားတယ်ဆိုတော့ သူ့ဟာသူ ကားနဲ့လာတဲ့လူတွေကိုလည်း တားပြီး ဖမ်းတာတွေလည်း ရှိတယ်။ ပင်စင်စားတွေလည်း ရှိတယ်။ ပဒေသာက သွားထုတ်တဲ့ လူတွေလည်း ရှိတယ်။ အဲဒီတော့ ကျနော်တို့က ဒီက အတိအကျ ပြောလို့ မရပါဘူးခင်ဗျာ။ စိစစ်နေပါတယ်ခင်ဗျာ။”

တပ်မတော်ထောက်ခံဆန္ဒပြသူတွေ ဆူးလေဘုရားဘက်အသွား ရှန်ဂရီလာ ဟိုတယ်အနီးမှာ လူတစ်ယောက်ကို ဓါးနဲ့ထိုးပြီး ဝိုင်းဝန်းရိုက်နှက်တာရှိခဲ့ပြီး ဒီအဖြစ်အပျက်ကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဟာ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံနေပါတယ်။

ခါတိုင်းရက်တွေမှာ ပုံမှန် ပိတ်ထားလေ့ရှိတဲ့ ဆူးလေ လမ်းမပေါ်က အတားအဆီးတွေကို တပ်မတော်ထောက်ခံသူတွေ ရောက်သွားတဲ့အချိန် ရဲတပ်ဖွဲ့က ဖွင့်လှစ်ပေးခဲ့ကြောင်းနဲ့ ဆူးလေဝန်းကျင်က ပြည်သူတွေက သံပုံးတီးချိန်မှာ ရဲတပ်ဖွဲ့က အကာအကွယ်ပေးတာရှိကြောင်းလည်း မျက်မြင်တွေ့သူတွေက ဗွီအိုအေကိုပြောပါတယ်။


မိုးဇော်/ VOA Burmese

https://burmese.voanews.com/a/military-supporter-myanmar-military-coup/5792257.html

ရန်ကုန်မြို့ ရုန်းရင်းဆန်ခတ်မှု လူ ၂၀ ထက်မနည်း ဒဏ်ရာရ ရန်ကုန်မြို့ ရုန်းရင်းဆန်ခတ်မှု လူ ၂၀ ထက်မနည်း ဒဏ်ရာရ Reviewed by THITHTOOLWIN on 20:05 Rating: 5

No comments:

Powered by Blogger.