ပျဥ်းမနားဆန္ဒပြပွဲ အဖမ်းခံရသူ ငါးဦးကို အကျဥ်းထောင်မှာ ချုပ်ထား

ပျဥ်းမနားဆန္ဒပြပွဲ အဖမ်းခံရသူ ငါးဦးကို အကျဥ်းထောင်မှာ ချုပ်ထား နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့မှာ ၂၀၂၁၊ ဖေဖော်ဝါရီ ၂၂ ရက်နေ့က စစ်အာဏာရှင်စနစ်ဆန့်ကျင်ဆန္ဒပြသူတွေကို တွေ့ရစဉ် / Photo: RFA


၂၂ ရက် ၂ လ ၂၀၂၁ ခုနှစ်၊ နေပြည်တော် ပျဥ်းမနားမြို့ ၂၂၂၂၂ လူထုလှုပ်ရှားမှုအတွင်း အဖမ်းခံခဲ့ရသူ ခြောက်ဦး အနက်၊ ငါးဦးကို နေပြည်တော် အကျဥ်းထောင်ကြီးမှာ ဆက်လက်ချုပ်နှောင်ထားပြီး ကျန်တစ်ဦး အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေဆဲလို့ သူတို့အားလုံးကို ကူညီဆောင်ရွက်ပေးနေတဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။

သူတို့ ခြောက်ဦးအနက် ကိုကျော်မင်းစိုး တစ်ဦးကတော့ အခုချိန်ထိ ဘယ်မှာထားမှန်းမသိဘဲ ပျောက်ဆုံး နေတယ်လို့ သူတို့ကို ကူညီပေးနေတဲ့ နေပြည်တော်အခြစိုက် အမည်မဖော်လိုတဲ့ စေတနာ့ဝန်ထမ်း ရှေ့နေ အဖွဲ့ဝင် ရှေ့နေတစ်ဦး က RFA ကို ပြောပါတယ်။

ကျန် ငါးဦးက ကိုနေမြတ်သူ၊ ကိုနေမျိုးကျော်၊ ကိုအောင်ကျော်မိုး၊ ကိုကျော်ဇေယျနဲ့ ကိုဗညားဦး တို့ဖြစ်ပြီး၊ သူတို့ အားလုံးကို နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်ရှိ နေပြည်တော်အကျဥ်းထောင်ကြီးမှာ ဆက်လက် ချုပ်နှောင်ထားတယ်လို့ အဲဒီရှေ့နေက ဆိုပါတယ်။

သူတို့ ငါးဦးအနက် ကိုနေမြတ်သူ တစ်ဦးတည်းကိုသာ လာမယ့် မတ်လ ၉ ရက်နေ့အထိ ဆက်လက် ချုပ်နှောင်ဖို့ ယမန် နှစ်ပတ် ယူထားပြီး၊ အဲဒီနေ့ ပုဗ္ဗသီရိတရားရုံးမှာ ရုံးထုတ်မထုတ်၊ စွဲချက်တင်မတင် စောင့်ကြည့်ရမယ်လို့ သူက ဆိုပါတယ်။

လောလောဆယ် သူတို့ရှေ့နေအဖွဲ့ရဲ့ စုံစမ်းချက်အရ ကိုနေမြတ်သူ ကို ၅၀၅ (က) သို့မဟုတ် (ခ) အပြင်၊ သဘာဝဘေးအန္တရာယ်ပုဒ်မနဲ့ပါ တရားစွဲနိုင်ချေရှိတယ်လို့လည်း အဲဒီရှေ့နေက ခန့်မှန်းပါတယ်။

ပုဒ်မ ၅၀၅ (က) ဟာ တပ်မတော်အပါအဝင် လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုခုကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှုဖြစ်ပြီး၊ ၅၀၅ (ခ) ကတော့ နိုင်ငံတော်နဲ့ နိုင်ငံတ်ောအစိုးရကို အကြည်ညိုပျက်အောင် လုပ်ဆောင်မှု ဖြစ်ပါတယ်။

ကိုနေမြတ်သူဟာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် အောင်သုခရွာကဖြစ်ပြီး ဆံပင်ညှပ်သမားတစ်ယောက် ဖြစ်ပါတယ်။ ပျဥ်းမနားမြို့ခံ မျက်မြင်တွေ့ရှိသူတစ်ဦးကတော့ ကိုနေမြတ်သူဟာ အဲဒီနေ့က ဆန္ဒပြသူတွေကို ရေဘူးတွေ ကမ်းနေရင်း အဖမ်းခံခဲ့ရတာလို့ RFA ကိုပြောပါတယ်။

ကျန် လေးဦးအနက် ကိုအောင်ကျော်မိုးက ပြင်ပကုမ္ပဏီ၀န်ထမ်းဖြစ်ပြီး၊ ကိုနေမျိုးကျော်က ပွဲရုံပိုင်ရှင်တစ်ဦး ဖြစ်ပါတယ်။ ကိုဗညားဦးနဲ့ ကိုကျော်ဇေယျက ၀န်ထမ်းတွေလား ကျောင်းသားခေါင်းဆောင်တွေလားဆိုတာ အခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

၂၂ ရက် ၂ လ ၂၀၂၁ ခုနှစ် နေပြည်တော် ပျဥ်းမနားမြို့ ၂၂၂၂၂ လူထုလှုပ်ရှားမှုကို ရဲနဲ့စစ်တပ်က အင်အားသုံး ဖြိုခွင်းခဲ့ပြီး စုစုပေါင်း လူ ၂၁၆ ဦးကို ဖမ်းဆီးခဲ့တာပါ။

သူတို့အားလုံးကို နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရှိ ရဲတပ်ရင်း ၂၀ မှာ တစ်ညချုပ်နှောင်ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှာ ၂၁၀ တိတိကို ပြန်လွှတ်ပေးလိုက်ပါတယ်။

အခုပျောက်ဆုံးနေတဲ့ ကိုကျော်မင်းစိုး အပါအဝင် လူ ခြောက်ဦးကိုတော့ ဆက်ဖမ်းထားတဲ့အကြောင်း ရဲတပ်ရင်း ၂၀ က ရှေ့နေတွေကို နာမည်စာရင်းသာပေးလိုက်ပြီး သူတို့ကို ဘယ်မှာဆက်ချုပ်မယ်၊ ဘယ် တရားရုံးမှာ ရုံးထုတ်မယ်ဆိုတာတွေကို အတိအကျမပြောခဲ့ဘူးလို့ လိုက်ပါကူညီပေးနေတဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။

ကိုကျော်မင်းစိုး အကြောင်း အသေးစိတ်သိနိုင်ဖို့ ရဲတပ်ရင်း ၂၀၊ ကွပ်ကွဲရေးမှူး ရဲမှူးချုပ် ကြည်လင်းကို RFA က အကြိမ်ကြိမ် ဖုန်းခေါ်ခဲ့ပေမယ့်လည်း လက်ခံဖြေကြားခြင်း မရှိပါဘူး။


RFA Burmese

https://www.rfa.org/burmese/news/arrested-five-people-from-pyinmana-is-in-jail-02252021052052.html

ပျဥ်းမနားဆန္ဒပြပွဲ အဖမ်းခံရသူ ငါးဦးကို အကျဥ်းထောင်မှာ ချုပ်ထား  ပျဥ်းမနားဆန္ဒပြပွဲ အဖမ်းခံရသူ ငါးဦးကို အကျဥ်းထောင်မှာ ချုပ်ထား Reviewed by THITHTOOLWIN on 20:56 Rating: 5

No comments:

Powered by Blogger.