မြန်မာအာဏာသိမ်းမှု အရေးယူဖို့ ကန်အထက်လွှတ်တော်အမတ်တွေဆီ မြန်မာတွေ ဖုန်းဆက် တိုက်တွန်း

အမေရိကန် လွှတ်တော်

မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေဖြစ်လာစေဖို့ အာဏာသိမ်းစစ်တပ် ဦးဆောင်တဲ့ အုပ်ချုပ်သူတွေကို ထိရောက်တဲ့ အရေးယူပိတ်ဆို့မှုလုပ်ပေးဖို့ အမေရိကန်ရောက် မြန်မာတွေက သက်ဆိုင်ရာပြည်နယ် အထက်လွှတ်တော် အမတ်တွေဆီ တရက်ထဲမှာ ဖုန်းခေါ်ဆိုမေတ္တာရပ်ခံတဲ့ လှုပ်ရှားမှုတရပ်ကို ကြာသပတေးနေ့က ပြုလုပ်ခဲ့ကြတဲ့အကြောင်း မမြသဇင်အောင်ကနေ ပြောပြပါမယ် ။

အမေရိကန်ရောက် မြန်မာတွေကသူတို့နေထိုင်တဲ့ သက်ဆိုင်ရာပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်တွေဆီကိုဖေဖေါ်ဝါရီ ၂၅ ရက် ကြာသပတေးနေ့ တရက်ထဲမှာ တပြိုင်နက်ထဲဆိုသလို ဖုန်းဆက်ပြီး မြန်မာ့အရေး ထိရောက်တဲ့ ဆုံးဖြတ်ချက်တွေ အမေရိကန်အစိုးရက ချမှတ်လာစေဖို့ တိုက်တွန်းခဲ့ကြတယ်လို့ဒီလှုပ်ရှားမှုမှာ ကိုယ်တိုင်ပါဝင်တဲ့ နယူးယောက်မြိုမှာ နေထိုင်သူ ဦးမိုးချမ်းက VOA ကို ပြောပါတယ်။

“အဓိကက ကျနော်တို့က ဒီမှာရှိနေတဲ့ နိုင်ငံခြားသံရုံးတွေပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂ ပဲဖြစ်ဖြစ် လက်သီးလက်မောင်းတွေသွားတန်းပြီးတော့ အော်နေတာလည်း ဒါက အုတ်တချက် သံတပွင့်ပဲ။ သို့သော်လည်း တကယ့်မူပိုင်းဆိုင်ရာပေါ့နော် ၊ ပေါ်လစီပိုင်းဆိုင်ရာနဲ့ ပတ်သက်တာကတော့ ကျနော်တို့ ဆုံးဖြတ်ချက်တွေ ချဖို့လိုတယ်ပေါ့နော်။ အထူးသဖြင့် လွှတ်တော်အမတ်တွေ အမေရိကန်အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေအနေနဲ့ မြန်မာပြည်က ဘာလိုနေတယ် ကျနော်တို့ မြန်မာပြည်ဖွားတွေဘာတောင်းဆိုချင်သလဲ သူတို့ကိုယ်စားပေါ့နော် ၊ မြန်မာနိုင်ငံက ခေါင်းဆောင်တွေကိုယ်စား ၊ ပြည်သူလူထုကိုယ်စား ဘာတွေတောင်းဆိုချင်တယ်ဆိုတာ သူတို့သိဖို့ လိုတယ်။ ဒါမှလည်း သူတို့ချတဲ့ မူဝါဒပိုင်းဆိုင်ရာတွေနဲ့ ဥပဒေပိုင်းဆိုင်ရာတွေမှာ ဒါတွေက ပါလာဖို့အရေးကြီးတယ်ပေါ့။ ဒါမှလည်း အမေရိကန်အစိုးရအနေနဲ့ အကောင်ထည်ဖော်စရာရှိတာ ဥပဒေနဲ့ မူပေါ်မှာမူတည်ပြီးတော့မှ ဖော်ရမှာကို ၊ အဲဒါကို ဖြစ်စေချင်လို့ပါ။”

မြန်မာနိုင်ငံမှာ စစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ အရပ်သားအစိုးရကို ဖမ်းဆီးဖယ်ရှားပြီး အာဏာရယူလိုက်ပြီးနောက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့အတူ အရေးပါတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို ပြီးခဲ့တဲ့အပတ်ထဲ အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားတာပါ။

ဒီ အရေးယူဒဏ်ခတ်မှုတွေက လုံလောက်မှု မရှိသေးဘူးလို့ အမေရိကန်ရောက် မြန်မာတွေကယူဆကြတာကြောင့် အခုလို အမေရိကန် အထက်လွှတ်တော်အမတ်တွေကို ဖုန်းဆက်မေတ္တာရပ်ခံတဲ့ လှုပ်ရှားမှုတွေ ပေါ်လာရပြီး ၊ ရှေ့ဆက်ပြီးလည်း လုပ်သွားကြမယ်လို့ ပြောပါတယ်။ ဒီလှုပ်ရှားမှုကို Generation XYZ အတူပူးပေါင်းအကောင်အထည်ဖော်တာဖြစ်တယ်လို့လည်း ဦးမိုးချမ်းက ပြောပါတယ်။

“အဓိက ဘယ်လို ဆက်သွယ်မလဲ ၊ ဘယ်လိုပြောမလဲ ၊ ဘယ်သူတွေကို ခေါ်ရမယ်။ တောင်းဆိုချက်က ဘာတွေဖြစ်သင့်တယ်။ အဲဒါတွေကို ကျနော်တို့ ဆွေးနွေးတိုင်ပင်ပြီးတော့မှ အားလုံးကို ပြန်ဖြန့်ပေးတဲ့ သဘောပါ။ အစိုးရနဲ့ လွှတ်တော်ကို အဓိက ကျနော်တို့ အာရုံစိုက်ပြီးတော့မှ မေတ္တာရပ်ခံတာပေါ့။ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဒီထက်မက ထိရောက်တာလေးတွေ ဒီထက်ပိုပြီးတော့ လုပ်ပေးနိုင်တဲ့အနေအထားမှာ ကျနော်တို့ မြင်တွေ့နေရတယ်။ ဒါတွေကို လုပ်ပေးဖို့အတွက် ကျနော်တိုက်တွန်းတာပါ။ မည်သူမဆို ကိုယ့်မြန်မာပြည်ဖွားတွေနဲ့ အင်္ဂလိပ်လို ပြောနိုင်တဲ့လူတွေအနေနဲ့ တာဝန်ယူပေးဖို့ ပြည်နယ်အလိုက်ပေါ့နော် ၊ ကိုယ်နေတဲ့ ပြည်နယ်ရဲ့ အထက်လွှတ်တော်အမတ်ကို ကိုယ်က ဆက်သွယ်ရတာပေါ့နော် ။ ဆိုတော့ ပြည်နယ်တခုမှာ အထက်လွှတ်တော်အမတ်က ၂ ယောက်ရှိတယ်။ အဲဒီ ၂ ယောက်ကို ဖုန်းခေါ်ပြီးတော့မှ ဘာပြောရမယ်ဆိုတာကို ကျနော်တို့ မနေ့ညက ZOOM အစည်းအဝေးခေါ်ပြီးတော့ ကျနော်တို့အားလုံး ရှင်းပြပေးတယ်ပေါ့နော်။ ပြီးတော့ တပြိုင်နက်တည်းမှာလည်း ကျနော်တို့ Facebook ကနေ live လွှင့်ပြီးတော့ ရှင်းပြပေးပါတယ်။ ဒါတင်မကပါဘူး ကျနော်တို့ Facebook ကနေ ဘာပြောရမယ်ဆိုတာကို အင်္ဂလိပ်လိုရေးပြီးတော့ ဖြန့်ထားတာရှိပါတယ်။ အဲဒါတွေကို ကြည့်ပြီးတော့မှ ပြောရင် ရပါတယ်။ အဲဒါဆိုရင်တော့ လုံလောက်ပါတယ်။ အဓိကတော့ အချက် ၃ ချက် အဲဒါကို မေတ္တာရပ်ခံပေးဖို့ ကျနော်တို့ တင်ပြထားတာပါ။”

ဒီလှုပ်ရှားမှု ဘယ်လောက်အထိ ထိရောက်မှုရှိနိုင်မလဲဆိုတာနဲ့ ပတ်သက်လို့တော့ ဦးမိုးချမ်းက အခုလိုပြောပါတယ်။

“ထိရောက်ဖို့အတွက်တော့ ကျနော်တို့အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားနေတာပေါ့နော် ဒါပေမယ့် ကျနော်တို့ တောင်းဆိုတဲ့ အချက် ၃ ချက်သာလျှင် အမေရိကန်လွှတ်တော်ကနေပြီးတော့မှ နောက်ထပ်ထုတ်မယ့် သူတို့ ဥပဒေထဲမှာ ပါလာတယ်ဆိုရင်တော့ ဒါက ထိရောက်တယ်လို့ ပြောလို့ရတာပေါ့နော်။ ဆိုတော့ ကျနော်တို့ လွှတ်တော်ကို ဖုန်းခေါ်ပြီးတော့ တိုက်တွန်းတာတင်မကဘူး ၊ ဒါမတိုင်ခင်မှာလည်း အနည်းဆုံး ၁ ထောင်အထက်မှာရှိတဲ့ မြန်မာပြည်ဖွားတွေပဲ ထိုးထားတဲ့ လက်မှတ် petition ကိုကောက်ပြီးတော့မှ အယောက် ၁ ထောင်ကျော် သူတို့တွေရဲ့ လက်မှတ်အတိအကျ ၊ အွန်လိုင်းမှာသွားပြီးတော့ ထိုးတာမဟုတ်ဘူး သူတို့တွေရဲ့ဘောပင်တွေနဲ့ ကိုယ်တိုင် လက်မှတ်ထိုးထားတဲ့ စာရွက်တွေနဲ့ ၁ ထောင်ကျော် ကျနော်တို့ ပို့ထားတာရှိပါတယ် ဒီလွှတ်တော်အမတ်တွေဆီကို။ ဆိုတော့ အဲဒီအချိန်ကျတော့ ဒါ ထိရောက်မယ်လို့ မျှော်လင့်တယ် ။ ဒီတခေါက် မရသေးဘူးဆိုရင်လည်း ကျနော်တို့ ဆက်လက်ပြီးတော့ ကြိုးစားသွားမှာပါ။ ဒါပေမယ့် ကျနော်ထင်ပါတယ် မထိရောက်စရာ အကြောင်းမရှိပါဘူး။ ကျနော်တို့ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေကို သမ္မတ ဘိုင်ဒင် ကိုယ်တိုင်က အသိအမှတ်စပြီးတော့ ပြုနေတာ ကျနော်တို့ တွေ့နေရပါတယ်။”

တချိန်ထဲမှာပဲ ဝါရှင်တန်ဒီစီ၊ ဗာဂျီးနီးယား ၊ မေရီလန်းပြည်နယ်မှာနေတဲ့ မြန်မာတွေကလည်း ကြာသပတေးနေ့ မွန်းလွဲပိုင်းက မြန်မာသံရုံးရှေ့ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

ဖေဖေါ်ဝါရီ ၂၆ ရက်နဲ့၂၇ရက်နေ့တွေမှာလည်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ CRPH ထောက်ခံဆန္ဒထုတ်ဖေါ်ပွဲ တွေကို အမေရိကန်နိုင်ငံတလွှား ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် ဆက်လုပ်သွားမယ်လို့ သိရပါတယ်။


မြသဇင်အောင်/ VOA Burmese

https://burmese.voanews.com/a/american-myanmar-call-senator-to-respond-on-myanmar-situation-/5793623.html

မြန်မာအာဏာသိမ်းမှု အရေးယူဖို့ ကန်အထက်လွှတ်တော်အမတ်တွေဆီ မြန်မာတွေ ဖုန်းဆက် တိုက်တွန်း မြန်မာအာဏာသိမ်းမှု အရေးယူဖို့ ကန်အထက်လွှတ်တော်အမတ်တွေဆီ မြန်မာတွေ ဖုန်းဆက် တိုက်တွန်း Reviewed by THITHTOOLWIN on 19:54 Rating: 5

No comments:

Powered by Blogger.