တာမွေမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒပြသူတွေကို ဖမ်းဆီးထား

တာမွေမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒပြသူတွေကို ဖမ်းဆီးထား ရန်ကုန်မှာ ဆန္ဒပြသူတွေကို လိုက်ရှာပြီး ဖမ်းနေတဲ့ ရဲတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၂၆ ရက်နေ့က တွေ့ရစဉ် / AFP Photo

ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်မှာ စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး အသစ်တွေကို မလိုလားကြောင်း ဖေဖော်ဝါရီ ၂၅ ရက် မနေ့ညနေပိုင်းက ကန့်ကွက်ဆန္ဒပြခဲ့လို့ စစ်တပ်နဲ့ ရဲတွေက လမ်းတွေထဲ ရပ်ကွက်နေပြည်သူတွေကို ဝင်ဖမ်းပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာတွေဖြစ်ခဲ့ပါတယ်။ ဒီဖြစ်စဉ်မှာ ဖမ်းဆီးခံထားရသူ ၅၀ နီးပါးရှိခဲ့ပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ တာမွေက အဓိကရုဏ်းမှာ အဖမ်းခံထားရသူ ၄၅ ဦးလောက်ရှိပြီး သူတို့တွေကို အင်းစိန်အကျဉ်းထောင် ပို့ထားတယ်လို့ စုံစမ်းသိရှိရကြောင်း အဖမ်းခံရသူတွေအတွက် ဥပဒေရေးရာ လိုက်ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးအောင်မျိုးချစ်က ပြောပါတယ်။

"ဖမ်းဆီးခံထားရသူ အကြမ်းဖျဉ်းကတော့ ၄၅ ယောက်ဝန်းကျင်တော့ရှိတယ်။ တောက်လျှောက်သွား ပြီးတော့ စခန်းမှာ သွားစုံစမ်းတော့ စခန်းမှာမရှိဘဲ တာဝန်ရှိရဲအရာရှိ ပြောတာကတော့ ညတွင်းချင်းပဲ သူတို့ကို အင်းစိန်ထောင်ကို ပို့ထားတယ်လို့ ပြောတယ်။"

တာမွေမြို့နယ် ဗညားလလမ်း ဘိုးလင်း အောင်မင်္ဂလာရပ်ကွက်အတွင်းမှာ စစ်ကောင်စီကခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးကို အလိုမရှိကြောင်း ဖေဖော်ဝါရီ ၂၅ ရက် မနေ့ ညနေ ၄ နာရီက ရပ်ကွက်တွင်း လှည့်လည် ဆန္ဒပြခဲ့ကြတဲ့ ပြည်သူတွေကို ရဲအင်အားအများအပြားသုံး ဖြိုခွင်းခဲ့ပြီး ဖမ်းဆီးခဲ့တာပါ။

ဘိုလင်း အောင်မင်္ဂလာရပ်ကွက် ဆန္ဒပြတဲ့နေရာနားက ရခိုင်မုန့်တီ ရောင်းနေသူ နှစ်ဦးလည်း အဖမ်းခံခဲ့ရပြီး သူတို့တွေ ဘယ်နေရာမှာရှိနေလဲဆိုတာ မသိရသေးဘူးလို့ ဖမ်းခံရသူရဲ့ သမီးဖြစ်သူ မစန္ဒာဝိုင်းက ပြောပါ တယ်။

“ဘာလုပ်လိုက်တာလဲ။ ဘယ်ကိုခေါ်သွားတာလဲ။ ဘယ်နေ့ပြန်လွတ်မှာလဲ ဒါမျိုးတွေ ဘာတစ်ခုမှမသိ ရဘူး။ ဖမ်းသွားသူတွေအကုန်လုံး လုံးဝအငွေ့ပျံသွားသလို ပျောက်နေတာ။ ဟိုပြောရင် ဟိုကိုလိုက် ဒီပြောရင် ဒီကို လိုက်နဲ့ ပျောက်သွားတဲ့ မိသားစုဝင်တွေကတော့ အရမ်းစိတ်ပူတယ်လေ။ တစ်နေရာ ရာမှာရှိနေတယ်။ ဘယ်နေရာမှာရှိနေတယ်။ ဘယ်နေ့ ဘယ်ချိန်ပြန်လွတ်နိုင်တယ် ဒီလိုမျိုးလေးသိရင် မိသားစုဝင်အနေနဲ့ နည်းနည်းစိတ်အေးနိုင်မယ်။ ဘာပဲပြောပြော ဘာလုပ်ပေးရမလဲဆိုတာကို စဉ်းစားပေး လို့ရတယ်။ အခုဘာလုပ်ပေးရမလဲဆိုတောင် စဉ်းစားပေးလို့မရဘူး။"

အဖမ်းခံရသူ နှစ်ဦးဟာ မနေ့က သူတို့ပုံမှန် ရခိုင်မုန့်တီဆိုင်ကိုဖွင့်ပြီး ရောင်းချနေတုန်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဆိုင်မှာရှိတဲ့ ရောင်းရငွေအကုန်လုံးကိုလည်း ရဲတွေက ယူသွားတယ်လို့ ဆိုပါတယ်။

တာမွေဖြစ်စဉ်မှာ အိမ်ထဲထိ လိုက်လံဖမ်းဆီးခဲ့သလို ဒီအဖြစ်အပျက်ကို သတင်းယူနေတဲ့ သတင်းထောက်တွေ လည်း အချိန်တစ်နာရီလောက် ပိတ်မိနေခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ အုပ်ချုပ်ရေးယန္တရားကို ပီပီပြင်ပြင် အကောင်အထည်ဖော်နိုင်ဖို့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးတွေနေရာမှာ စစ်တပ်ထောက်ခံသူတွေနဲ့ အစားထိုးဖို့ ကြိုးစားနေတာကို လက်မခံတဲ့အတွက် ပြည်သူတွေကဆန္ဒပြတာအပြင် ရပ်ကွက်ရုံးတွေကိုလည်း သော့ခတ်တာတွေလုပ်နေကြပါတယ်။

စစ်ကောင်စီက ခန့်အပ်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြည်သူတွေက လက်မခံသရွှေ့ ဟန်ပြအုပ်ချုပ်ရေး အတွက် ပြည်သူတွေကို ခြိမ်းခြောက်မှုပဲ လုပ်နိုင်လိမ့်မယ်လို့ တာမွေမြို့နယ်နေပြည်သူတစ်ဦး ဆိုပါတယ်။

“ရပ်ကွက်နေ ပြည်သူတွေက ၉၀ ရာခိုင်နှုန်း လုံးဝလက်မခံနိုင်တဲ့ အနေအထားမှာရှိတယ်။ လက်မခံလို့ပဲ ဒီရပ်ကွက်အသီးသီးမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး လာချတိုင်းလည်း ဆန္ဒပြတယ်။ ပြန်တုံ့ပြန်တယ်။ သော့ခတ်ပစ်တယ်ဆိုတာမျိုးတွေ ဖြစ်နေတာပေါ့နော်။ အဲတော့ သူတစ်ယောက်ထဲနဲ့တော့ အုပ်ချုပ်လို့ မရတာ သေချာတယ်။ ရန်ကုန်တိုင်း တစ်တိုင်းလုံးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်ထဲ အတွက် ကားအစီး ၂၀ လောက် နေရာတိုင်းချနိုင်သလားဆိုတာ မေးခွန်းထုတ်ရမှာပေါ့။ အဲလောက် အင်အားမရှိဘူးဆိုရင်တော့ သူတို့ဟာက ဟန်ပြပဲ လုပ်လို့ရမှာ။ သူတို့ခြိမ်းခြောက်လို့ပဲရမှာ။ တကယ်တမ်း သူတို့ အသက်ဝင်မှာ မဟုတ်ဘူး။”

အာဏာသိမ်းစစ်ကောင်စီက အသစ်ခန့်အပ်တဲ့ ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို အလိုမရှိကြောင်း မြောက်ဒဂုံမြို့နယ် ၄၁ တိုးချဲ့ရပ်ကွက်က ပြည်သူတွေ ကန့်ကွက်ဆန္ဒပြခဲ့တဲ့အတွက် အဲဒီရပ်ကွက်က ယာယီ အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ဝင် ဆယ်ဦးစလုံးဟာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတာဝန်ကနေ ဖေဖေါ်ဝါရီလ ၂၄ရက်နေ့က နုတ်ထွက်ခဲ့ကြပါတယ်။ အုပ်ချုပ်ရေးပျက်ပြားနေချိန်မှာ ရပ်ကွက်လုံခြုံရေး အတွက် ပြည်သူတွေပဲ စုပေါင်းဖွဲ့စည်းပြီး လုပ်ဆောင်နေတယ်လို့ ဒဂုံမြို့နယ်နေ ပြည်သူတစ်ဦးက ဆိုပါတယ်။

"ဟိုနေ့က စစ်ကောင်စီကခန့်အပ်တဲ့ ရပ်ကျေးကို မလိုအပ်ဘူးဆိုပြီး ပြည်သူလူထုက တောင်းဆိုတဲ့အခါ ကျတော့ ဆယ်ဦးပါအဖွဲ့က သူတို့စိတ်နဲ့သူတို့ နုတ်ထွက်သွားကြတယ်။ အခုလည်း လုံခြုံရေးအနေနဲ့ ပြည်သူ ၂၂ ယောက်ကို ဖွဲ့စည်းထားတယ်။ ယာယီပေါ့ဗျာ။ ကျွန်တော်တို့ အုပ်ချုပ်ရေး ပျက်ပြားချိန်မှာ ယာယီလုပ်လို့ရအောင်လို့ ဖွဲ့စည်းထားတာမျိုးရှိတယ်။ ဒဂုံမြောက်ထဲက ရပ်ကွက် တော်တော်များများ လည်း စစ်ကောင်စီကခန့်တဲ့ ရပ်ကျေးကော်မတီကို ကန့်ကွက်ပြီးတော့ သူ့နေရာသူ ပြန်ပြီးလုပ်နေ ကြတယ်။"

ပုစွန်တောင်မြို့နယ်မှာ ရပ်ကွက်ပေါင်း ဆယ်ရပ်ကွက်ရှိရာမှာ ရပ်ကွက် ရှစ်ခုမှာတော့ ပြည်သူ့အုပ်ချုပ်ရေးကို ဖွဲ့စည်းပြီးသွားပြီလို့ ပုစွန်တောင်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးတင့်လွင်က ပြောပါ တယ်။

"ကျွန်တော်တို့ဆီမှာ မြို့နယ်အုပ်ချုပ်ရေးပိုင်းကို ပြည်သူ့အုပ်ချုပ်ရေးကို ဖွဲ့စည်းပြီးသွားပြီ။ ရပ်ကွက် ၁၀ ကွက်မှာ ၈ ရပ်ကွက်လောက် ဖွဲ့စည်းပြီးသွားပါပြီ။ နှစ်ဖွဲ့လောက်ကတော့ ညှိနှိုင်းနေဆဲပါ။ တချို့က ကျတော့ သူတို့ချပေးတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပြည်သူက လက်ခံထားတဲ့ အခြေအနေမျိုးလည်း ရှိနိုင်တယ်။ အဲဒါမျိုးတွေကို ကျွန်တော်တို့က ဘာပဲဖြစ်ဖြစ် လူကိုလက်ခံနိုင်ပေမယ့် စနစ်အရ လက်မခံ နိုင်တဲ့ကိစ္စတွေကို ညှိနှိုင်းရတာတွေရှိတယ်။"

မြန်မာနိုင်ငံအနှံ့မှာ အစိုးရယန္တရားရဲ့ အခြေခံအကျဆုံး အစိတ်အပိုင်းဖြစ်တဲ့ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး မှူးတွေကို အာဏာသိမ်းစစ်ကောင်စီက ပြန်လည်ဖွဲ့စည်းနေပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအသစ်ကို လက်မခံတဲ့နေရာတွေ အများအပြား ရှိနေတာပါ။

မကွေးတိုင်းအတွင်းမှာလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီကနေ ပြန်လည်ခန့်အပ်တာတွေ လုပ်နေပါတယ်။ စစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးတွေမှာ ပြည်သူတွေကြိုက်နှစ်သက်တဲ့ အုပ်ချုပ် ရေးမှူးဟောင်းတွေ ပါဝင်ပေမယ့် စစ်ကောင်စီက ခန့်အပ်သူဖြစ်လို့ လက်မခံကြတာလို့ မကွေးမြို့ သိင်္ဂါဂီရိ ရပ်ကွက် အုပ်ချုပ်ရေးမှူးဟောင်း ဦးမျိုးခန့်က ဆိုပါတယ်။

“လက်ရှိအချိန်မှာတော့ ပြည်သူလူထုရဲ့အမြင်မှာက အများစုကစစ်အာဏာရှင်ဆိုတဲ့ အယူအဆကပဲ ရှိတယ်လေ၊ ရပ်ကွက်ရဲ့သာရေးနာရေး ရပ်ကွက်အတွက် အကျိုးဆိုတဲ့အနေအထားထက်၊ သူတွေ အားလုံးဖြစ်ချင်တဲ့ ဆန္ဒက စစ်အာဏာရှင်ဆန့်ကျင်တဲ့ အနေအထားပဲရှိပြီးတော့ ကျနော်တို့ဆို ဒါနှစ်ဆက်တာဝန်ထမ်းဆောင်ခဲ့တဲ့ အုပ်ချုပ်ရေးမှူးတွေကိုတောင်မှ ရပ်ကွက်အတွက် ကောင်းမှန်း သိပေမယ့် သူတို့လက်မခံဘူး။"

မကွေးမြို့နယ် မကြီးကန်ကျေးရွာက ဒေါ်လဲ့လဲ့နိုင်ကလည်း စစ်ကောင်စီက ခန့်အပ်တဲ့တာဝန်ကို ငြင်းဆို ထားပြီး ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။

"ရွာကတော့ သူတို့ဆီမှာ သူတို့ခန့်အပ်တဲ့စာတော့ ရောက်တယ်။ ဒါမေပဲ့ ကျေးရွာပြည်သူလူထုက လက်မခံပါဘူးဆိုတာကို တစ်နေ့က Live လွှင့်ပြီးတာလည်း တွေ့မှာပါ။ ကျွန်မအနေနဲ့ကတော့ CRPH လမ်းညွှန်ချက်အရ ကျေးရွာမှာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့ထားပြီး CRPH လမ်းညွှန်ချက်အတိုင်း ကိုယ့်ကျေးရွာကို ငြိမ်းချမ်းစွာ ကာကွယ်လုပ်ဆောင်နေပါတယ်။"

ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအလိုက် အနည်းဆုံး အဖွဲ့ဝင် ၁၁ ဦးပါ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ ကိုယ်တိုင်ဖွဲ့ကြဖို့ တိုက်တွန်း ထားပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ကစလို့ စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့တွင်းက ရပ်ကွက် တော်တော်များများမှာ လူစိမ်းတွေဝင်ပြီး ရပ်ကွက်မငြိမ်သက်အောင် လုပ်ဆောင်တာတွေရှိနေတာကြောင့် ရပ်ကွက် နေပြည်သူတွေဟာ ကိုယ့်လမ်းကိုယ်ပိတ်ပြီး ကိုယ်ထူကိုယ်ထ လုံခြုံရေးစောင့်နေကြရပြီး ရပ်ကွက် ကျေးရွာအလိုက် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းလာကြပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/military-arrested-nearly-50-civilians-in-tamwe-yesterday-02262021060141.html

တာမွေမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒပြသူတွေကို ဖမ်းဆီးထား  တာမွေမှာ အုပ်ချုပ်ရေးမှူးအသစ် ဆန္ဒပြသူတွေကို ဖမ်းဆီးထား Reviewed by THITHTOOLWIN on 19:50 Rating: 5

No comments:

Powered by Blogger.