မြေနီကုန်းနဲ့ လှည်းတန်း ဆန္ဒပြပွဲများ အင်အားသုံး ဖြိုခွဲခံရ

မြေနီကုန်းဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကအင်အားသုံးလူစုခွဲ

ရန်ကုန်နဲ့ မန္တလေးက ဒီကနေ့ဆန္ဒပြပွဲတွေကို ရဲနဲ့စစ်တပ်က အင်အားသုံးနှိမ်နင်းခဲ့ပြီး ပစ်ခတ်တာတွေလည်း ရှိခဲ့ပါတယ်။

အဲဒီဖြိုခွဲမှုအတွင်း ထိခိုက်ဒဏ်ရာရတာတွေ ရှိပေမယ့် အတိအကျတော့ မသိရသေးပါဘူး။ ရန်ကုန်မြို့၊ လှည်းတန်းအရပ်မှာ ပထမတကြိမ် ဖြိုခွဲပြီးတဲ့နောက် ရဲအင်အား ပြန်လျော့သွားချိန်မှာ ဆန္ဒပြသူတွေ ပြန်စုပြီး ကြွေးကျော်သံတွေ အော်ဟစ်ပြီးတော့ နောက်တကြိမ် ထပ်ပြီး ဆန္ဒပြကြပါတယ်။

အဲဒီဒုတိယအကြိမ်ကိုလည်း ရဲကဖြိုခွဲပြီး သေနတ်ပစ်ဖောက်ခဲ့ပါတယ်။

ဆန္ဒပြသူတွေထဲမှာ လေးဂွလို လက်နက်ကိုင်ဆောင်ထားသူတွေ ရောပါလာပြီး ရဲတွေကို တိုက်ခိုက်မယ့်ပုံ တွေ့ရပြီးတဲ့နောက် ဆန္ဒပြသူတွေက အဲဒီလူတွေကို ဖမ်းဆီးတဲ့ ဖြစ်ရပ်မျိုးတွေလည်းရှိခဲ့ပါတယ်။

ဒါပေမယ့် အဲဒီလိုဖမ်းလိုက်တဲ့သူတွေကို ပြန်လွှတ်ပေးခဲ့သလား၊ ရဲလက်အပ်သလား စတဲ့အသေးစိတ်တွေကိုတော့ မသိရပါဘူး။

ချင်းပြည်နယ် မတူပီမြို့မှာတော့ စစ်တပ်က အာဏာသိမ်းတဲ့နေ့ကစပြီး နေ့စဉ်နေ့တိုင်း အင်အားသောင်းဂဏန်းနဲ့ချီ ဆန္ဒပြနေတယ်လို့ ပါဝင်သူတဦးက ဗွီအိုအေကိုပြောပါတယ်။ ရဲနဲ့ စစ်တပ်က မြို့ပေါ်မှာ နေရာယူထားတယ်လို့လည်း သူကပြောပါတယ်။

"အာဏာပိုင်တွေအနေနဲ့ကတော့ အခုချိန်မှာ သက်ဆိုင်ရာဌာနတွေပေါ့ အဓိကအားဖြင့် အစိုးရရုံးဌာနတွေမှာ စစ်တပ်နဲ့ ရဲနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေက နေရာယူထားတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျမတို့ စီဒီအမ် မလုပ်ရေးအတွက်ကို ဦးတည်ပြီးတော့ ဖိနိုပ်နေတယ်လို့တော့ ကျမမြင်တယ်ပေါ့နော်။ နောက်တခါ မြို့ထဲမှာ ညဖက်ညဖက်တွေပေါ့ ရဲတွေ စစ်သားတွေ လက်နက်ကိုင်တွေကတော့ရှိနေပါတယ်။ ဒါကျမတို့ဖက်က မြင်ရတဲ့အမြင်ပါရှင့်"။

ရန်ကုန်မြို့က ဒီကနေ့ဆန္ဒပြပွဲတွေမှာ တက္ကသိုလ်ကောလိပ်ပေါင်းစုံနဲ့ ဆရာဆရာမတွေလည်း ပါဝင်လာပြီး ရန်ကုန်တက္ကသိုလ်ရှေ့မှာတော့ စစ်ကားတွေရပ်ထားပြီး လမ်းတွေကိုလည်းအကာအရံတွေချပြီး ပိတ်ဆို့ထားတာပါ။

မန္တလေးမှာလည်း ဆန္ဒပြသူတွေကို အာဏာပိုင်တွေဖက်က သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့တဲ့တွက် ထိခိုက်ဒဏ်ရာရတာတွေရှိခဲ့ပါတယ်။

ဆန္ဒပြသူ အတော်များများလည်း အဖမ်းခံခဲ့ရပါတယ်။ မန္တလေးမှာ ဆေးကျောင်းပေါင်းစုံသပိတ်စစ်ကြောင်းနဲ့ အင်ဂျင်နီယာသပိတ်စစ်ကြောင်း၂ ခုပေါင်းပြီးဆန္ဒပြရာမှာ လူဦးရေသိန်းနဲ့ချီပါဝင်ခဲ့တာပါ။

ခုလိုရဲတပ်ဖွဲ့ဖက်က အင်အားသုံးပြီး အကြမ်းဖက်နှိမ်နှင်းမှုတွေအပြင် စစ်တပ်ကို ထောက်ခံတဲ့ တန်ပြန်ဆန္ဒပြသူတွေဖက်က ကိုယ်ထိလက်ရောက်တိုက်ခို်က်တာတွေလည်းကြာသပတေးနေ့က တွေ့ခဲ့ရပါတယ်။

ဆန္ဒပြသူတွေအပေါ် အဲဒီလို ကိုယ်ထိလက်ရောက်တိုက်ခိုက်တာကိုအနားမှာရှိတဲ့ ရဲတပ်ဖွဲ့က ဒီအတိုင်းရပ်ကြည့်နေတာကိုလည်း လူမှုကွန်ယက်ပေါ်က ဓာတ်ပုံ၊ ဗွီဒီယိုတွေမှာ တွေ့ရပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/rangoon-two-protest-center-were-cracked-down-by-police/5793882.html

မြေနီကုန်းနဲ့ လှည်းတန်း ဆန္ဒပြပွဲများ အင်အားသုံး ဖြိုခွဲခံရ မြေနီကုန်းနဲ့ လှည်းတန်း ဆန္ဒပြပွဲများ အင်အားသုံး ဖြိုခွဲခံရ Reviewed by THITHTOOLWIN on 19:52 Rating: 5

No comments:

Powered by Blogger.