ရန်ကုန်အကြမ်းဖက်တိုက်ခိုက်မှု ၂ဝ ကျော် ဒဏ်ရာရပြီး တာမွေမှာ ပစ်ခတ်နှိမ်နင်းဖမ်းဆီး

 

ရန်ကုန်တိုင်း တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်မှာ ဒီနေ့ဖေဖော်ရီလ ၂၅ ရက်ညနေက စစ်တပ် နဲ့ရဲတွေကလမ်းတွေထဲရပ်ကွက်နေပြည်သူတွေကိုဝင်ဖမ်းပြီး သေနတ်နဲ့ပစ်ခတ်ခဲ့တာတွေဖြစ်ခဲ့ပါတယ်။ တပ်သား ရာနဲ့ချီပါတဲ့ စစ်ကား၊ ရဲကား ဆယ်ဂဏန်းကျော်ဟာ ဗညားဒလလမ်းပေါ်မှာနေရာ ယူထားပြီး ညဦးပိုင်းမှာတော့ လမ်းတွေထဲ ဝင်ပြီး အကြမ်းဖက် ပစ်ခတ်ဖမ်းဆီးနေတာပါ။

“မျက်စိရှေ့မှာတင် လူတွေကိုဖမ်းနေပါပြီ။ အချုပ်ကားတွေပေါ်တင်ပြီးတော့။ ချောင်ပိတ်ပြီးဖမ်းပါတယ် လူတွေကို။ ကျနော်တို့ကို ဘာမှဆွေးနွေးညှိနှိုင်းခြင်းမရှိဘဲ ချက်ချင်းပဲ သေနတ်တွေပစ်ဖောက်ပြီးတော့”

ဒါကတော့ အရပ်သားတယောက်ပြောနေတဲ့အသံပါ။

အောင်မင်္ဂလာလမ်းထဲမှာ အိမ်တွေထဲထိ အပြစ်မဲ့ပြည်သူတွေကို လိုက်ဖမ်းနေတဲ့အကြောင်းကိုလဲ ပြည်သူတယောက်ပြောနေတာအခုလိုကြားရပါတယ်။

“အဖွားကြီးတွေလည်း ပါတယ်။ အမျိုးသမီးတွေအနည်းဆုံး ငါးယောက်ခြောက်ယောက်ပါတယ်။ အားလုံး ပေါင်း ဆယ်ယောက်ကျော်ပါတယ်။ အခုတယောက်ပြီးတယောက်ထွက်လာပုံအရဆိုရင် ၁၂ ယောက် ၁၃ ယောက်လောက်ရှိပါတယ်”

အဖမ်းခံရတဲ့သူ ဒါဇင်နဲ့ချီပြီး ရှိမယ်လို့ အခုပြောနေတဲ့စကားအရသိရသလို၊ အာဏာသိမ်းစစ်ကောင်စီက ခန့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကို ပြည်သူတွေက လက်မခံကန့်ကွက်တဲ့အတွက် အကြမ်းဖက်ဖြိုခွဲတာလို့ သိရပါတယ်။

လူနာတင် ပရဟိတကားတစီးကိုလဲ နောက်ကနေ သေနတ်နဲ့လိုက်ပစ်တာအခုလိုတွေ့ရပါတယ်။ တာမွေမြို့နယ် ကျောက်မြောင်းရပ်ကွက်မှာ ဘာကြောင့်ပစ်ခတ်လဲ၊ ဒဏ်ရာရတဲ့သူတွေရှိလားဆိုတာ အခုချိန်မှာ အတိအကျ မသိရသေးပါဘူး။ အဲဒီနေရာမှာသတင်းထောက်တွေလဲပြေးလွှားပုန်းအောင်း နေရပြီး RFA သတင်းထောက်လည်း ပုန်းခိုနေရတဲ့ အခြေအနေဖြစ်လို့ မြို့နယ်ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေကိုလဲ RFA က လတ်တလော ဆက်သွယ်မေးမြန်းလို့ မရသေးပါဘူး။

အခုည ၁၀ နာရီကျော်အချိန်ထိ စစ်ကားနဲ့ ရဲကားတန်းက ယုဇနပလာဇာရှေ့ကနေဖြတ်မောင်းပြီး ပြည်သူတွေကို ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

အဲဒီ တာမွေမြို့နယ်နဲ့ထိစပ်နေတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်မှာတော့ ဒီနေ့ဖေဖော်ဝါရီလ ၂၅ ရက် မနက်ပိုင်းမှာ ကြေးစားလူမိုက်တွေက အရပ်သားပြည်သူတွေကို တုတ်၊ ဓါးလက်နက်တွေနဲ့ အကြမ်းဖက် တိုက်ခိုက်လို့ ဒဏ်ရာရတဲ့သူ အယောက် ၂၀ ကျော်ရှိတယ်လို့ အဲဒီမဲဆန္ဒနယ်ရဲ့ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကပြောပါတယ်။

“၂၅ ယောက် ဒဏ်ရာရသွားတယ်။ သူတို့က လေးခွတွေနဲ့ ပစ်တာကိုး။ တုတ်တွေရော စုံတယ် ဓားတွေလည်း ပါတယ်လေ။ အုတ်ခဲတွေနဲ့လဲထုတာပေါ့နော်။ အဓိကကဘာလဲဆိုတော့ အဲဒီနားက သူတို့က စုရပ်လုပ်တာပေါ့။ မြို့ထဲထွက်ဖို့ဆိုပြီး။ သိမ်ဖြူရထားရပ်ကွက်ဆိုတာ CDM လုပ်တဲ့ ဝန်ထမ်းတွေ အများဆုံး ရှိတာလေ။ ဝန်ထမ်းတွေကလဲသူတို့လာတော့ သံပုံးတွေတီးကြတယ်။ တီးလဲတီးရော သူတို့ဝင်ပြီး ပစ်တာ။ ခေါင်းတွေ ကွဲကြတယ်။ မိန်းကလေးတွေရော အမျိုးသမီးတွေရော တော်တော်များများ ယောကျ်ားတွေရော ဒဏ်ရာရကြတယ်။ နောက်ဆုံးကျတော့ ကြံ့ခိုင်ရေးနဲ့ရဲက ဝင်ပြီးထုတ်သွားတယ်ပေါ့နော် ဒီလူတွေ (တိုက်ခိုက်တဲ့သူတွေ) ကို”

ဆူးလေဘုရားလမ်းမှာလည်း တပ်မတော် ထောက်ခံသူတွေက တုတ်ဓားလက်နက်တွေနဲ့ အကြမ်းဖက်လို့ လူတယောက် ဓားဒဏ်ရာရသွားပါတယ်။ ဒါကြောင့် ဖေဖော်ဝါရီလ ၂၅ ရက် တရက်တည်းမှာတင် ရန်ကုန်မြို့မှာ ဒဏ်ရရတဲ့အရပ်သား အယောက် ၂၀ ကျော် ရှိခဲ့ပါတယ်။

အကြမ်းဖက်တဲ့လူတွေထဲမှာ မီးရထားဝန်ထမ်းလိုင်းခန်းတွေမှာ ငှားနေတဲ့သူတချို့ပါနေတဲ့အတွက် ဒေသခံတွေက သူတို့ကိုလက်မခံချင်တော့ဘူးလို့သိရပါတယ်။ အခုလို ရန်ကုန်မြို့မှာ အကြမ်းဖက်နေတဲ့အချိန်မှာ နေပြည်တော်မှာလဲ ည ၈ နာရီအချိန်က စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီး မောင်းထုတ်တဲ့ သပြေကုန်းရပ်ကွက်မှာ သေနတ်ပစ်သံ ၇ ချက်ထက် မနည်း ကြားရသလို၊ ရွှေကြာပင် ရပ်ကွက်မှာလဲ သေနတ်သံ အနည်းဆုံး ၅ ချက်လောက်ကြားရတယ်လို့ ဒေသခံတွေက RFA ကိုပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေ ပေါ်ပေါက်လာသလို၊ ဒီဆန္ဒပြပွဲတွေကို အကြမ်းမဖက်ဖို့၊ တည်ငြိမ်အောင်စိတ်ရှည်ရှည်နဲ့ ထိန်းသိမ်းဖို့ စစ်အာဏာပိုင်တွေကို ကုလသမဂ္ဂရော အမေရိကန်၊ ဥရောပ၊ ဂျပန်နဲ့ သြစတေးလျစတဲ့ နိုင်ငံကြီးတွေက တိုက်တွန်းပြောဆိုထားပါတယ်။ ဒါပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းတဲ့အတွက် သေဆုံးသူ အနည်းဆုံး ၈ ယောက်ရှိပြီလို့ သိရပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/yangon-roit-pro-military-02252021154858.html



ရန်ကုန်အကြမ်းဖက်တိုက်ခိုက်မှု ၂ဝ ကျော် ဒဏ်ရာရပြီး တာမွေမှာ ပစ်ခတ်နှိမ်နင်းဖမ်းဆီး  ရန်ကုန်အကြမ်းဖက်တိုက်ခိုက်မှု ၂ဝ ကျော် ဒဏ်ရာရပြီး တာမွေမှာ ပစ်ခတ်နှိမ်နင်းဖမ်းဆီး Reviewed by THITHTOOLWIN on 06:29 Rating: 5

No comments:

Powered by Blogger.