ကိုဗစ်ပြဿနာကိုင်တွယ်ဖို့ အမေရိကန် WHO နှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်မည်

အမေရိကန်နိုင်ငံဟာ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နိုင်ငံတကာ COVID 19 ကာကွယ်ဆေးဆိုင်ရာ COVAX အဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ကူးစက်ရောဂါဆိုင်ရာ အမေရိကန်ထိပ်တန်းပညာရှင် ဒေါက်တာ Anthony Fauci က ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုဟာ COVID- 19 ကပ်ရောဂါ ဆိုင်ရာတုန့်ပြန်ရေးနဲ့ ပြန်လည်နလံထူရေး အတွက် နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်ဖို့ စီစဉ်နေတယ်ဆိုတာကို ဝမ်းမြောက်ဝမ်းသာ ကြေညာကြောင်း ပြောသွားတာပါ။ သမ္မတဂျိုးဘိုင်ဒန်က က ဒီကနေ့ပဲ ညွှန်ကြားလွှာထုတ်ပြန်မှာ ဖြစ်ပြီး အဲဒီထဲမှာ အမေရိကန်နိုင်ငံ COVAX မှာ ပါဝင်ဖို့နဲ့ ဒီရောဂါဆိုင်ရာ ကာကွယ်ဆေး၊ ကုသမှုနဲ့ အညီအမျှ ရရှိရေး အပြင် သုတေသနနဲ့ ဖွံ့ဖြိုးရေးအတွက်ပါ နိုင်ငံတကာ လက်တွဲလုပ်ဆောင်နေတဲ့ ACT ကို ကူညီပံ့ပိုးဖို့ တွေပါပါဝင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးအတွက် ငွေကြေးထောက်ပံ့မှုအပြင် အရင်အဖွဲ့ဝင် အဖြစ် ရှိစဉ်က ပေးထားတဲ့ ကတိကဝတ်တွေအတိုင်း ဆောင်ရွက်ဖို့ ရှိကြောင်းလည်းပြောပါတယ်။

WHO နဲ့ ပြန်ပြီး ပူးပေါင်းဆောင်ရွက်မယ်လို့ ကတိပေးထားတဲ့ ဂျိုးဘိုင်ဒန်က သူသမ္မတတာဝန်ယူပြီး ပထမနေ့မှာ ဒီအမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် ဒေါက်တာ Fauci ကပြောကြားလိုက်တာ ဖြစ်ပါတယ်။

မနှစ်က နှစ်ကုန်ပိုင်းမှာ တရုတ်နိုင်ငံ ဝူဟန်မှာ စတွေ့ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးနဲ့ ပတ်သက်ပြီး တရုတ်ရဲ့ဖုံးကွယ်ထားမှုတွေကို WHO က အကူညီပေးနေတယ်လို့စွပ်စွဲပြီး အရင်သမ္မတ ဒေါ်နယ်ထရမ့်က WHO အဖွဲ့ဝင်အဖြစ်ကနေ အမေရိကန်နှုတ်ထွက်ကြောင်း မေလထဲမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။

ဒေါက်တာ Fauci ရဲ့ ပြောကြားချက်အတွက် WHO အကြီးအကဲ Tedros Adhanom Ghebreyesus က ကြိုဆိုလိုက် ပြီး ဒါဟာ WHO အတွက်ရော ကမ္ဘာ့ကျန်းမာရေးအတွက်ပါ သတင်းကောင်းရတဲ့ နေ့ဖြစ်ကြောင်း ပြောပါတယ်။ ကြာသပတေးနေ့မှာပဲ COVAX အဖွဲ့ကြီးက ကြေညာချက် ထုတ်ပြန်ရာမှာ ဒီနှစ်ထဲမှာ ကမ္ဘာ့ဆင်းရဲတဲ့နိုင်ငံတွေကို COVID-19 ကာကွယ်ဆေး ၁.၈ ဘီလီယံကို ဖြန့်ဝေပေးဖို့ရှိကြောင်း ပြောပါတယ်။

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် အကူးစက်ခံရသူ ၉ ၇ သန်းနီးပါးဖြစ်လာနေပြီး ဒီရောဂါကြောင့် သေဆုံးရသူ ၂ သန်းကျော်လာနေပြီလို့ Johns Hopkins စစ်တမ်းမှာ ဖေါ်ပြပါတယ်။

ကမ္ဘာ့နိုင်ငံတွေကတော့ ဒီရောဂါအတွက် ထွက်နေပြီဖြစ်တဲ့ ကာကွယ်ဆေးကို အလျင်မီအောင် ထုတ်နိုင်ဖို့ ကြိုးစားနေကြတာပါ။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/who-covid19-joebidan-covax-fauci-/5747444.html

ကိုဗစ်ပြဿနာကိုင်တွယ်ဖို့ အမေရိကန် WHO နှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်မည် ကိုဗစ်ပြဿနာကိုင်တွယ်ဖို့ အမေရိကန် WHO နှင့် ပြန်လည်ပူးပေါင်းဆောင်ရွက်မည် Reviewed by THITHTOOLWIN on 01:10 Rating: 5

No comments:

Powered by Blogger.