ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်စဖို့ အလားအလာ ကောင်းကြောင်း TNLA ပြောဆို

ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်စဖို့ အလားအလာ ကောင်းကြောင်း TNLA ပြောဆို TNLA တပ်ဖွဲ့ဝင်အချို့ကို ကျင်းပတဲ့ ဗိုလ်‌လောင်းသင်တန်းဆင်း အခမ်းအနားမှာ ၂၀၂၀၊ ဇူလိုင် ၂၃ ရက်နေ့က တွေ့ရစဉ် / Photo: Kan Thar / RFA

ရပ်တန့်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်လည်စတင်ဖို့ အခြေအနေကောင်းတယ်လို့ ရှုမြင်ကြောင်း တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က ဒီနေ့ ထုတ်ပြန်ပြောလိုက်ပါတယ်။

ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၉ ရက်နေ့ အထိ TNLA ရဲ့ ဗဟိုဌာနချုပ်မှာပြုလုပ်တဲ့ ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးရဲ့ သဘောထားထုတ်ပြန်ချက်မှာ ထည့်သွင်းပြောဆိုထားတာပါ။

၂၀၂၀ အထွေထွေရွေးကောက်ပွဲ နောက်ပိုင်း TNLA တပ်ဖွဲ့ရဲ့မဟာမိတ်ဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA နဲ့ မြန်မာ့တပ်မတော်တို့ ဆွေးနွေးမှုစတင်နိုင်ပြီး ရခိုင်ပြည်နယ်မှာ လတ်တလော အပစ်ရပ်တန့်နိုင်တာနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၂၀ အလွန် ငြိမ်းချမ်းရေး ဖွဲ့စည်းတည်ဆောက်မှု အသစ် ဖော်ဆောင်မယ်ဆိုတဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားတွေကြောင့် ရှေ့ဆက်ဖို့ခက်ခဲနေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြန်လည်အစပြုဖို့ အခြေအနေကောင်းတယ်လို့ ရှုမြင်တာဖြစ်ကြောင်း ပြောထားပါတယ်။

TNLA အနေနဲ့လည်း အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် အမြဲတမ်း အသင့်ရှိနေတယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းပြောထားပါတယ်။

TNLA ရဲ့ဗဟိုကော်မတီ နှစ်ပတ်လည် အစည်းအဝေးမှာ နိုင်ငံရေး၊ စစ်ရေးပြင်ဆင်သုံးသပ်တာ၊ အုပ်ချုပ်ရေး လုပ်ငန်းတွေ ပိုမိုဆောင်ရွက်နိုင်ဖို့ ခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးဌာနတွေကို သုံးသပ်ပြီး လိုအပ်တဲ့ ဗဟိုလုပ်ငန်း ဌာနတွေကိုလည်း ပြင်ဆင်ခြင်းတွေပြုလုပ်ခဲ့တယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီကနေ့ထုတ်ပြန်တဲ့ ဗဟိုကော်မတီ နှစ်ပတ်လည်အစည်းအဝေးရဲ့ သဘောထားထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး အသေးစိတ်သိရဖို့ TNLA ပြောခွင့်ရသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို ဖုန်းခေါ်ဆိုပေမယ့် ခေါ်ဆိုလို့မရပါဘူး။

TNLA အဖွဲ့အနေနဲ့ တပ်မတော်နဲ့ RCSS တပ်ဖွဲ့တွေ တစ်ဖက်သတ် ထိုးစစ်တွေရှိလာရင် ခုခံကာကွယ် သွားမယ်လို့ ဒီနေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဒါ့အပြင် တအာင်းဒေသကပြည်သူတွေ ကိုဗစ် - ၁၉ ရောဂါကင်းဝေးဖို့၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ဖို့အပြင် တရားဥပဒေစိုးမိုးရေးနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းတွေကို ဆက်လက် ဖော်ဆောင်မယ်လို့ ဆိုထားပါတယ်။

TNLA တပ်ဖွဲ့ဟာ ၂၀၁၆ ခုနှစ်ကတည်းက မိုးကုတ်မြို့မှာရှိတဲ့ ကျောက်ကုန်သည်တွေနဲ့ လုပ်ငန်းရှင်တွေ ထံကနေ အခွန်ငွေကောက်ခံနေပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက်နေ့ကလည်း မိုးကုတ်မြို့ စံပြမုန့်တိုက်ပိုင်ရှင်ကို အခွန်ငွေကိစ္စနဲ့ပဲ မိုးကုတ်မြို့ အောင်ချမ်းသာဈေးအနားမှာ ဖမ်းဆီးခေါ်ဆောင်သွားတာတွေ ရှိပါတယ်။ အဲဒီနောက် တစ်လကျော်အကြာ ဇန်နဝါရီ ၁၅ ရက်နေ့မှာမှ စံပြမုန့်တိုက်ပိုင်ရှင်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့နဲ့ နမ္မတူမြို့တွေမှာလည်း TNLA နဲ့ RCSS တပ်တွေ ဒီလဆန်းက တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီတိုက်ပွဲတွေကြောင့် ဒေသခံ နှစ်ထောင့် ငါးရာကျော် ထွက်ပြေးတိမ်းရှောင် နေရတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ဇန်နဝါရီ ၁၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/tnla-peace-process-01182021053053.html

ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်စဖို့ အလားအလာ ကောင်းကြောင်း TNLA ပြောဆို  ငြိမ်းချမ်းရေးလုပ်ငန်းတွေ ပြန်စဖို့ အလားအလာ ကောင်းကြောင်း TNLA ပြောဆို Reviewed by THITHTOOLWIN on 21:50 Rating: 5

No comments:

Powered by Blogger.