ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ NLD ကပဲ ဆက်ယူထားဖွယ်ရှိ

NLD ပါတီကို ထောက်ခံသူများ။ (အောက်တိုဘာ ၂၁၊ ၂၀၂၀)

အာဏာရ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ လာမယ့် အစိုးရသက်တမ်းမှာ ပြည်နယ်ဝန်ကြီးချုပ် ရာထူးတွေကို အရင်လိုပဲ ဆက်ယူထားမယ်ဆိုရင် မျှော်မှန်းထားသလို အမျိုးသား ညီညွတ်ရေး ဖြစ်နိုင်ပါ့မလားဆိုပြီး မေးခွန်းထုတ်နေကြတဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပြီးနောက် အမျိုးသားညီညွှတ်ရေးကို ဦးတည်မယ့် အနာဂတ်ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ်ဆိုပြီး NLD က ပြောဆိုထားတဲ့အတွက် အစိုးရအဖွဲ့သစ်မှာ တိုင်းရင်းသားတွေ ပိုမိုပါဝင်လာနိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။ ဒါပေမဲ့လည်း တိုင်းနဲ့ပြည်နယ် ဝန်ကြီးချုပ်နေရာ ရာထူးတွေကိုတော့ ပါတီဝင်တွေကိုသာ ခန့်အပ်ဖို့ အလားအလာ ရှိနေတဲ့အကြောင်း NLD ပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က မနေ့တုန်းကပဲ သတင်းထောက်တွေကို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

"အခြေခံဥပဒေ ပေးထားချက်ကိုယ်တိုင်ကိုက ဘာလဲဆိုတော့ ဝန်ကြီးချုပ်ဆိုတာ အစိုးရဖွဲ့ရတဲ့သူက ပေးတာပေါ့နော်။ ဘာပဲပြောပြော ဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်နိုင်လို့ အစိုးရဖွဲ့မယ်ဆိုရင် ဝန်ကြီးချုပ်ကတော့ ကျနော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပဲ ဖြစ်ဖို့များပါတယ်။ အရင်တုန်းကလည်း ဒီအတိုင်းပါပဲ။ ၂၀၀၈ အခြေခံဥပဒေဖွဲ့စည်းပုံ ပေးထားချက်ကို ကျနော်တို့ သုံးတာ။ ကျနော်တို့ ဇွတ်ယူတာမှ မဟုတ်ဘဲနဲ့။"

ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း NLD ပါတီက တိုင်းရင်းသားနိုင်ငံရေးပါတီတွေ အများစု အနိုင်ရထားတဲ့ ဒေသတွေ အပါအဝင် တိုင်းနဲ့ပြည်နယ်တွေမှာ ပါတီဝင်တွေကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့တာကြောင့် မကျေနပ်တဲ့ သဘောထားတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။

ဒီတကြိမ်မှာလည်း အရင်အတိုင်း ခန့်အပ်သွားမယ်ဆိုရင် အမျိုးသားညီညွတ်ရေးအတွက် အလှမ်းဝေးနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်က သတိပေးပါတယ်။

"အဲဒါကတော့ ၂၀၁၅၊ ၂၀၂၀ မှာ ဝေဖန်သုံးသပ်ခဲ့ကြတဲ့ အနေအထားကို လျစ်လျူရှုပြီးတော့ အနိုင်ရပါတီရဲ့ မူအတိုင်းပဲ ဆက်သွားမယ်ဆိုတဲ့ အနေအထားကို ပြသလိုက်ရာ ရောက်တာပေါ့လေ။ ဆိုတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်၊ အသစ်ပြန်ရေးမယ်ဆိုတာမှာ ၂၀၀၈ ရဲ့ ပေးထားချက်အရ... ဆိုတာမျိုးကို သုံးလိုက်ပြီဆိုတော့လည်း မကြိုက်ပါဘူးဆိုတဲ့ ဥပဒေတခုဟာ အနိုင်ရပါတီတခုရဲ့ သာကွက်၊ အသာအစီး အနေအထားမျိုးကို ရောက်သွားပြီဆိုတော့လည်း ဘယ်လောက်ပဲ ဝေဖန်သုံးသပ်ထောက်ပြပါလေစေ မုစရာမလိုဘူးဆိုတဲ့ အနေအထားမျိုးကို ရောက်သွားတယ်လို့ပဲ မြင်ပါတယ်။"

ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲမှာ NLD ပါတီက အများစုအဖြစ် အနိုင်ရခဲ့ပေမဲ့ ရခိုင်၊ ရှမ်းနဲ့ ကယားပြည်နယ်တွေလို တိုင်းရင်းသားဒေသတချို့မှာတော့ ဒေသခံတိုင်းရင်းသား ပါတီတွေ အများစု အနိုင်ရခဲ့ကြတာပါ။

ရွေးကောက်ပွဲအပြီးမှာပဲ NLD ပါတီ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့က တိုင်းရင်းသား ဒေသတချို့ကို သွားရောက်ပြီး ဆွေးနွေးဖို့ စီစဉ်ခဲ့ပေမဲ့ တွေ့ဆုံမှုတွေ အဋ္ဌမမြောက်ခဲ့တာတွေလည်း ရှိခဲ့ပါတယ်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူလည်းဖြစ်၊ မြန်မာ့ မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျူ (ISP Myanmar) ရဲ့ ပြင်ပဆက်ဆံရေး ဒါရိုက်တာ ဦးအောင်သူငြိမ်းကတော့ NLD ပါတီအနေနဲ့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာ ကျင့်သုံးခဲ့တဲ့ တချို့မူဝါဒတွေကို ပြန်လည်သုံးသပ် ပြင်ဆင်ဖို့ လိုတယ်လို့ ထောက်ပြပါတယ်။

"NLD ပါတီက အပြတ်အသတ်နိုင်ထားတယ်ဆိုတဲ့အခါကျတော့ သူ့လူကိုသူ ဝန်ကြီးချုပ်ခန့်တာတော့ ပြဿနာမရှိဘူးပေါ့နော်။ ဒါပေမဲ့လည်း ရခိုင်မှာ ပြဿနာရှိတယ်ဗျ။ ဘာလို့လည်းဆိုတော့ ခုချိန်မှာ ကိုးမြို့နယ်မှာ ရွေးကောက်ပွဲမလုပ်ရသေးဘူး။ အဲဒီကြားထဲမှာမှ ခန့်လိုက်မယ်ဆိုရင် ခန့်တဲ့ဝန်ကြီးချုပ်က NLD ကပဲ ဖြစ်ဦးမယ်ဆိုရင် တရားဝင်မှုက အားနည်းနိုင်တယ်။ ပြည်နယ်ဝန်ကြီးချုပ်ဆိုတဲ့သူက သူ့ပြည်နယ်ကို ကိုယ်စားပြုဖို့တော့လိုတယ်။ ရှမ်းပြည်မှာဆိုရင် ရှမ်းတမျိုးထဲမဟုတ်ဘူးလေ၊ ကျန်တဲ့ တိုင်းရင်းသားအသီးသီးပါရှိတော့ အားလုံး ကျေနပ်အောင်ကိုယ်စားပြုမှုမျိုး သူပြဖို့လိုတယ်။ အရည်အချင်းလိုတယ်ပေါ့နော်။ ဒီပြည်နယ်တိုင်းဝန်ကြီးချုပ်လုပ်မယ့်သူတွေက အခု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ထဲထဲဝင်ဝင်နားလည်တဲ့လူမျိုးဖြစ်သင့်တယ်။ ဒါမှလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်မှာပေါ့နော်။ နောက်တခုက ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေက သူ့ပြည်နယ်တိုင်းကို ကိုယ်စားပြုပြီးတော့ ပြောရဲဆိုရဲတဲ့သူမျိုး ဖြစ်သင့်တာပေါ့ဗျ။ ပါတီကို သစ္စာခံနားထောင်နေတာမျိုးမဟုတ်ဘူးလေ။ ဆိုပါတော့ ကျနော်တို့ ကရင်ပြည်နယ်က ဒါလိုတယ်ဆိုတယ်ဆိုရင် အပေါ်ကို ပြန်ပြီးတော့ သေချာပြန်တောင်းဆိုရဲတဲ့ သူမျိုးဖြစ်ဖို့လိုတယ်လို့ ထင်ပါတယ်။"

လာမယ့် အစိုးရသစ်ကို ရွေးချယ်ပေးမယ့် ပြည်ထောင်စုအဆင့် တတိယအကြိမ်လွှတ်တော်ကိုတော့ ရှေ့လ ဖေဖော်ဝါရီ ပထမပတ်ထဲမှာ စတင်ကျင်းပမှာဖြစ်ပြီး တိုင်းနဲ့ပြည်နယ် လွှတ်တော်တွေကိုတော့ ဒုတိယပတ်ထဲမှာ ကျင်းပမှာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ေမခ/ VOA Burmese

https://burmese.voanews.com/a/myanmar-politics-parliament/5747879.html

ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ NLD ကပဲ ဆက်ယူထားဖွယ်ရှိ ပြည်နယ်တိုင်းဝန်ကြီးချုပ်တွေ NLD ကပဲ ဆက်ယူထားဖွယ်ရှိ Reviewed by THITHTOOLWIN on 23:07 Rating: 5

No comments:

Powered by Blogger.