NLD က တင်မယ့် ဝန်ကြီးချုပ်၊ လွှတ်တော်အကြီးအကဲနေရာတွေအတွက် လျာထားပြီးဖြစ်

ရွေးကောက်ပွဲမှာလွှတ်တော်နေရာအများစုအနိုင်ရခဲ့တဲ့ အန်အယ်လ်ဒီပါတီဟာ အစိုးရသစ်ကို ပြည်သူတွေရဲ့အသံကိုနားထောင်ပြီး စွမ်းဆောင်ရည်ထက်မြက်တဲ့ဝန်ကြီးတွေကို ရွေးချယ်သွားမယ်လို့ ပြောကြားထား

အသစ်စတင်မယ့် တတိယအကြိမ် တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်တွေကို လာမယ့် ဖေဖော်ဝါရီ ၈ ရက်နဲ့ ၉ ရက်မှာ ကျင်းပဖို့ လက်ရှိ ဥက္ကဋ္ဌတွေက သက်ဆိုင်ရာတိုင်းနဲ့ပြည်နယ်အလိုက် အသီးသီးစာပေး ပို့ထားပြီဖြစ်ပါတယ်။

လွှတ်တော်သစ်တွေရဲ့ ပထမဆုံးရက်မှာ လွှတ်တော်ဥက္ကဋ္ဌတွေကို ရွေးချယ်တင်မြှောက်ရဖို့ရှိနေပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်၊ ရှမ်းပြည်နယ်လွှတ်တော်နဲ့ ကယားပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာတွေအတွက်ကလွဲလို့ ကျန်တဲ့လွှတ်တော်အားလုံးကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တင်မြှောက်နိုင်မှာပဲဖြစ်ပါတယ်။

လွှတ်တော်သစ်တွေရဲ့ ပထမဆုံးရက်မှာ လွှတ်တော်ဥက္ကဋ္ဌတွေကို ရွေးချယ်တင်မြှောက်ရဖို့ရှိနေ

တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌနေရာတွေအတွက် ရွေးချယ်ထား

လွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနေရာအတွက် ခန့်ထားမယ့်သူတွေကို ပါတီအနေနဲ့ရွေးချယ်ထားပြီးဖြစ်တယ်လို့လည်း NLD ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကဘီဘီစီကိုပြောပါတယ်။

' ' ဘယ်သူတွေဆိုတာကိုတော့ အပြင်ကို ထုတ်ပြောသွားဦးမှာမဟုတ်သေးပါဘူး။ ကိုယ့်ပါတီက ကိုယ်စား လှယ်တွေကိုပဲ အသိပေးပြီးတော့ သူတို့ကနေ လွှတ်တော်မှာဆက်လုပ်သွား မှာပါ။''လို့ သူကပြောပါတယ်။

ရှမ်းပြည်နယ်လွှတ်တော်မှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ အများစုအနိုင်ရထားတာပါ။ ဒါပေမဲ့ ပြည်ခိုင်ဖြိုးနဲ့တပ်မတော်ပေါင်းထားတဲ့ မဲအရေအတွက်ကလည်း လွှတ်တော်ဥက္ကဋ္ဌနေရာကိုမျှော်လင့်နိုင်တဲ့အနေအထားဖြစ်ပါတယ်။

ဒါကြောင့် အင်အားစု သုံးခုမှာ နှစ်ခုပေါင်းပြီးမှဘဲ လွှတ်တော်ဥက္ကဋ္ဌနေရာကို တင်‌မြှောက်နိုင်မှာလည်း ဖြစ်ပါတယ်။

''ကျွန်တော်တို့ရပ်လိုက်တဲ့ဘက်ကနိုင်မှာပဲ။'' လို့ ရှမ်းပြည်နယ်လွှတ်တော်ရဲ့ အခြေအနေကို ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ စိုင်းညွန့်လွင်က သုံးသပ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကတောင်ကြီးမြို့မှာတွေ့ခဲ့ကြတဲ့ NLD နဲ့ SNLD တွေ့ဆုံပွဲမှာ ဆွေးနွေးညှိနှိုင်းခဲ့မှုတွေက လွှတ်တော်ဥက္ကဋ္ဌနေရာကို အဆုံးအဖြတ်ပေးသွားလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ် တွေက သုံးသပ်နေကြပါတယ်။

' ' ရှမ်းနဲ့ကတော့ သွားဆွေးနွေးတဲ့အဖွဲ့ဆီက အစီရင်ခံစာတော့မပြီးသေးဘူး။'' လို့ ဒေါက်တာမျိုးညွှန့်က ပြောပါတယ်။

ဒါ့အပြင် ရှမ်းပြည်နယ်လွှတ်တော်ရဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌအပြင် ပြည်နယ်အစိုးရအဖွဲ့ထဲ အနိုင်ရတိုင်းရင်းသားပါတီတွေဘက်ကပါဝင်လာမလားဆိုတဲ့အပေါ်ကိုတော့ ပါတီအနေနဲ့အကောင်းဆုံး ကြိုးစားသွားဖို့ရှိပေမယ့် အခုချိန်မှာတော့ ဘာမှမပြောနိုင်သေးဘူးလို့လည်း သူကပြန်လည်မှတ်ချက်ပြုပါတယ်။

ရခိုင်ပြည်နယ်လွှတ်တော်ကိုလည်း ဖေဖော်ဝါရီ ၉ ရက်မှာကျင်းပဖို့ခေါ်ယူထားပြီး နေရာအများစုနိုင်ထားတဲ့ ရခိုင်အမျိုးသားပါတီကပဲ လွှတ်တော်ဥက္ကဋ္ဌနေရာအတွက်သေချာသလောက် ဖြစ်နေပါတယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုမှာ ရွေးကောက်ပွဲမကျင်းပခဲ့လို့ ပြည်နယ်လွှတ်တော်မှာ ရွေးကောက်ခံအမတ် ၁၅ ဦးနဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၅ ဦးသာ ရှိနေတာပါ။ ဒါကြောင့် ဒီ အမတ်အယောက် ၂၀ ထဲကပဲ အစိုးရအဖွဲ့ကိုရော လွှတ်တော်ကိုပါ ဖွဲ့စည်းရမှာဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်လို့ လက်ရှိလွှတ်တော်ဥက္ကဋ္ဌဦးစံကျော်လှက

' ' သူတို့အလုပ်ပိုလုပ်ကြရလိမ့်မယ်။ သူတို့လုပ်နိုင်မယ်လို့လည်းထင်ပါတယ်'' လို့ မှတ်ချက်ပေးပါတယ်။

ဒုတိယအကြိမ်လွှတ်တော်သက်တမ်းမှာ ရခိုင်ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ်စုစုပေါင်းက ၄၇ ဦးရှိခဲ့တာလည်းဖြစ်ပါတယ်။

ဖေဖော်ဝါရီလဆန်းမှာ လွှတ်တော်တွေခေါ်ယူနိုင်ဖို့ ပြင်ဆင်နေ

ဝန်ကြီးချုပ်နေရာအတွက် ဘယ်လိုလူတွေရွေးချယ်သွားမှာလဲ

ရန်ကုန်တိုင်းလွှတ်တော်ကိုလည်း ဖေဖော်ဝါရီ ၉ ရက်မှာကျင်းပဖို့ခေါ်ယူထားပါတယ်။ ရန်ကုန်မှာတော့ လွှတ်တော်ဥက္ကဋ္ဌနေရာထက် ဝန်ကြီးချုပ်ဘယ်သူဖြစ်မလဲဆိုတာကိုပဲ စိတ်ဝင်စား နေကြတာပါ။

ပြည်သူ့လွှတ်တော်ကနေ တိုင်းကိုပြောင်းပြိုင်တဲ့ ၈၈မျိုးဆက်ကျောင်းသားဟောင်း ကိုပြုံးချိုနဲ့ လက်ရှိ ရန်ကုန်တိုင်း စီမံဘဏ္ဍာဝန်ကြီး ဦးရဲမင်းဦးတို့က ရေပန်းစားနေကြတာပါ။

ပြည်ထောင်စုအဆင့် ဝန်ကြီးတွေ၊ တိုင်းဒေသကြီး/ပြည်နယ် ဝန်ကြီးချုပ်နေရာတွေအတွက်လည်း ရွေးချယ်လျာထားတဲ့သူတွေရှိနေပြီလို့လည်း NLD ပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့်က အတည်ပြုပြောဆိုပါတယ်။

ရွေးချယ်လျာထားတဲ့သူ ဘယ်သူတွေဆိုတာ ပါတီအနေနဲ့ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသေးဘူးလို့ဆိုပေမယ့် ရွေးချယ်မယ့်သူတွေကိုတော့

' ' အဖွဲ့ချုပ်ရဲ့မူဝါဒတွေကို လိုက်ပါလုပ်ဆောင်မယ့်သူဖြစ်ရမယ်။ ပြည်သူအများက ယုံကြည် အားကိုးတဲ့သူ ဖြစ်ရမယ်။ သက်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်တဲ့သူဖြစ်ရမယ်''ဆိုတဲ့ အချက်တွေနဲ့ကိုက်ညီတဲ့သူ တွေကိုသာ ရွေးချယ်သွားမှာလို့ သူကထပ်လောင်းပြောဆိုပါတယ်။

ရွေးကောက်ပွဲပြီးလို့ ရက်ပေါင်း ၉၀ အတွင်း လွှတ်တော်တွေကိုခေါ်ယူရမယ်လို့ လွှတ်တော်ဆိုင်ရာဥပဒေတွေမှာပြဌာန်းထားပါတယ်။

ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်မှာခေါ်ထားပြီး နဲ့ ပြည်ထောင်စု လွှတ်တော် ကိုတော့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျင်းပသွားဖို့ခေါ်ယူထားပြီးဖြစ်ပါတယ်။

ဒီအတွက် တတိယအကြိမ် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်မှာခေါ်ထားပြီး နဲ့ ပြည်ထောင်စုလွှတ်တော် ကိုတော့ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ကျင်းပသွားဖို့ခေါ်ယူထားပြီးဖြစ်ပါတယ်။

သမ္မတနဲ့ ဒုသမ္မတတွေကို မတ်လအစောပိုင်းမှာရွေးချယ်လေ့ရှိပြီး အဲဒီနောက် ရွေးချယ်ခံရတဲ့ သမ္မတကနေ တိုင်းဒေသကြီးနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေကို အဆိုပြုခန့်အပ်တာဖြစ်ပါတယ်။

ပြည်ထောင်စုနဲ့ တိုင်းဒေသကြီး၊ပြည်နယ်တွေမှာပါ အစိုးရဖွဲ့ခွင့်ရနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကယားဝန်ကြီးချုပ်နဲ့ ရခိုင်ပြည်နယ်စည်ပင်ဝန်ကြီးစွပ်စွဲပြစ်တင်ခံခဲ့ရတဲ့ ကိစ္စတွေကြောင့် လွှတ်တော်ဥက္ကဋ္ဌနေရာတွေကိုပါ ထိန်းချုပ်ချင်နေလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်နေကြပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55715103

NLD က တင်မယ့် ဝန်ကြီးချုပ်၊ လွှတ်တော်အကြီးအကဲနေရာတွေအတွက် လျာထားပြီးဖြစ် NLD က တင်မယ့် ဝန်ကြီးချုပ်၊ လွှတ်တော်အကြီးအကဲနေရာတွေအတွက် လျာထားပြီးဖြစ် Reviewed by THITHTOOLWIN on 22:47 Rating: 5

No comments:

Powered by Blogger.