NLD လွှတ်တော်ကိုယ်စားလှယ်ကို တပ်မတော် တရားစွဲ

NLD လွှတ်တော်ကိုယ်စားလှယ်ကို တပ်မတော် တရားစွဲ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တရားရုံးကို တွေ့ရစဉ် / Photo: CJ

တပ်မတော်ကို ဂုဏ်သိက္ခာ ညိုးနွမ်းစေအောင် ပြုလုပ်တယ်ဆိုပြီး ကချင်ပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်မြင့် (ခ) ဦးချိုကို ရာဇသတ်ကြီးပုဒ်မ - ၅၀၀ နဲ့ တပ်မတော်က ဖားကန့်မြို့နယ် တရားရုံးမှာ တရားစွဲထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်နေ့က ဒုတိယဗိုလ်မှူးကြီး သန်းထိုက်ဆိုသူက ဖားကန့်မြို့နယ် တရားရုံးကို ဦးတိုက်လျှောက်ထားပြီး တရားစွဲခဲ့တာလို့ ဦးခင်မောင်မြင့်ရဲ့ အမှုကိုလိုက်ပါ ဆောင်ရွက်ပေးနေတဲ့ တရား လွှတ်တော်ရှေ့နေ ဦးသန်းထွန်း က RFA ကို ပြောပါတယ်။

ရာဇသတ်ကြီး ပုဒ်မ ၅၀၀ ဟာ အခြားသူတစ်ဦးဦးကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် အသရေဖျက်ရင် အများဆုံး ထောင်ဒဏ် ၂ နှစ် ဒါမှမဟုတ် ငွေဒဏ်နဲ့ ဒဏ်နှစ်ရပ်လုံး ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

ဖားကန့်မြို့နယ် NLD ပါတီ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် က ဖားကန့် မြို့နယ် ဟောင်းပါကျေးရွာအုပ်စုထဲမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်းက ဖမ်းဆီးရမိခဲ့တဲ့ မြေသယ်ယာဉ်တွေ၊ ယန္တရားစက်ကြီးတွေ ဖမ်းဆီးခဲ့မှုနဲ့ပတ်သက်လို့ ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ နိုင်ငံတော်သမ္မတထံ တင်ပြခဲ့တဲ့အထဲမှာ တပ်မတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းထိခိုက်စေတာတွ၊ မဟုတ်မမှန် တင်ပြတာတွေကြောင့် ဥပဒေအရ ထိရောက်စွာအရေးယူပေးဖို့ဆိုပြီး အမှုဖွင့်လျှောက်လွှာမှာ ဖော်ပြ ထားပါတယ်။

ဇန်နဝါရီ ၈ ရက်နေ့က ဖားကန့်မြို့နယ်တရားရုံးမှာ ပထမဆုံးရုံးချိန်း ချိန်းဆိုခဲ့ပြီး ဦးခင်မောင်မြင့် (ခ) ဦးချိုကို တရားသူကြီးက အာမခံပေးခဲ့ပါတယ်။ ဇန်နဝါရီ ၁၈ ရက်နေ့မှာ နောက်ထပ်ရုံးချိန်း ထပ်မံချိန်းဆိုထားပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်ပြန်ကြားရေးအဖွဲ့ကို RFA က မေးကြည့် ရာမှာတော့ တရားစွဲတယ်ဆိုတဲ့ စာရင်းသာထွက်လာပြီး ဘာကြောင့်ဆိုတာကိုတော့ သေချာမသိရသေးဘူးလို့ ပြောပါတယ်။ အမှုနဲ့ပတ်သက်လို့ ဦးခင်မောင်မြင့် (ခ) ဦးချိုကို အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ် လို့မရခဲ့ပါဘူး။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှုးကြီး ထွန်းနေလင်းကိုလည်း RFA က ဖုန်းနဲ့အကြိမ်ကြိမ် ဆက်သွယ် ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ ဒီကိစ္စကို သူမသိသေးဘူးလို့ RFA ကို ဒီညနေမှာ ပြောပါတယ်။

ဖားကန့်မြို့နယ်ရဲ့ NLD ပါတီ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်ဟာ လက်ရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း ထပ်မံအနိုင်ရရှိ ထားသူဖြစ်ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/army-sue-mp-khinmaungmyint-01142021091843.html

NLD လွှတ်တော်ကိုယ်စားလှယ်ကို တပ်မတော် တရားစွဲ  NLD လွှတ်တော်ကိုယ်စားလှယ်ကို တပ်မတော် တရားစွဲ Reviewed by THITHTOOLWIN on 00:19 Rating: 5

No comments:

Powered by Blogger.