ကမ္ဘာ့ အချမ်းသာဆုံးလူသား အီလွန် မတ်စ်ခ် ရဲ့ အင်္ဂါဂြိုဟ်မှာ အခြေချဖို့ လွှတ်မယ့် အာကာသယာဉ်

 

Starship ဒုံးပျံ အာကာသယာဉ်ဟာ စုစုပေါင်း မီတာ ၁၂၀ (၃၉၄ ပေ) အရှည်ရှိ

မကြာသေးခင်ကမှ ကမ္ဘာ့ အချမ်းသာဆုံးလူသား ဖြစ်သွားတဲ့ အီလွန် မတ်စ်ခ် ရဲ့ SpaceX ကုမ္ပဏီဟာ အင်္ဂါဂြိုဟ်ဆီကို လူအယောက် ၁၀၀ အထိ တင်သွားနိုင်ပြီး အကြိမ်ကြိမ်လည်း ပြန်လည် အသုံးပြုနိုင်တဲ့ ကြယ်ပြင်သွား သင်္ဘော Starship ဒုံးပျံ အာကာသယာဉ် ကို စမ်းသပ် စေလွှတ်ကြည့်ဖို့ ပြင်ဆင်နေပါတယ်။

ကမ္ဘာပေါ်က သက်ရှိတွေ အနေနဲ့ ကမ္ဘာဂြိုဟ်အပြင်ဘက်က နေရာတွေမှာ သွားရောက် အခြေချနိုင်ဖို့ ဆိုတာဟာ SpaceX ကုမ္ပဏီ ထူထောင်ရာမှာ အခြေခံတဲ့ ခံယူချက် တခုဖြစ်ပြီး ကမ္ဘာပေါ်က လူတွေ မျိုးတုန်းသွားနိုင်လောက်အောင် ကြီးမားတဲ့ ဥက္ကာခဲတွေ ကမ္ဘာကို တိုက်မိနိုင်ခြေ အပါအဝင် လူသားတွေ ကြုံရနိုင်တဲ့ ကမ္ဘာ့ပြင်ပ ခြိမ်းခြောက်ခံရမှုတွေက လွတ်နိုင်အောင်လို့လည်း ရည်ရွယ်ရင်း ရှိတယ်လို့ ဆိုပါတယ်။

အဲဒီ Starship ဒုံးပျံ အာကာသယာဉ်ဟာ စုစုပေါင်း မီတာ ၁၂၀ (၃၉၄ ပေ) ရှည်ပြီး ထိပ်ပိုင်း မီတာ ၅၀ အရှည် (ပေ ၁၆၀ ) ရှိမယ့် အပိုင်းမှာကျမှ ကုန်ပစ္စည်း ဒါမှမဟုတ် လူတင်ဆောင်ဖို့ လျာထားတယ်လို့ ဆိုပါတယ်။

အဲဒီ ထိပ်ပိုင်းရဲ့ အောက်က မီတာ ၇၀ (ပေ ၂၃၀) ရှိတဲ့ အပိုင်းကတော့ ဒုံးပျံ အပိုင်းလို့ ဆိုနိုင်ပါတယ်။ အဲဒီ အပိုင်းမှာ ဒုံးပျံလောင်စာတွေဖြစ်တဲ့ မီသိန်းဓာတ်ငွေ့အရည် (CH4) နဲ့ အောက်စီဂျင် ဓာတ်ငွေ့အရည် (O2) တို့က အင်ဂျင်တွေအတွက် လောင်စာပေးဖို့ သိုလှောင်မှာဖြစ်ပြီး တန် ၃၄၀ဝ ဆန့်မယ်လို့ ဆိုပါတယ်။

ဒုံးပျံမှာပါမယ့် အင်ဂျင်တွေဟာ ကမ္ဘာ့ ဆွဲငင်အားကို လွန်ဆန်ပြီး တန် ၁၀ဝ ကနေ တန် ၁၅၀ အထိ တွန်းတင်ပေးနိုင်မယ့် တွန်းကန်အား ရှိမယ်လို့ ဆိုပါတယ်။

အခုလို မီသိန်းနဲ့ အောက်စီဂျင် ဓာတ်ငွေ့အရည်တွေကို လောင်စာအဖြစ် ရွေးချယ်ရတာဟာ ဒီဓာတ်ငွေ့တွေကို အင်္ဂါဂြိုဟ် မျက်နှာပြင် အပေါ်ပိုင်းမှာရှိတဲ့ ရေနဲ့ ဂြိုဟ်ပေါ် လေထုထဲက ကာဘွန်ဒိုင်အောက်ဆိုဒ်တို့ကနေ ပြန်လည် ထုတ်လုပ်နိုင်တာကြောင့်လို့ ဆိုပါတယ်။

Starship ပစ်လွှတ်မှု အောင်မြင်သွားရင် ၁၉၆၉ မှာ လပေါ် လူတွေ ပထမဆုံး ခြေချဖို့အတွက် သုံးခဲ့တဲ့ Saturn V ဒုံးပျံ က စံချိန်တင်ထားတဲ့ အရှည်ဆုံး၊ အလေးဆုံးနဲ့ စွမ်းအားအများဆုံး ဆိုတဲ့ စံချိန်တွေကို ချိုးနိုင်မယ်

အာကာသထဲ ဘယ်လို လွှတ်မှာလဲ

Starship ကို လွှတ်တင်ရာမှာ အောက်ပိုင်းမှာ ရှိတဲ့ ဒုံးပျံက အပေါ်ပိုင်းက အာကာသယာဉ်ကို ကမ္ဘာ့ဆွဲအား လွန်ပြီး အပြင်ဘက်ကို တွန်းထုတ်ပေးပြီးရင် ကမ္ဘာမြေပေါ်ကို ပြန်ဆင်းသွားမှာ ဖြစ်ပါတယ်။

နာဆာရဲ့ အင်္ဂါဂြိုဟ် လေ့လာရေး ခရီးစဉ် စတင်

အခုလို ပြန်ဆင်းသွားတဲ့ ဒုံးပျံအပိုင်းကို နောက်ထပ် အာကာသယာဉ် အပိုင်းတွေ လွှတ်တင်ရာမှာ ပြန်လည် အသုံးပြုနိုင်အောင် စီမံထားပြီး ပုံမှန်အားဖြင့် အာကာသယာဉ် လွှတ်တင်မှုတွေမှာ အခုလို ကမ္ဘာမြေပေါ်ကို ပြန်ဆင်းသွားတဲ့အပိုင်းက ပြန်သုံးမရတော့ပဲ လောင်ကျွမ်း ပျက်စီးသွားလေ့ရှိတာလည်း ဖြစ်ပါတယ်။

အခုလို ကမ္ဘာ့ဆွဲငင်အားကို လွန်ဆန်ပြီး တွန်းတင်ပေးတဲ့ ဒုံးပျံအပိုင်းကို မြေပေါ်ပြန်အကျမှာ အင်ဂျင် စွမ်းအင်နဲ့ ပြန်ထိန်းတာ မလုပ်ဘဲ လွှတ်တင်လိုက်တဲ့ စင်ကနေပဲ ကျလာတဲ့ ဒုံးပျံအပိုင်းကို ပြန်ဖမ်းထားတဲ့ လက်တံ တပ်မယ့် ပုံစံလည်း စဉ်းစားနေတယ်လို့ အီလွန် မတ် (စ်က်) က တွစ်တာမှာ လတ်တလော ပြောဆိုထားပါတယ်။

တစ်ချိန်တည်းမှာပဲ ဒုံးပျံက တွန်းတင်ပေးလိုက်တဲ့ အာကာသယာဉ် အပိုင်းကတော့ အောက်ပြန် မကျနိုင်တော့တဲ့ ကမ္ဘာပတ်လမ်း အမြင့်လောက်အထိပဲ ရောက်ဦးမှာ ဖြစ်ပါတယ်။

အဲဒီ အာကာသယာဉ်က ကမ္ဘာကို ပတ်နေမယ့် ဂြိုဟ်တု အသွင် အနေအထား ရောက်သွားပြီ ဆိုရင် အင်္ဂါဂြိုဟ်ဆီကို ဆက်သွားဖို့အတွက် လောင်စာ ထပ်ဖြည့်ရဦးမယ့် အဆင့်လည်း ကျန်ပါသေးတယ်။

ဒီလို လောင်စာဖြည့်တယ်ဆိုတဲ့ အဆင့်ဟာ တကယ်တမ်းတော့ ကမ္ဘာပတ်လမ်းထဲမှာ လွွှတ်တင်ထားနှင့်ပြီးသား ဖြစ်တဲ့ ဒုံးပျံနောက်တခုနဲ့ ချိတ်ဆက်တာကို ဆိုလိုတာဖြစ်ပြီး အဲဒီ နောက်ထပ် ဒုံးပျံတခုရဲ့ တွန်းအားနဲ့အတူ အင်္ဂါဂြိုဟ်ကို ဆက်သွားမှာ ဖြစ်ပါတယ်။

Starship ရဲ့ လူ ဒါမှမဟုတ် ကုန်တင်ဆောင်နိုင်တဲ့ ထိပ်ဘက် အပိုင်းက အာကာသထဲမှာ ခွဲခွာသွားမယ့် ပုံစံ အနေအထား

Starship ကို ကနဦး ဘယ်လို သုံးမလဲ

ကြယ်ပြင်သွား သင်္ဘော Starship ဒုံးပျံ အာကာသယာဉ်ရဲ့ အင်္ဂါဂြိုဟ် အသွားအပြန်ခရီး တစ်ကြောင်းစီ ကြာချိန်ဟာ ကိုးလစီရှိမှာ ဖြစ်ပြီး ကနဦး အနေနဲ့ ယာဉ်ပျံရဲ့ ထိပ်ပိုင်းက အာကာသယာဉ်ရှိမယ့် အပိုင်းမှာ အခန်း ၄၀ ဖွဲ့ဖို့ စီစဉ်ထားတယ်လို့ မစ္စတာ မတ်စ်ခ် က ပြောပါတယ်။

အဲဒီ အခန်းတခန်းစီမှာ လူ ခြောက်ယောက်အထိ လိုက်နိုင်မှာ ဖြစ်ပေမယ့် တခန်းကို အများဆုံး သုံးယောက်လောက် နှုန်းနဲ့ပဲ လက်ခံပြီး လူ ၁၀၀ ဝန်းကျင် တင်သွားနိုင်ဖို့ လုပ်ထားတယ်လို့လည်း သူက ပြောပါတယ်။

အဲဒီ အာကာသယာဉ်အပိုင်းမှာ လူနေခန်း ၄၀ အပြင် အများဆိုင် နားနေခန်းတွေ၊ ဝန်တင်ဖို့ နေရာတွေနဲ့ မီးဖိုချောင်တခု အပြင် နေရောင်ခြည် မုန်တိုင်းလို့ခေါ်တဲ့ နေမျက်နှာပြင်ပေါ်ကနေ ရုတ်တရက် လျှပ်စစ်ဓာတ်ပါတဲ့ အမှုန်တွေ အာကာသထဲ ဝေးဝေးလံလံအထိ ထုတ်လွှတ်မှုဒဏ်ကို ခိုလှုံဖို့ အခန်းကြီးတခန်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။

နာဆာရဲ့ လပေါ် လူတွေ ရေရှည် နေနိုင်ဖို့ ရည်ရွယ်တဲ့ Artemis စီမံကိန်းမှာ သုံးနိုင်တဲ့ Starship အမျိုးအစား နမူနာ

SpaceX ရဲ့ Starship စီမံကိန်းကို အမေရိကန် အာကာသ အေဂျင်စီ နာဆာကလည်း ၂၀၂၀ အတွင်းမှာပဲ အမေရိကန်ဒေါ်လာ ၁၃၅ သန်း ထောက်ပံ့ထားပြီး လပေါ်မှာ လူတွေ ရေရှည်နေနိုင်ဖို့ ရည်ရွယ်တဲ့ နာဆာရဲ့ Artemis စီမံကိန်းမှာ လူလိုက်ပါနိုင်တဲ့ လပေါ်ဆင်းတဲ့ ယာဉ်အဖြစ် အသုံးပြုဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။

အဲဒီ Artemis စီမံကိန်းအတွက် ရည်ရွယ်တဲ့ Starship ကို စေလွှတ်ရာမှာတော့ အင်္ဂါဂြိုဟ်သွား Starship လို ကမ္ဘာမြေပေါ်ကို ဒုံးပျံ အစိတ်အပိုင်းက ပြန်ကျလာမှာ မဟုတ်ပဲ အာကာသထဲမှာပဲ ဆက်ရှိနေပြီး လနဲ့ ကမ္ဘာ အသွားအပြန် ခရီးအတွက် ကမ္ဘာပတ်လမ်းမှာ ထားရှိ အသုံးပြုမယ်လို့ ဆိုပါတယ်။

Starship တွေကို သုံးပြီး ကြာသပတေးဂြိုဟ် Jupiter အထိ လူသားတွေ နယ်ချဲ့နိုင်ဖို့ စိတ်ကူးတယ်လို့လည်း မစ္စတာ မတ်စ်ခ် က ပြော

Starship စီမံကိန်းမှာ လူလိုက်ပါဖို့အတွက် မဟုတ်ဘဲ ကုန်ပစ္စည်းတင်ဖို့ ရည်ရွယ်ဆောက်လုပ်တဲ့ ဒုံးပျံ အာကာသယာဉ်မှာ ဆိုရင်တော့ ပုံမှန် လူနေခန်းတွေ ပါမယ့် အာကာသယာဉ် အစိတ်အပိုင်းနေရာမှာ မိကျောင်းပါးစပ်နဲ့ အလားသဏ္ဍန်တူတဲ့ ကုန် အသွင်းအထုတ် အပေါက် ပါရှိမယ်လို့ ဆိုပြီး ဒီလို အဝကျယ် အနေအထားကြောင့် အဲဒီကနေ ဂြိုဟ်တုတွေ အမျိုးမျိုး လွှတ်တင်နိုင်ဖို့လည်း အသုံးဝင်မယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့်ဆိုရင် လက်ရှိ လွှတ်တင် အသုံးပြုနေတဲ့ နာမည်ကျော် အာကာသ အဝေးကြည့် မှန်ပြောင်း ဂြိုဟ်တု ဟပ်ဘယ်လ် နေရာမှာ လာမယ့် အောက်တိုဘာလမှာ အစားထိုးမယ့် ဂျိမ်းစ် ဝက်ဘ် အာကာသ အဝေးကြည့် မှန်ပြောင်း ဂြိုဟ်တုထက်တောင် ကြီးမားတဲ့ ဂြိုဟ်တု အမျိုးအစားတွေကို လွှတ်တင်ရာမှာ အဲဒီ ကုန်တင် အမျိုးအစား Starship တွေကို အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။

ဒီ စနစ်ကိုပဲ ကမ္ဘာပေါ်က တနေရာနဲ့ တနေရာ အမြန်ဆုံး သွားနိုင်ဖို့ ကြားခံ စခန်းအဖြစ် သုံးနိုင်သလို နောက်ပိုင်းမှာ Starship တွေကို သုံးပြီး ကြာသာပတေးဂြိုဟ် အထိ လူသားတွေ နယ်ချဲ့နိုင်ဖို့ စိတ်ကူးတယ်လို့လည်း မစ္စတာ မတ် စ်ခ် က ပြောပါတယ်။

Starship မြေပြင်ကို ရောက်ခါနီးတဲ့ အချိန်မှာ အထောင် အနေအထားအတိုင်း ပြန်ဆင်းနိုင်အောင် တွန်းတင်တဲ့ အင်ဂျင်ပါဝါကို သုံးမှာဖြစ်ပြီး လတ်တလော စမ်းသပ်မှုမှာတော့ အရှိန်မထိန်းနိုင်ဘဲ ပေါက်ကွဲမှု ဖြစ်ခဲ့

Starship ကမ္ဘာပေါ်ကို ဘယ်လို ပြန်ဆင်းမှာလဲ

အာကာသယာဉ်တွေ ကမ္ဘာကို ပြန်လာရာမှာ သမရိုးကျ အားဖြင့် ကမ္ဘာ့ဆွဲအားကို အသုံးချ ဝင်လာပြီး လေထုထဲ ရောက်တဲ့အချိန်ကျမှ လေထီးထုတ်ပြီး ဆင်းတဲ့ နည်းလမ်းနဲ့ လေယာဉ်အသွင် ပြေးလမ်းကတဆင့် ဆင်းတဲ့ နည်းလမ်းဆိုပြီး နှစ်မျိုး လုပ်လေ့ရှိပေမယ့် Starship ကတော့ တခြားနည်းနဲ့ ကမ္ဘာပေါ်ကို ပြန်ဆင်းမှာ ဖြစ်ပါတယ်။

Starship ဒုံးပျံ အာကာသယာဉ်ဟာ ကမ္ဘာ့ လေထုထဲကို ၆၀ ဒီဂရီ အစောင်း အနေအထားနဲ့ ပြန်ဝင်လာဖို့ ပုံစံထုတ်ထားပြီး မြေပြင်ကို ရောက်ခါနီးတဲ့ အချိန်မှာ လွှတ်တင်စဉ်က အထောင် အနေအထားအတိုင်း ဖြည်းဖြည်း ပြန်ဆင်းနိုင်အောင် တွန်းတင်တဲ့ အင်ဂျင်ပါဝါကို တခဏလေး ပြန်ဖွင့်ရမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းကို အသုံးပြုပြီး အထောင် ဆင်းနိုင်လောက်အောင် ညီညာတဲ့ ဘယ်လို ဂြိုဟ်ရဲ့ မျက်နှာပြင်မျိုးမှာ မဆို ရအောင် ဆင်းသက်နိုင်ခြေ ရှိတယ်လို့ မစ္စတာ မတ်စ်ခ်က ဆိုပါတယ်။

အခုလို ဆင်းမယ့် နည်းလမ်းဟာ ကမ္ဘာ့လေထုရဲ့ သိပ်သည်းမှု ခုခံအားကို အဓိကထား အသုံးပြုတာ ဖြစ်တဲ့အတွက် တည်တည်ငြိမ်ငြိမ် ဆင်းနိုင်ခြေ နည်းတာက အဓိက အားနည်းချက်လို့လည်း ဆိုနိုင်ပါတယ်။

အခုလို ကမ္ဘာပေါ်ကို ဆင်းသက်ရာမှာ ယာဉ်ပျံရဲ့ ထိပ်ပိုင်းနဲ့ အောက်ခြေပိုင်းမှာရှိတဲ့ လှုပ်ရှား ထိန်းညှိနိုင်တဲ့ ငါးဆူးတောင်သဖွယ် အပြားတွေကို အသုံးပြုမှာ ဖြစ်ပြီး လေယာဉ်ပေါ်က ခုန်ချပြီး လေဟုန်စီးသူတွေက လက်နဲ့ ခြေထောက်တွေကို လှုပ်ရှား ထိန်းညှိပြီး လိုရာ ရွေ့လျားပုံမျိုးနဲ့ အလားသဏ္ဍန် တူပါတယ်။

SpaceX ကုမ္ပဏီဟာ လွန်ခဲ့တဲ့ နှစ်တွေအတွင်းမှာ အမေရိကန်နိုင်ငံ တက္ကဆက် ပြည်နယ်အတွင်းမှာရှိတဲ့ သူတို့ရဲ့ ဘိုကာ ချီကာ စမ်းသပ်စခန်းမှာ Starship ယာဉ်ပျံရဲ့ အပေါ်ပိုင်းဖြစ်တဲ့ အာကာသယာဉ် အစိတ်အပိုင်းကို အမျိုးမျိုး စမ်းသပ်နေခဲ့တာ ဖြစ်ပါတယ်။

အစပိုင်းမှာဆိုရင် ရေလှောင် တာဝါတိုင်နဲ့တူတဲ့ Starhopper ဆိုတဲ့ အာကာယာဉ်ကို စမ်းသပ်ထားခဲ့ပြီး အမြင့် ၃၉ မီတာ (ပေ ၁၃၀ နီးပါး) ရှိတဲ့ အဲဒီ ယာဉ်ပျံကို မြေပြင်အထက် မီတာ ၁၅၀ (ပေ ၅၀ဝ နီးပါး) အမြင့်အထိ ရောက်အောင် စမ်းသပ် ပျံသန်းမှု အောင်မြင်ထားခဲ့ပါတယ်။

လက်ရှိ နောက်ဆုံး Starship ပုံစံနဲ့ အနီးစပ်ဆုံး အနေအထား စမ်းသပ်မှုကို ဆိုရင် ပြီးခဲ့တဲ့လ ၂၀၂၀ ဒီဇင်ဘာကမှ စလုပ်ခဲ့တာ ဖြစ်ပြီး ထိပ်ဖူးအတုံးနဲ့ ငါးဆူးတောင်သဖွယ် အပြားတွေ စတင်ပါဝင်လာတဲ့ ပုံစံလည်း ဖြစ်ပါတယ်။

အဲဒီ စမ်းသပ်မှုမှာတော့ အမြင့် ၁၂.၅ ကီလိုမီတာ (ပေ လေးသောင်းကျော်) အမြင့်အထိ စမ်းသပ် ပျံသန်းနိုင်ခဲ့ပေမယ့် ပြန်အဆင်းမှာ ကျလာတဲ့ အမြန်နှုန်းများသွားတဲ့အတွက် ယာဉ်ပျံက အထောင်အနေအထားနဲ့ မြေပြင်နဲ့ ပြန်အထိမှာ ပေါက်ကွဲသွားခဲ့ပါတယ်။

SpaceX ကုမ္ပဏီဟာ အခုလို ပေါက်ကွဲခဲ့ရတဲ့ Starship ပုံစံကို ပြန်လည် ပြုပြင်ကာ နောက်တခေါက် ထပ်မံ စမ်းသပ်ဖို့ ပြင်ဆင်နေပြီး အင်္ဂါဂြိုဟ်ကို လူမပါပဲ ပထမဆုံး Starship စတင် စေလွှတ်မှုကိုတော့ ၂၀၂၄ မှာ လုပ်မယ်လို့ ဆိုပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55629309

ကမ္ဘာ့ အချမ်းသာဆုံးလူသား အီလွန် မတ်စ်ခ် ရဲ့ အင်္ဂါဂြိုဟ်မှာ အခြေချဖို့ လွှတ်မယ့် အာကာသယာဉ်  ကမ္ဘာ့ အချမ်းသာဆုံးလူသား အီလွန် မတ်စ်ခ် ရဲ့ အင်္ဂါဂြိုဟ်မှာ အခြေချဖို့ လွှတ်မယ့် အာကာသယာဉ် Reviewed by THITHTOOLWIN on 22:10 Rating: 5

No comments:

Powered by Blogger.