ကရင်နယ်ခြားစောင့်တပ်အရာရှိ ၉၀ ကျော် နုတ်ထွက်စာတင်မှု ပြန်ရုပ်သိမ်းမည်

BGF တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ - KIC - သြဂုတ် ၂၀၊ ၂၀၁၉)

နယ်ခြားစောင့်တပ် BGF က နုတ်ထွက်စာတင်ထားတဲ့ ကရင်တိုင်းရင်းသား အရာရှိ ၉၀ ကျော်ဟာ တပ်မတော် တာဝန်ရှိသူတွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးနောက် နုတ်ထွက်မယ့် အစီအစဉ်ကို ပြန်ရုပ်သိမ်းဖို့ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးမှာပါ။

ကရင်ပြည်နယ်ထဲမှာ တရားမဝင် စီးပွားရေး လုပ်ငန်းတွေနဲ့ ပတ်သက် ဆက်နွယ်နေတယ်ဆိုပြီး BGF တပ်ဖွဲ့ ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူး တင်ဝင်းနဲ့ ဗိုလ်မှူးမုတ်သုန်တို့ကို နုတ်ထွက်ဖို့ တပ်မတော်က ဖိအားပေးခဲ့တာကို ကန့်ကွက်တဲ့ အနေနဲ့ ဒီဇင်ဘာ ၁၄ ရက်နေ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို နယ်ခြားစောင့်တပ်ဖွဲ့က အရာရှိ ၉၀ ကျော် နုတ်ထွက်စာတင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ပြီးခဲ့တဲ့ တပတ်ထဲမှာပဲ တပ်မတော်အရာရှိတွေနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် နုတ်ထွက်စာ တင်ထားတာကို ပြန်ရုပ်သိမ်းဖို့ ပြင်ဆင်နေကြောင်း BGF ပြန်ကြားရေးအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောပါတယ်။

“ကျနော်တို့ ဒီ နုတ်ထွက်စာကို ပြန်ရုပ်သိမ်းမယ့် သဘောရှိတယ်။ လက်ရှိဒီအတိုင်းပဲပေါ့။ မူလနေတဲ့ပုံစံအတိုင်းပဲ နေမှာပေါ့။”

BGF အရာရှိတွေ နုတ်ထွက်စာ တင်ထားတာကို ပြန်ရုပ်သိမ်းမယ့်အကြောင်း အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင်း ဗိုလ်မှူးကြီးစောချစ်သူကလည်း သတင်းမီဒီယာတချို့ကို ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း ဗိုလ်မှူးကြီးစောချစ်သူ အပါအဝင် ထိပ်တန်းတပ်မှူး ၃ ယောက်ကို ထွက်ဖို့ တပ်မတော်က ဖိအားပေးထားတဲ့ကိစ္စ ပြေလည်မှု ရဖို့ကတော့ ဆက်လက် ညှိနှိုင်းရဦးမှာ ဖြစ်ကြောင်းလည်း BGF အဖွဲ့ရဲ့ ပြန်ကြားရေးအရာရှိ ဗိုလ်မှူးနိုင်မောင်ဇော်ကပြောပါတယ်။

“လောလောဆယ်တော့ ဒီနုတ်ထွက်ခိုင်းတဲ့အပေါ်မှာလည်း ကျနော်တို့ နည်းနည်း ရှင်းပြအပေါ်မှာရှိမှာပေါ့နော်။ ကျနော်တို့အနေနဲ့ ပေါ်လစီနဲ့ ဘယ်လိုပုံစံမျိုးနဲ့။ ကျနော်တို့ လူတွေအားလုံး လက်ခံသွားရင်လည်း အဆင်ပြေသွားမှာပါ။ လက်မခံတော့လည်း အဲဒီအချိန်ကျရင်တော့ ဆက်စောင့်ကြည့်ရမှာပေါ့နော်။ အခုချိန်မှာတော့ငြိမ်နေတယ်။ ကျနော်ထင်တာကတော့ ပျက်စီးတဲ့လမ်းကြောင်းတော့ မရှိလောက်ဘူး ထင်ပါတယ်။ အကောင်းဆုံးတခုခုတော့ နိုင်ငံတော်ဘက်ကလည်း၊ တပ်မတော်ဘက်ကလည်း သူတို့အထိခိုက်ပျက်စီးမခံသလို ကျနော်တို့ဘက်ကလည်း ငြိမ်းချမ်းရေးကိုလည်း မပျက်စီးစေချင်ဘူး။”

ကရင်ပြည်နယ်ထဲက ကာစီနို လောင်းကစားရုံတွေနဲ့ ဥပဒေမဲ့လုပ်ရပ်တွေ ကြီးစိုးနေတယ်ဆိုပြီး သတင်းတွေထွက်ခဲ့တဲ့ ရွှေကုက္ကိုလ် စီမံကိန်းမှာ ဒေသခံ BGF တပ်ဖွဲ့တွေရဲ့ ပါဝင်ပတ်သက်မှုတွေ ရှိနေတယ်ဆိုပြီး ဒီနှစ်ဆန်းပိုင်းတုန်းက BGF ခေါင်းဆောင်ဦး ၃ ဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဗိုလ်မှူးစောတင်ဝင်း၊ ဗိုလ်မှူးစောမုတ်သုန်တို့ကို တပ်မတော် ခေါင်း ဆောင်တွေကနေ ရာထူးကနေ နုတ်ထွက်ဖို့ ဖိအားပေးခံခဲ့ရတာပါ။

ထိပ်တန်းတပ်မှူးတွေ ဖိအားပေး နုတ်ထွက်ခိုင်းခဲ့တာကြောင့် တပ်ဖွဲ့ဝင်တွေကြား မကျေနပ်မှုတွေ ပေါ်ပေါက်နေရတာလို့လည်း အမည်မဖော်လိုသူ BGF တပ်မှူးတဦးကပြောပါတယ်။

“အဓိက သူတို့ လူကြီး ၃ ယောက်ပဲ ထွက်ခိုင်း၊ သူ့အောက်ကလူတွေ ဘယ်ကျေနပ်မလဲ။ တကယ်လို့ ထွက်ခိုင်းရင် အကုန်လုံးထွက်မယ်။ အဲဒီလိုမှကျေနပ်တာပဲဗျ။ အကုန်လုံးထွက်လည်း လူကြီးတွေက မပေးထွက်ပြန်ဘူး။ စီးပွါးရေး စာတတ်တဲ့သူ ၃ ယောက်ပဲ ထွက်ခိုင်းတာ အဲဒီလိုမျိုး။”

နယ်ခြားစောင့်တပ် အရာရှိတွေ အစုလိုက်အပြုံလိုက် နုတ်ထွက်စာ တင်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၅ ရက်နေ့မှာပဲ တပ်မတော် အမှတ် ၄ စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးအောင်စိုး ဦးဆောင်အဖွဲ့ကနေ မြိုင်ကြီးငူဒေသမှာ BGF ခေါင်းဆောင်တွေနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့တာပါ။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ တရားမဝင် စီးပွားရေးလုပ်ငန်းတွေမှာ BGF ခေါင်းဆောင်တွေ ပတ်သက်ဆက်နွယ်နေတာတွေ ရှိနေတဲ့အတွက် သတိပေးတားမြစ်တာဖြစ်ကြောင်း ဗွီအိုအေကို ပြောဆိုထားပါတယ်။

တရားမဝင် စီးပွားရေး လုပ်ငန်းတွေအပေါ် မြန်မာအာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်လာချိန်မှာပဲ ထိုင်းနိုင်ငံနဲ့နယ်စပ် ကရင်ပြည်နယ်ထဲမှာ တရုတ် ရင်းနှီးမြှုပ်နှံသူတွေက အမေရိကန် ဒေါ်လာ ၁၅ ဘီလီယံ အကုန်အကျခံ တည်ဆောက်နေတဲ့ ရွှေကုက္ကိုလ် မြို့သစ် စီမံကိန်းဟာ တရုတ်နိုင်ငံက အကောင်အထည်ဖော်နေတဲ့ ခါးပတ်လမ်း စီမံကိန်းနဲ့ ပတ်သက်မှု မရှိကြောင်း ပြီးခဲ့တဲ့ နှစ်ထဲမှာပဲ တရုတ်နိုင်ငံက ပြောဆိုခဲ့တာပါ။

တရုတ်နိုင်ငံအနေနဲ့ နိုင်ငံရပ်ခြားက လောင်းကစားလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံတာတွေကို ခွင့်မပြုကြောင်းလည်း ရန်ကုန်မြို့က တရုတ်သံရုံးက ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ 


ကိုနိုင်ကွန်းအိန်/VOA (Burmese)

https://burmese.voanews.com/a/karen-bgf-yanmar-border-guard-force/5741680.html

ကရင်နယ်ခြားစောင့်တပ်အရာရှိ ၉၀ ကျော် နုတ်ထွက်စာတင်မှု ပြန်ရုပ်သိမ်းမည် ကရင်နယ်ခြားစောင့်တပ်အရာရှိ ၉၀ ကျော် နုတ်ထွက်စာတင်မှု ပြန်ရုပ်သိမ်းမည် Reviewed by THITHTOOLWIN on 21:53 Rating: 5

No comments:

Powered by Blogger.