လေယာဥ်မယ် အဓမ္မကျင့်အသတ်ခံရမှု ကိုင်တွယ်ပုံ "ညံ့ဖျင်း"လို့ ဖိလစ်ပိုင် ရဲမှူးကြီး အလုပ်ပြုတ်

နှစ်သစ်ကူးည ပါတီပွဲပြီးတဲ့နောက်ပိုင်း ခရစ္စတင်း ဒေစီယာ (Christine Dacera) သေဆုံးနေတာကိုတွေ့ခဲ့ကြရ

လေယာဉ်မယ်တစ်ယောက် မုဒိမ်းကျင့်ခံရ၊ သတ်ဖြတ်ခံရတဲ့အမှုကို ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်ပြီး ဖိလစ်ပိုင်နိုင်ငံ၊ မနီလာ မြို့တော်အတွင်း ချမ်းသာသူအသိုင်းအဝိုင်းတွေ နေထိုင်ရာ ဧရိယာတစ်ခုမှာ တာဝန်ယူထားတဲ့ ရဲမှူးကြီးတစ်ယောက် ရာထူးကနေ ထွက်ပါဆိုတဲ့ အမိန့်စာထွက်လာပါတယ်။

နှစ်သစ်ကူးည ပါတီပွဲအပြီး ဟိုတယ်ခန်း တစ်ခန်းအတွင်းမှာ မစ္စ ခရစ္စတင်း ဒေစီယာ သေဆုံးနေတယ်ဆိုတဲ့ သတင်းက သီတင်းပတ်ပေါင်းများစွာ ခေါင်းစည်းသတင်းအဖြစ် ဖိလစ်ပိုင်မှာ ရှိနေခဲ့ပါတယ်။

သူ မုဒိမ်းကျင့်ခံခဲ့ရတယ်၊ အသတ်ခံခဲ့ရတယ်လို့ ရဲတွေက မြန်မြန်ဆန်ဆန် ထုတ်ပြော ခဲ့ပြီး လူ ၃ ယောက်ကို လည်း ဖမ်းဆီးလိုက်ပါတယ်။

ဒါပေမဲ့ အဲဒီ သံသယရှိသူတွေကို ရဲတွေက လွှတ်ပေးလိုက်ပါပြီ၊ အမှုနဲ့ပတ်သက်ပြီး ရဲတွေရဲ့ အစပိုင်း သုံးသပ်ထားချက်ကိုလည်း လူတွေက အမေးတွေ ထုတ်နေပါတယ်။

မာကာတီဒေသဆိုင်ရာ ရဲမှူး ဗိုလ်မှူးကြီး ဟာရိုး ဒီပိုစစ်တာကို ရာထူးကနေ ဖယ်လိုက်တာက ဒီအမှုနဲ့ ပတ်သက်လို့ နောက်ဆုံးဖြစ်ပေါ်မှုဖြစ်ပြီး ဒီ လူသိများတဲ့အမှုကို ရဲတွေရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်လာတာတွေရဲ့ နောက်ပိုင်းမှာ အဲဒီလို ဖြစ်လာတာပါ။

ဒီအမှုဟာ အရင်ကတည်းက ပြောနေ၊ ဝေဖန်နေကြတဲ့ သမ္မတ ရိုဒရီဂို ဒူတာတေးရဲ့ "မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲ" ဆိုတဲ့ အရေးကို သေသေချာချာ ပြန်ဆန်းစစ်ဖို့ ငြင်းပယ်နေကြတာရဲ့ ဆိုးကျိုးဆက် ဥပမာ တစ်ခုပဲလို့ သုံးသပ်သူတွေက ပြောနေပါတယ်။

ရဲတွေက အစပိုင်းတုန်းက ဘာပြောခဲ့လဲ

ဇန်နဝါရီ ၄ ရက်နေ့က အသက် ၂၃ နှစ်အရွယ် လေယာဉ်မယ် သေဆုံးရတဲ့အမှုကို သူတို့ "ဖြေရှင်းနိုင်ပြီ"လို့ ရဲတွေက ထုတ်ပြန်ကြေညာခဲ့ပါတယ်၊ သူ မုဒိမ်းကျင့်ခံ ခဲ့ရတယ်၊ အသတ်ခံခဲ့ရတယ်လို့လည်း သူတို့က ပြောခဲ့ပါတယ်။

သံသယရှိသူ ၃ ယောက်ကို သူတို့ဖမ်းထားပြီး နောက် ၉ ယောက်ဟာ "ထွက်ပြေးနေဆဲ"ပဲလို့လည်း ရဲတွေရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ အမျိုးသား ၁၂ ယောက်လုံးဟာ သူနဲ့အတူ အဲဒီညက ရှိနေခဲ့ကြပါတယ်။

မစ္စ ဒေစီယာ သေဆုံးရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တရားဝင် ဆေးစစ်ချက် ထုတ်ပြန်တာကို ရွှေ့ဆိုင်းထားတဲ့အချိန်မှာပဲ ရဲဗိုလ်မှူးကြီး ဒီပိုစစ်တာက သူတို့အနေနဲ့ ဒီအမှုကို မုဒိမ်းမှု၊ လူသတ်မှုအဖြစ် သတ်မှတ်ထားပြီးပြီလို့ ပြောခဲ့ပါတယ်။

တုံ့ပြန်ချက်တွေက ဘယ်လိုဖြစ်လာလဲ

အစပိုင်းမှာ လူတွေ ဒေါသထွက်ခဲ့ကြပါတယ်။ လူမှုမီဒီယာမှာ ဒီအကြောင်း ပျံ့နှံ့နေပြီး ရက်ပေါင်းများစွာ လူတွေ တုံ့ပြန်ပြောဆိုနေကြတာပါ။

ယောက်ျားသားတွေ အများကြီးနဲ့ ပါတီပွဲလုပ်တဲ့ ကာယကံရှင် သူ့ကို အစပိုင်းမှာ လူတွေက အပြစ်ပုံခဲ့ကြပေမယ့် ရဲတွေရဲ့ ထုတ်ပြန်ချက်ထွက်လာတဲ့ အခါမှာတော့ သူ့အတွက် တရားမျှတမှုကို တောင်းဆိုတဲ့ #JusticeForChristineDacera က အွန်လိုင်းမှာ အလျင်အမြန် ပျံ့နှံ့သွားပါတယ်။

ရဲဗိုလ်ချုပ်ကြီး ဆီနတ်စ်က ထွက်ပြေးနေတဲ့သူတွေ "၇၂ နာရီအတွင်း လာအဖမ်းခံရင်ခံ၊ မခံရင်တော့ လိုက်ရှာဖမ်းမယ်၊ လိုအပ်မယ်ဆိုရင် အင်အားသုံးမယ်" လို့ ပြောခဲ့ပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး သတင်းပေးနိုင်ရင် ဆုငွေပေးမယ်လို့ မန်နီ ပတ်ကယောင်က ကြေညာခဲ့

နာမည်ကျော် လက်ဝှေ့သမားလည်းဖြစ်ခဲ့ပြီး လက်ရှိ အထက်လွှတ်တော်အမတ် မန်နီ ပတ်ကယောင်က ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး သတင်းပေးသူကို အမေရိကန် ဒေါ်လာ ၁၀, ၄၀၀ ဆုချမယ်လို့ ကမ်းလှမ်းခဲ့ပါတယ်။

၂၀၂၂ ခုနှစ် သမ္မတရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ ထင်ကြေးအပေးခံနေရတဲ့ ဆီးနိတ်အမတ် ပတ်ကယောင်က ဖိလစ်ပိုင်မှာ သေဒဏ်ပြစ်ဒဏ်ကို ပြန်ကျင့်သုံးသင့်တယ်ဆိုတာ အတွက် ဒီအမှုဟာ ပြစရာ ဥပမာ အသစ်ပါပဲလို့ ဆိုပါတယ်။

ရဲပြောတာကို ဘယ်အချိန်စ မေးခွန်းပြန်ထုတ် နေကြလဲ

သံသယရှိသူတွေအဖြစ် အဖမ်းခံထားရတဲ့ အမျိုးသား ၃ ယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဂရေဂရီ ဒီ ဂူးဇ်မန်းက ပြောတဲ့ စကားတစ်ခွန်း ABS-CBN သတင်းဌာန ဝက်ဆိုဒ်ကနေ ထွက်ပေါ်လာခဲ့ပါတယ်။

အဲဒါက အဲဒီ သံသယဖြစ်ခံရသူ အမျိုးသား ၁၂ ယောက်လုံးက လိင်တူချစ်သူတွေပါ ဆိုတဲ့ စကားပါ။ အဲဒီနောက်ပိုင်းတော့ ရဲတွေရဲ့ တရားဝင် သုံးသပ်ထုတ်ဖော်ထားချက် အပေါ် လူတွေက မေးလာကြတော့တာပါပဲ။

မစ္စတာ ဒီ ဂူးဇ်မန်းက သူတို့အဲဒီ အုပ်စုက ဒေစီယာကို ချစ်ခင်ကြတယ်၊ သူတို့နဲ့ အဲဒီညက ဟိုတယ်မှာ ပါတီပွဲလုပ်ခဲ့ကြတယ်။

"ကျွန်တော့်အမြင်မှာတော့ သူဟာ ကျွန်တော်တို့လို LGBT အသိုင်းအဝိုင်းနဲ့ ခင်ခင်မင်မင်ပေါင်းချင်တယ်" လို့ သူက ပြောပါတယ်။ "သူက ကျွန်တော်တို့နဲ့ အပေါင်းအသင်းလုပ်ရာမှာ သိပ်အဆင်ပြေ ပါတယ်။"

Christine Dacera

အဲဒီနောက်မှာတော့ မာကာတီ စီးတီးဆိုင်ရာ တရားလိုရှေ့နေရုံးက "ရခဲ့တဲ့အထောက်အထားတွေကို စုစည်းကြည့်ရာမှာ ဒေစီယာဟာ လိင်ပိုင်းစော်ကားခံခဲ့ရတာ ဒါမှမဟုတ် မုဒိမ်းကျင့်ခံတာဆိုတဲ့ အထောက်အထား အလုံအလောက်မတွေ့ရသေးဘူး"လို့ ဆိုပါတယ်။

စွပ်စွဲခံရသူ ၃ ယောက်ကိုလည်း လွှတ်ပေးခဲ့ပြီး နောက်ထပ်စုံစမ်းဖို့လည်း ရွှေ့ဆိုင်းထားလိုက်ပါတယ်။

လေယာဉ်မယ်ရဲ့ အလောင်းကိုတွေ့တဲ့အချိန်မှာ သူ့ကိုယ်ထဲမှာ အဆိပ်ဓာတ်တွေ ရှိနေ၊ မနေ သေသေချာချာ မစစ်ဆေးခဲ့တဲ့အပေါ်မှာလည်း မာကာတီ ရဲဌာနကို လူတွေက ဝေဖန်ကြပါတယ်။

သံသယနဲ့ အဖမ်းခံထားရတဲ့သူတွေထဲက ၂ ယောက်က သူတို့ ပါတီပွဲလုပ်တုန်းက မူးယစ်ဆေးသုံးစွဲခဲ့တယ်လို့ ဖိအားပေး ထွက်ဆို ခိုင်းတာကို ခံခဲ့ရတယ်လို့ ထုတ်ပြောခဲ့တဲ့နောက် အမှုက ပိုရှုပ်ထွေးစရာတွေ ဖြစ်လာခဲ့ပါတယ်။

သူတို့ကို ပေးတဲ့ "စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုတွေ"ကြောင့် မမှန်တာကို ထွက်ဆိုပေးခဲ့ရတယ်လို့ သူတို့က ဆိုပါတယ်။

ဒါပေမဲ့ မစ္စ ဒေစီယာရဲ့ မိခင် ရှာရွန်က လိင်ပိုင်းစော်ကားခံရမှုတွေ ရှိတယ်လို့ ဆိုပါတယ်။

"ကျွန်မမြင်တာတော့ ကျွန်မ သမီးဟာ အဓမ္မကျင့်ခံခဲ့ရတယ်"လို့ Headstart သတင်းဌာနနဲ့ မေးမြန်းခန်းမှာ မစ္စက် ဒေစီယာက ပြောပါတယ်။

"တကယ်လို့ ရှင်တို့ ခရစ္စတင်းရဲ့ ရုပ်အလောင်းကို တွေ့လိုက်ရရင်၊ ရှင်ဟာ မိခင်တစ်ယောက် ဖြစ်မယ်ဆိုရင် ခရစ္စတင်း ဘယ်လို ဒုက္ခခံစားခဲ့ရတယ်ဆိုတာကို သိမှာပါ။"

အခု ဘာတွေ ဆက်ဖြစ်နေလဲ

သူ့ရဲ့ ရုပ်အလောင်းကို စမ်းသပ်စစ်ဆေးတာတွေ ဒုတိယအကြိမ်မြောက် လုပ်ထားပါတယ်။ အဖြေသိရဖို့ တာဝန်ရှိတဲ့သူတွေ စောင့်ဆိုင်းနေပါတယ်။ ဒေစီယာ တစ်ယောက် ဆေးမိခဲ့တယ်၊ နောက် မုဒိမ်းကျင့်ခံရ၊ အသတ်ခံခဲ့ရတယ်ဆိုတဲ့ အဖြေထွက်လာမယ်လို့ သူ့မိသားစုက ယုံကြည်နေပါတယ်။

အခုအတောအတွင်းမှာတော့ မှုခင်းဆေးပညာဆိုင်ရာ ရဲအရာရှိတစ်ယောက်ကို သေစာရင်းနဲ့ ဆေးစစ်ချက် အစီရင်ခံစာတွေကို "မှန်ကန်မှု၊ တိကျမှုမရှိဘဲ" ထုတ်ပြန်ခဲ့တယ်၊ ဆိုးဆိုးရွားရွား လျစ်လျူရှုတာ၊ အရည်အချင်း ဆိုးဆိုးရွားရွား ကင်းမဲ့တာလို့ စွပ်စွဲကာ မကျေနပ်ကြောင်း တိုင်တန်းစာကို သေဆုံးသူ ကာယကံရှင်ရဲ့ မိသားစုက တင်ထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55753305

လေယာဥ်မယ် အဓမ္မကျင့်အသတ်ခံရမှု ကိုင်တွယ်ပုံ "ညံ့ဖျင်း"လို့ ဖိလစ်ပိုင် ရဲမှူးကြီး အလုပ်ပြုတ် လေယာဥ်မယ် အဓမ္မကျင့်အသတ်ခံရမှု ကိုင်တွယ်ပုံ "ညံ့ဖျင်း"လို့ ဖိလစ်ပိုင် ရဲမှူးကြီး အလုပ်ပြုတ် Reviewed by THITHTOOLWIN on 01:54 Rating: 5

No comments:

Powered by Blogger.