သမ္မတကိုတရားစွဲဖို့ ကြိုးပမ်းတဲ့ စာချွန်တော်အမှု ထူးခြားချက်

သမ္မတကိုတရားစွဲရန်ကြိုးပမ်းသူတွေဟာ နိုင်ငံရေးဆွဲကြိုးချတာလို့ သမ္မတရုံးက တုံ့ပြန်ထား

သမ္မတ ဦးဝင်းမြင့်အပါအဝင် ၄ ဦးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းပါ ၁၅ ဦးကို အာဏာပိုင်မေးစာချွန်တော် အမိန့် ထုတ်ဆင့်ပေးဖို့ တရားစွဲဆိုလျှောက်ထားမှုတွေကို လာမယ့် ဇန်နဝါရီ ၂၉ ရက်မှာ လက်ခံဖို့သင့်မသင့်ကြားနာဖို့ရှိပါတယ်။

အဲဒီနေ့မနက် ကိုးနာရီခွဲမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ တရားသူကြီးသုံးပါးထိုင်ရှေ့မှာ အမှုတွေကို လက်ခံဖို့သင့်မသင့် ဗီဒီယိုကွန်ဖရန်းဇင်းစနစ်နဲ့ ကြားနာဖို့ ရှိနေတာပါ။

သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးဇော်ဌေးကတော့ ရွေးကောက်ပွဲ အသိအမှတ်မပြုသူတွေကို ပြင်းပြင်းထန် ထန်တုံ့ပြန်ခဲ့သလို အစိုးရအဖွဲ့ ဖွဲ့ဖို့ ပုံမှန်အတိုင်း အခက်အခဲမရှိ ဆက်လုပ်သွားမယ်လို့ ဇန်နဝါရီ ၈ ရက်နေ့က ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားထားပါတယ်။

တစ်ဆက်တည်းမှာပဲ သမ္မတကို တရားစွဲတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေဟာ နိုင်ငံရေးဆွဲကြိုးချတာမျိုးဖြစ်လိမ့်မယ်လို့လည်း ပြောကြားထားပါတယ်။

သမ္မတကို ဘယ်သူတရားစွဲဖို့ ကြိုးစားတာလဲ

သမ္မတ ဦးဝင်းမြင့် အပါအဝင် လေးဦးကို အာဏာပိုင်မေးစာချွန်တော်အမိန့်ထုတ်ဆင့်ပေးဖို့ မန္တလေးက ဦးဇော်ဝိတ် ဆိုသူက လျှောက်ထား တာဖြစ်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းအပါအဝင် ၁၅ ဦးကိုတော့ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ဦးဆောင်သူ သမ္မတရုံးဝန်ကြီးဟောင်းဦးစိုးမောင်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီတို့က ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ စာချွန်တော်အမိန့် ထုတ်ဆင့်ပေးဖို့ တင်ပြထားပါတယ်။

ကြံ့ခိုင်ရေးပါတီလျှောက်ထားတဲ့ စာချွန်တော်အမိန့်က အာဏာပိုင်မေးစာချွန်တော်အမိန့် သို့မဟုတ် အာဏာပေးစာချွန်တော်အမိန့် လို့ ဖော်ပြထားတာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ဆင့်ခေါ်စာမှာဖော်ပြချက်အရ တွေ့ရှိရပါတယ်။

ဘာကြောင့်တရားစွဲတာလဲ

ကြံ့ခိုင်ရေးပါတီအနေနဲ့ ရွေးကောက်ပွဲအပြီး နောက်ဆက်တွဲ ကန့်ကွက်မှုတွေ၊ မဲမသမာမှုတွေနဲ့ မဲစာရင်းမှားယွင်းမှုတွေကို စိစစ်ဖော်ထုတ်ပေးဖို့ ကော်မရှင်ထံ အကြိမ်ကြိမ်တောင်းဆိုခဲ့ပေမယ့်အကြောင်းမထူးခဲ့ဘဲ သမ္မတထံ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စစ်ဆေးပေးဖို့ တောင်းဆိုရာမှာလည်း ထူးခြားမှုမရှိတဲ့အတွက်ခုလို စာချွန်တော်အမိန့် ဆင့်ထုတ်ဖို့လျှောက်ထားတာဖြစ်တယ်လို့ ဇန်နဝါရီလဆန်းပိုင်းမှာ ပြုလုပ်တဲ့ ကြံ့ခိုင်ရေးပါတီ သတင်းစာရှင်းလင်းပွဲမှာ ပါတီဒုဥက္ကဋ္ဌ ဦးခင်ရီကပြောကြားထားပါတယ်။

သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးမောင်ဦးဆောင်တဲ့ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီကလည်း ကြိုတင်မဲတွေ၊ တမင်ကြံစည်ထားတဲ့ ဆန္ဒမဲလက်မှတ်တွေနဲ့ ဦးစိုးမောင်ကိုထောက်ခံမဲပေးမရအောင် လုပ်ဆောင်ခဲ့တာတွေ တွေ့ရှိခဲ့ရသလို မဲဆန္ဒရှင်ဦးရေထက် ဆန္ဒမဲပေးတဲ့လက်မှတ်အရေအတွက် ပိုများနေတာ၊ NLD ပါတီက မဲဆွယ်စည်းရုံးရာမှာ စစ်ဖိနပ်အောက်ပြန်ရောက်ချင်လား လို့ ဝါဒဖြန့်စည်းရုံးတာ စတဲ့အချက်တွေကြောင့် တရားမျှတတဲ့ရွေးကောက်ပွဲ မဟုတ်ကြောင်း တွေ့ရှိရတယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ကော်မရှင်အနေနဲ့ ဥပဒေနဲ့အညီ ဆောင်ရွက်ရမယ့် တာဝန်တွေကို ပျက်ကွက်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပြီး သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကိုအမှုဖွင့်တရားစွဲဆိုသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အာဏာပိုင်မေး/အာဏာပေး စာချွန်တော်အမိန့် ဆိုတာ ဘာလဲ

အာဏာပိုင်မေးစာချွန်တော်အမိန့်ဆိုတာ အစိုးရဌာနတစ်ခုခု သို့မဟုတ် အခွင့်အာဏာပိုင်အဖွဲ့အစည်းတစ်ခုခုက ထုတ်ပြန်ထားတဲ့ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ထားခြင်းရှိမရှိကို စိစစ်ကြားနာပြီး ဥပဒေနဲ့ ညီညွတ်ခြင်း ရှိမရှိရေးသားထုတ်ပြန်တဲ့အမိန့်စာ ဖြစ်ပါတယ်။

အာဏာပေးစာချွန်တော်အမိန့်ဆိုတာဟာ တရားဝင်အခွင့်အာဏာရှိသူ တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းတစ်ခုခုက ဖြစ်စေ၊ အစိုးရဌာနတစ်ခုခုကဖြစ်စေ အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်နဲ့အညီ လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်တာကိ ုဥပဒေနဲ့အညီ လိုက်နာဆောင်ရွက်စေဖို့ ရေးသားထုတ်ပြန်တဲ့ အမိန့်စာကို ဆိုလိုတာဖြစ်ပါတယ်။

ထူးခြားချက်တွေက ဘာတွေလဲ

ဒီအမှုသုံးမှုလုံးကို ဇန်နဝါရီ ၂၉ ရက်နေ့တစ်ရက်တည်းမှာ ဆက်တိုက်ကြားနာဖို့ရှိပါတယ်။ သမ္မတ ပါ လေးဦးကိုတရားစွဲဖို့ လျှောက်ထားမှုကို လက်ခံထား တဲ့ အမှုနံပါတ်က ၁၉၈ ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း ပါ ၁၅ ဦးကိုတရားစွဲဖို့ လျှောက်ထားမှုကိုလက်ခံထားတဲ့ အမှုနံပါတ်က ၁၉၉ နဲ့ ၂၀၃ တို့ ဖြစ်ပါတယ်။

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ထားတဲ့အမှုခေါ်စာရင်းအရ ဇန်နဝါရီ ၂၉ ရက်မှာ လက်ခံကြားနာမယ့် တခြားစာချွန်တော် အမိန့်တွေလည်းရှိပြီး အမှုနံပါတ်နောက်ဆုံးက ၁၅၃ ဖြစ်နေတာပါ။

အဲဒီနံပါတ်နဲ့အမှုအပြီးမှာတော့ အမှုနံပါတ် ၁၉၈ ၊ ၁၉၉ နဲ့ ၂၀၃ ဖြစ်တဲ့ သမ္မတနဲ့ရွေးကောက်ပွဲကော်မရှင်တို့ကိုတရားစွဲတဲ့အမှုတွေကို ဆက်လက်စစ် ဆေးကြားနာမယ်လို့ ဖော်ပြထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတကို ဘယ်တရားရုံးကမှ ဆင့်ခေါ်စစ်ဆေးခွင့်မရှိဘူးလို့ ပြဌာန်းချက်ရှိပါတယ်။

ဒါ့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ အပြီးအပြတ် ဆုံးဖြတ်ချက်ချနိုင်တဲ့အဖွဲ့အစည်းလေးခုရှိပြီး အဲဒီအဖွဲ့အစည်းတွေကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး၊ စစ်ဘက်ဆိုင်ရာခုံးရုံးနဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် တို့ဖြစ်ပါတယ်။

ဒီအဖွဲ့အစည်းလေးခုရဲ့ ဆုံးဖြတ်ချက်ဟာ နောက်ဆုံးအပြီးအပြတ်ဖြစ်ပြီး ဘယ်အထက်အဆင့်ကိုမှ ဆက်တက်နိုင်စရာမရှိတော့ဘူးလို့ ဥပဒေပညာရှင်တွေ ကထောက်ပြကြပါတယ်။

အခုခါမှာ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်အမည်စာရင်းတွေကို ကော်မရှင်က အတည်ပြုထုတ်ပြန်ထားပြီးဖြစ်သလို လွှတ်တော်သစ်တွေပြန်စဖို့လည်း စိုင်းပြင်းနေပြီး ရွေးကောက်ပွဲကန့်ကွက်လွှာတွေ ခုံဖွဲ့စစ်ဆေးတာတွေရှိနေပါပြီ။

ဥပဒေအရ အပြီးအပြတ်ဖြစ်ပြီးသား တရားရုံးတွေက ဝင်စွက်ဖက်မရတဲ့ကိစ္စကြီးတွေထဲမှာ ရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်ပြီးချက်လည်းပါရှိပြီးဖြစ်တယ်လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေဦးကြီးမြင့်က ပြောပါတယ်။

ဒီလိုအချက်တွေရှိတဲ့အထဲကမှ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အနေနဲ့ ဒီအမှုကို ကြားနာဖို့ ဘာကြောင့် ဆုံးဖြတ်တာပါလဲ။ ဘာတွေထူးခြားလဲ၊ ဒီအမှုကို တကယ်လို့ တရားရုံးက လက်ခံလိုက်မယ်ဆိုရင်နိုင်ငံရေးအရ ဘယ်လိုအကျပ်အတည်းတွေဖြစ်လာနိုင်ပါသလဲဆိုတာကို ဦးကြီးမြင့်က ခုလိုရှင်းပြပါတယ်။

"၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၅ အရ နိုင်ငံတော်သမ္မတကို မည်သည့်တရားရုံးကမှ စစ်ဆေးခွင့်မရှိစေရ လို့ ပြဌာန်းထားတာရှိတယ်။ အဲဒီလိုပြဌာန်းထားတဲ့ဥပဒေတွေကြားကနေ ဒီလျှောက်လွှာကို ဖွင့်လိုက်ပြီးတော့ အမှုနံပါတ် တပ်ပေးလိုက်တာက အတော်ထူးခြားတဲ့ဖြစ်စဉ်လို့ပြောလို့ရတယ်။ နောက်တစ်ချက်က ရုံးချိန်းချိန်းတဲ့စာမှာ ကြည့်လိုက်တဲ့အခါ အမှုနံပါတ်စဉ် ၁၅၃ ကနေ အမှု ၁၉၈ နဲ့ ၁၉၉ ကိုကျော်ခေါ်လိုက်တာ ၄၅ မှုလောက်ကျော်ခေါ်လိုက်တာကိုတွေ့ရတယ်။ တရားရုံးတွေမှာ အမှုတွေကို ခုလို ကျော်ခေါ်တာမျိုးက လေးငါးမှုကျော်တာမျိုးတော့ တွေ့ဖူးတယ်။ အခုလို ၄၅ မှုကျော်ခေါ်တာတော့မတွေ့ဖူးဘူးပေါ့" လို့ ဦးကြီးမြင့်ကပြောပါတယ်။

ဒီအမှုကို ဖေဖော်ဝါရီ ၁ ရက်လွှတ်တော်သစ်မတိုင်ခင် ကြားနာဖို့ တရားရုံးက စီစဉ်တာဟာ လွှတ်တော်သစ်မစခင် အပြီးသတ်ဖြစ်စေချင်တဲ့သဘောလားလို့မေးရာမှာတော့ ဦးကြီးမြင့်က ဒါဟာ တရားရုံးရဲ့ သဘာထားဖြစ်လို့ တရားရုံးမထီမဲ့ပြင်ပြုရာရောက်စေတာကြောင့် မှတ်ချက်မပြုလိုကြောင်းနဲ့ ထင်မြင်ချက်ပေးလို့မရကြောင်း ပြောပါတယ်။

အမှုကိုလက်ခံရင် ဘာတွေဖြစ်လာနိုင်လဲ

တကယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကသာ ဒီအမှုကို လက်ခံကြားနာဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် နိုင်ငံရေးအရ အကျပ်အတည်းတွေနဲ့ နိုင်ငံရေးသြဇာသက်ရောက်မှုတွေ ရှိလာနိုင်တယ်လို့ ဦးကြီးမြင့်က ပြောပါတယ်။

ဒါ့အပြင် ဒီလက်ခံမှုကိုပြသပြီး တားဆီးမှုတွေဖြစ်လာနိုင်သလို တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဌာန်းထားတဲ့အချက်တွေနဲ့ ပတ်သက်လာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆ ပါပြဌာန်းချက်များ

"ပုဒ်မ ၆ မှာတပ်မတော်က ဘယ်အခါမျိုးမှာ ဦးဆောင်မယ်ဆိုတာပါတယ်။ နောက် ပုဒ်မ ၂၀ (င) နဲ့ (စ) လုံးမှာလည်း ဘယ်အခါမှာ တပ်မတော်တာဝန်ရှိတယ်ဆိုတာ ပြဌာန်းထားတယ်။ နောက် ၄၀ (က) (ခ) (ဂ) ရှိတယ်။ အဲဒီမှာ (ဂ) မှာဘာရေးထားလဲဆိုတော့ နိုင်ငံတော်ရဲ့အချုပ်အခြာအာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှု စသောအဓမ္မနည်းဖြင့် ရယူရန်ဆောင်ရွက်ခြင်း၊ သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းတို့ကြောင့် ပြည်ထောင်စုပြိုကွဲစေမည့်၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ် အခြေအနေပေါ်ပေါက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံအခြေခံဥပဒေသတ်မှတ်ပြဌာန်းချက်များနဲ့အညီ ရယူသုံးစွဲခွင့်ရှိသည် လို့ ဖော်ပြထားတယ်"လို့ ဦးကြီးမြင့်က ရှင်းပြပါတယ်။


ပုဒ်မ ၄၀ (က) ပါပြဌာန်းချက်များ။

ဒါပေမဲ့ တပ်မတော်က ဒီအခြေအနေတွေရောက်တဲ့အခါ ကိုယ့်သဘောနဲ့ ကိုယ်အာဏာသိမ်းလို့မရဘဲ ပုဒ်မ ၄၁၇ အရ သမ္မတက ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးခေါ်ယူပြီး တစ်နှစ်ကနေ နှစ်နှစ်ထိ အာဏာလွှဲနိုင်တယ်လို့ ဖော်ပြထားကြောင်း ဦးကြီးမြင့်က ပြောပါတယ်။

"အခု ပြောနေကြသလို ပုဒ်မ ၂၀ အရ အာဏာသိမ်းမယ်။ ၄၀ အရ အာဏာသိမ်းမယ်ဆိုတာမျိုး က သိမ်းမရပါဘူး။ ဘာနဲ့ချုပ်ထားလဲဆိုတော့ ပုဒ်မ ၄၁၇ နဲ့ ပြန်ချုပ်ထားတယ်။ နိုင်ငံတော်သမ္မတကို တင်ပြရမယ်။ နိုင်ငံတော်သမ္မတက ယုံကြည်တော့မှ လက်ခံတော့မှ လွှဲပေးမှာ။ မယုံကြည်ဘူး။ အရေးပေါ်အခြေအနေကြေညာလောက်တဲ့အခြေအနေမဟုတ်ဘူးဆိုရင် သိမ်းမရပြန်ဘူး။" လို့ သူကဆက်ပြောပါတယ်။

တကယ်လို့ အဲဒီကြားထဲကနေသာ ဆက်ပြီး အာဏာသိမ်းဖို့ကြိုးစားရင်တော့ ၁၉၆၂ ၊ ၁၉၈၈ ခုနှစ်တို့တုန်းကလို ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းပြီးအာဏာသိမ်းတာမျိုး ဖြစ်သွားလိမ့်မယ်လို့ ဦးကြီးမြင့်က သတိပေးပါတယ်။

စာချွန်တော်အမှုကို ဖေဖော်ဝါရီ ၁ ရက်လွှတ်တော်သစ်မတိုင်ခင် မှာ ကြားနာဖို့ရှိနေပြီး ဒီအမိန့်ကို လက်ခံရန်သင့်မသင့်ကတော့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့စီရင်ဆုံးဖြတ်ခွင့်ဖြစ်နေပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/burma-55729478

သမ္မတကိုတရားစွဲဖို့ ကြိုးပမ်းတဲ့ စာချွန်တော်အမှု ထူးခြားချက် သမ္မတကိုတရားစွဲဖို့ ကြိုးပမ်းတဲ့ စာချွန်တော်အမှု ထူးခြားချက် Reviewed by THITHTOOLWIN on 21:04 Rating: 5

No comments:

Powered by Blogger.