ရန်ကုန် ဇန်နဝါရီ ၁၇
သင်္ဃန်းကျွန်းမြို့နယ် နနွင်းကုန်း ရပ်ကွက် လေးထောင့်ကန်လမ်းမကြီး အမှတ်(၃၃၇/ခ)ရှိ G & G စတိုးဆိုင် သို့ ဇန်နဝါရီ ၁၀ ရက် ည ၁၁ နာရီခွဲ က အမျိုးသားသုံးဦး ရောက်ရှိလာပြီး ဆိုင်ဝန်ထမ်း အမျိုးသမီး နှစ်ဦးထံမှ ရွှေထည်ပစ္စည်းများနှင့် လက်ကိုင် ဖုန်းများကို လည်းကောင်း၊ ကောင်တာ အံဆွဲအတွင်းမှ ငွေကျပ် ၈၄၀၅၀ နှင့် ဂိမ်းကတ်တို့ကို လည်းကောင်း ခြိမ်းခြောက်လုယူ၍ တက္ကစီယာဉ် ဖြင့် မောင်းနှင်ထွက်ပြေးသွားသဖြင့် သင်္ဃန်းကျွန်းမြို့မ ရဲစခန်းတွင် အမှုဖွင့်တိုင်တန်းခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင် များနှင့် အုပ်ချုပ်မှုဌာနခွဲမှ တပ်ဖွဲ့ဝင် များသည် အခင်းဖြစ်ရပ်မှ စစ်ဆေး ချက်များအရ ပြစ်မှုကျူးလွန်သူများ မှာ တာမွေမြို့နယ် မလွှကုန်းမီးရထား ရပ်ကွက် မလွှကုန်းမီးရထား လိုင်းခန်းနေ စည်သူအောင်နှင့် ကျောက်မြောင်းကြီး ရပ်ကွက် အောင်မင်္ဂလာလမ်း (ဒု)ထပ် ဝဲခန်း အမှတ် ၆၇ တွင် အတူနေထိုင်သည့် ရှိုင်းထက်အောင် (ခ) ငကျိုးနှင့် ဝင်းထွဋ်ဦး(ခ)နိုင်လင်းအောင်တို့ ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး ၎င်းတို့ သုံးဦးအား ဇန်နဝါရီ ၁၆ ရက် နံနက် ၁၁နာရီတွင် တာမွေမြို့နယ် ပုသိမ်ညွန့်ရပ်ကွက် ဓမ္မစိန္တာလမ်းမ ပေါ်၌ ဖမ်းဆီးရမိသည်။
ဖမ်းဆီးရမိသူ စည်သူအောင်၊ ရှိုင်းထက်အောင် (ခ) ငကျိုးနှင့် ဝင်းထွဋ်ဦး(ခ)နိုင်လင်းအောင်တို့ အား စစ်ဆေးရာ အဆိုပါအမှုအား ကျူးလွန်ခဲ့ကြောင်းနှင့် သက်သေခံ ပစ္စည်းများအစား အရည်ကျိုထား သည့် ရွှေတုံးတစ်တုံး၊ လက်ကိုင်ဖုန်း သုံးလုံးနှင့် ဂိမ်းကတ်များ စုစုပေါင်း တန်ဖိုးငွေကျပ် ၇၂၄၀၀၀ ကို ပြန်လည်သိမ်းဆည်းရရှိပြီးဖြစ်၍ ၎င်းတို့သုံးဦးကို ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ရဲပြန်ကြား
Myanmaalinn
No comments:
Post a Comment