ကန်သမ္မတသစ်လက်ထက် ကန်-ဥရောပဆက်ဆံရေးအလားအလာ

မြောက်ပိုင်း Ireland နိုင်ငံ Ballina မြို့မှာ တွေ့ရတဲ့မြင်ကွင်း။ (နိုဝင်ဘာ ၀၇၊ ၂၀၂၀)

ဇန်နဝါရီလ ၂၀ ရက်နေ့မှာ အမေရိကန် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ မတိုင်ခင်မှာပဲ Joe Biden အစိုးရလက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေးတိုးတက်ဖို့ အမေရိကန်မဟာမိတ်နိုင်ငံတွေက အကောင်းမြင်မေ ျှာ်လင့်နေကြပါတယ်။ ဥရောပဘက်က ရင်းနှီးနွေးထွေးတဲ့ စကားတွေ ကြားနေရပေမဲ့လည်း ရှေ့မှာ ဆက်ဆံရေးနဲ့ပတ်သက်လို့ အတားအဆီးတွေလည်း ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။ Henry Ridgwell လန်ဒန်မြို့ကနေ သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲဟာ အမေရိကန်ပြည်ထောင်စုသာမက ကမ္ဘာကြီးအတွက်ပါ စာမျက်နှာသစ်ဖွင့်လိုက်တဲ့ လက္ခဏာ ဆောင်ပါတယ်။ အမေရိကန်မဟာမိတ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ရော ရန်ဘက်နိုင်ငံတွေနဲ့ပါ ဆက်ဆံရေးသစ်တွေ စပြီးအသက်ဝင်နေပါပြီ။ ဥရောပဘက်မှာတော့ အကောင်းမြင်မေ ျှာ်လင့်နေကြပါတယ်။ Clingendael Institute ကနိုင်ငံခြားမူဝါရေးရာ ကျွမ်းကျင်သူ Rem Korteweg က ခုလိုသုံးသပ်ပါတယ်။

"ဂျိုးဘိုင်ဒန်နဲ့ ပတ်သက်လာရင် ဥရောပခေါင်းဆောင်တွေ ထိပ်တန်းဦးစားပေး ပြောဆိုကြမယ့် အကြောင်းအရာထဲမှာ ဥတုရာသီပြောင်းလဲမှု၊ ကမ္ဘာ့ကုန်သွယ်ရေးမူဝါဒ၊ ဘက်ပေါင်းစုံပါဝင်တဲ့ အင်စတီကျူးရှင်းတွေနဲ့ ဥရောပလုံခြုံရေးကိစ္စရပ်တွေ ပါဝင်နေပါတယ်။"

ဒါပေမဲ့လည်း တရုတ်နိုင်ငံနဲ့ ပတ်သက်လာရင်တော့ ရှေ့မှာ ကြီးမားတဲ့ အတားအဆီးတွေရှိနိုင်ပါသေးတယ်။ တရုတ်နိုင်ငံရဲ့ ကုန်သွယ်ရေးမူဝါဒနဲ့ လူ့အခွင့်အရေး ချိူးဖောက်မှု ကိစ္စတွေမှာ စိုးရိမ်မှုတွေ ရှိနေပေမဲ့လည်း ဥရောပသမဂ္ဂ EU က တရုတ်နိုင်ငံနဲ့ ကုန်သွယ်ရေးသဘောတူညီမှု ရထားပါတယ်။

"အမေရိကန်ရှုမြင်နေသလိုမျိုး တရုတ်နိုင်ငံကို ပထဝီဝင်နိုင်ငံရေး ပြိုင်ဘက်နိုင်ငံတခု အဖြစ် ဥရောပဘက်က ရှုမြင်ထားတာတော့ မဟုတ်ပါဘူး။"

သမ္မတ Barak Obama အစိုးရလက်ထက်က ဒုသမ္မတအဖြစ် မစ္စတာ ဘိုင်ဒန်တာဝန်ယူခဲ့တဲ့အချိန်မှာတော့ ဥရောပမဟာမိတ်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၄ နှစ်တာမှာတော့ ဥရောပနိုင်ငံအတော်များများက သူတို့ရဲ့ မဟာမိတ် အမေရိကန်နိုင်ငံကို ပုံပြီး ယုံကြည်အားကိုးနိုင်ပါ့မလားဆိုပြီး မေးခွန်းတွေထုတ်လာကြပါတယ်။ ဥရောပ မဟာမိတ်တွေဘက်က ကိုယ့်ခြေကိုယ် ရပ်နိုင်ဖို့ ပြင်ဆင်ရမယ်လို့ မြင်နေကြပြီလို့ Rem Korteweb က ပြောပါတယ်။

"ဥရောပနိုင်ငံတွေက သူတို့ဘာ့သာ ကိုယ်ပိုင်ပြဌာန်းမှုကို မဟာဗျူဟာကျကျ ရေးဆွဲဖို့ ထင်မြင်ယူဆလာကြပါတယ်။ အမေရိကန်ဘက်ကလည်း ... ”ကဲ... ဒီမှာ စားပွဲထိပ်ကို ကျုပ်တို့ပြန်ရောက်လာပါပြီ။ အမေရိကန်ဦးဆောင်မှုနောက်လိုက်ကြပါ။” ဆိုပြီး ပြောလာပါလိမ့်မယ်။တရုတ်နဲ့ဆက်ဆံရေးလို အရေးကြီးတဲ့ကိစ္စရပ်တွေမှာ သဘောထားကွဲလွဲပြီးအဆုံးသတ်သွားတာမျိုးဖြစ်မလာအောင် ယုံကြည်မှုတည်ဆောက်ဖို့၊ ကောင်းကောင်းစီမံနိုင်ဖို့တော့လိုပါတယ်။"

တချိန်ထဲမှာပဲ အမေရိကန်ရဲ့ကုန်သွယ်ရေးဟာ တရုတ်နဲ့ရော ဥေရောပနဲ့ပါ သိပ်ပြီးအဆင်အမပြေပါဘူး။ သမ္မတ Donald Trump လက်ထက်မှာ အမေရိကန်နဲ့ ဥရောပနိုင်ငံတွေကြား ကုန်ပစ္စည်းတချို့အပေါ် အပြန်အလှန်အခွန်တွေ တိုးကောက်ခဲ့ကြပါတယ်။ ပြင်သစ် စီးပွါးရေးရာဝန်ကြီး Bruno Le Maire ကခုလိုပြောထားပါတယ်။

"အမေရိကန်နဲ့ ဥရောပကြား ကုန်သွယ်ရေး စစ်ပွဲရပ်ပစ်ဖို့ ထိပ်ဆုံးမှာ ရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ အမေရိကန်အစိုးရဘက်က ပြင်သစ်ဝိုင်လုပ်ငန်းတွေအပေါ် ကန့်သတ်အရေးယူထားတာတွေ၊ Boeing-Airbus လေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းအပေါ် အခွန်တိုးကောက်ထားတာမျိုးလို ကိစ္စရပ်တွေက အမေရိကန်ရော ဥရောပအတွက်ပါ အကျိုးမရှိတာကြောင့် ဒါကို ရပ်ပစ်စေချင်ပါတယ်။"

ဗြိတိန်နိုင်ငံကိုတော့ အမေရိကန်နဲ့ဥရောပကို ဆက်သွယ်ပေးတဲ့ အတ္တလန်တိန်သမုဒ္ဒရာကြားက တံတားအဖြစ် အစဉ်အလာအတိုင်း ရှုမြင်ထားကြတာပါ။ ဒါပေမဲ့လည်း ဥရောပကနေ ဗြိတိန်နိုင်ငံခွဲထွက်လိုက်တဲ့အတွက် အခြေအနေတွေ တမျိုးတဖုံပြောင်းသွားပါတယ်။

"ကုန်သွယ်ရေးကိစ္စ၊ ဒါမှမဟုတ် ဥတုရာသီပြောင်းလဲမှု တားဆီးရေးကိစ္စတွေ၊ စီးပွါးရေးရာ စည်းကမ်းသတ်မှတ်ချက်တွေ၊ ဘဏ္ဍာရေးအကြပ်အတည်းလို ကိစ္စမျိုးတွေနဲ့ ပတ်သက်လာရင် ဗြိတိန်နိုင်ငံဟာ အမေရိကန်ပထမဦးစားပေး ချည်းကပ်မယ့် နေရာဖြစ်လာတော့မှာ မဟုတ်ပါဘူး။”

ဒါပေမဲ့လည်း လုံခြုံရေးကိစ္စမှာတော့ ဗြိတိန်က အမေရိကန် အဓိကမဟာမိတ်အဖြစ်ဆက်ရှိနေပါတယ်။ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က JCPOA လို့ခေါ်တဲ့ အီရန်နျူကလီးယား သဘောတူညီမှုစာချုပ်က ထိပ်တန်း ဦးစားပေးရမယ့်ကိစ္စဖြစ်တယ်လို့ အင်္ဂါနေ့မှာ ပြောထားပါတယ်။ ဒီစာချုပ်ကနေ ၂၀၁၈ ခုနှစ်မှာ အမေရိကန်နုတ်ထွက်ထားတာပါ။

"JCPOA သဘောတူစာချုပ်ထဲ ပြန်ဝင်မယ်ဆိုပြီး ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်နဲ့ သူ့အစိုးရအဖွဲ့က ပြောဆိုထားတာကို ကြိုဆိုပါတယ်။ ဒါဆိုရင်တော့ ဒီစာချုပ်က ပိုပြီးခိုင်မာ အားကောင်းလာမှာဖြစ်ပါတယ်။"

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် ဥရောပနဲ့ အမေရိကန်ပြည်မှာလည်း ပြည်သူ့ကျန်းမာရေးနဲ့ စီးပွါးရေးအကြပ်အတည်းတွေကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။ မကြာခင်မှာတော့ အတ္တလန်တိန်သမုဒ္ဒရာတဘက်တချက်က တိုင်းပြည်တွေအနေနဲ့ ပြည်တွင်းအရေးပေါ်ကိစ္စတွေကိုသာ အရင်ဆုံးဦးစားပေးဆောင်ရွက်ကြဦးမှာလည်း ဖြစ်ပါတယ်။


နန်းလောင်ဝ်/VOA (Burmese)

https://burmese.voanews.com/a/europe-world-biden-hopes/5744763.html

ကန်သမ္မတသစ်လက်ထက် ကန်-ဥရောပဆက်ဆံရေးအလားအလာ ကန်သမ္မတသစ်လက်ထက် ကန်-ဥရောပဆက်ဆံရေးအလားအလာ Reviewed by THITHTOOLWIN on 21:14 Rating: 5

No comments:

Powered by Blogger.