ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းလူအုပ် အမေရိကန်နယ်စပ်ဆီ ဦးတည်နေ

အမေရိကန်နိုင်ငံထဲဝင်ဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းလူအုပ်ကြီးနဲ့ ထိပ်တိုက်တွေ့နေတဲ့ ဟွွန်ဒူးရပ်စ်ရဲတပ်ဖွဲ့ဝင်များ။ (ဇန်နဝါရီ ၁၅၊ ၂၀၂၁)

ဟွန်ဒူးရပ်စ်နိုင်ငံက ရွှေ့ပြောင်းလာသူ အနည်းဆုံး ၉,၀၀၀ လောက်ဟာ ဂွါတီမာလာနိုင်ငံကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စု အစိုးရသစ် တာဝန်ယူတဲ့ အစောပိုင်းရက်တွေမှာ ရောက်လာနိုင်ဖို့ မျှော်လင့်ရင်း တရက်စောပြီး စတင် ထွက်ခွာလာနေပါတယ်။

ဟွန်ဒူးရပ်စ်နဲ့ ဂွါတီမာလာက အဝေးပြေးလမ်းမကြီးတွေတလျှောက် စစ်ဆေးရေး စခန်းတွေက ရဲတွေက စောစောပိုင်း ထွက်လာတဲ့သူတွေရဲ့ သက်သေခံ စာရွက်စာတမ်းတွေ တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် လူအုပ်ကြီးကို ရှေ့ဆက်မသွားအောင် ရပ်တန့်ဖို့တော့ မကြိုးစားခဲ့ကြပါဘူး။

စနေနေ့ကတော့ ဟွန်ဒူးရပ်စ်နယ်ခြား Chiquimula အဝေးပြေးလမ်းမ အဝင်ဂိတ်ဘက်ကို နီးကပ်လာတဲ့ လူအုပ်ကြီးကို ဂွါတီမာလာနိုင်ငံက စစ်သားတွေက ဟန့်တားခဲ့ပါတယ်။

ဟွန်ဒူးရပ်စ် အာဏာပိုင်တွေအနေနဲ့ ဒီလို လူတွေ အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းထွက်ခွာတာတွေကို ထိန်းသိမ်းဖို့၊ ဒါမှမဟုတ် အမြဲတစေ တားမြစ်လုပ်ဆောင်ဖို့ ဂွါတီမာလာ အစိုးရက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

လမ်းလျှောက်လာနေတဲ့ ရွှေ့ပြောင်းလာသူတွေက သူတို့ဟာ ကီလိုမီတာ ထောင်နဲ့ချီတဲ့ ခရီးကို ရဲရဲရင့်ရင့် ဖြတ်ကျော်ပြီး ဂွါတီမာလာနဲ့ မက္ကဆီကိုကိုဖြတ်ပြီး အမေရိကန်ပြည်ထောင်စုအထိ ရောက်အောင်သွားမယ်လို့ ပြောဆိုပါတယ်။

သူတို့နိုင်ငံမှာ ကြုံနေရတဲ့ ဆင်းရဲနွမ်းပါးမှု၊ အလုပ်လက်မဲ့ပြဿနာ၊ အကြမ်းဖက်ဂိုဏ်းတွေနဲ့ မူးယစ်ဆေးပြဿနာ၊ သဘာဝဘေးဒဏ်တွေက လွတ်မြောက်ဖို့ အခုလို သွားနေကြတာလို့ ပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေ ပါဝင်တဲ့ ဒီလူအုပ်ကြီးဟာ အမေရိကတိုက် နိုင်ငံတွေထဲက ဒီနှစ်ထွက်လာတဲ့ ပထဆုံးအသုတ် ဖြစ်ပါတယ်။

အရင်သမ္မတ Donald Trump လက်ထက်ကထက် သူတို့အပေါ် စာနာငဲ့ညှာမယ်လို့ မျှော်လင့်နေကြတဲ့ ဒီလူအုပ်ကြီးက အမေရိပြည်ထောင်စုမှာ ရွေးကောက်ခံသမ္မတ Joe Biden ကျန်းသစ္စာမကျိန်ဆိုခင် တပတ်တောင် မလိုတဲ့အချိန်မှာ ထွက်လာတာဖြစ်ပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/honduras-caravan-us/5740847.html

ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းလူအုပ် အမေရိကန်နယ်စပ်ဆီ ဦးတည်နေ ဟွန်ဒူးရပ်စ်က ရွှေ့ပြောင်းလူအုပ် အမေရိကန်နယ်စပ်ဆီ ဦးတည်နေ Reviewed by THITHTOOLWIN on 04:25 Rating: 5

No comments:

Powered by Blogger.