ရွေးကောက်ပွဲကန့်ကွက်လွှာတွေ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ကြားနာမယ်

၂၀၂၀ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ NLDက ဦးဆောင်အနိုင်ရခဲ့

လာမယ့်အစိုးရသစ်မစတင်ခင် ပြီးခဲ့တဲ့၂၀၂၀ရွေး ကောက်ပွဲ ကန့်ကွက်လွှာတင်သွင်းမှုတွေနဲ့ပတ်သက်ပြီး ဖေဖော်ဝါရီ ၁ရက်နေ့မှာ ပထမဆုံးကြားနာသွားဖို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေကို ဆင့်ခေါ်စာပေးပို့ထားပြီးဖြစ်တယ်လို့ သက်ဆိုင်ရာပါတီ တွေထံကသိရပါတယ်။

တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အစိုးရဖွဲ့နိုင်သည်အထိ အနိုင်ရထားတဲ့ NLD ပါတီက ကိုယ်စားလှယ်ပေါင်း ၂၀၀ ကျော်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ USDP နဲ့အခြားပါတီတွေ အပါအဝင် မဲဆန္ဒရှင်အနေနဲ့ ကန့်ကွက်မှုပေါင်း ၂၆၅ မှုထိရှိနေတယ်လို့လည်းသိရပါတယ်။

' ' ၁၄ ရက်နေ့ကတည်းကစပြီး ဆင့်ခေါ်စာတွေပို့နေတာရှိနေပြီ။ အခုထိလည်း ပို့နေတာတွေရှိတုံးပဲ။ ပထမဆုံးရုံးချိန်းကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ခေါ်ထားတာလည်းရှိတယ်။ အဲ့နေ့မှာတော့ ကိုယ်စားလှယ် ပါဝါတင်တာတို့ တချို့ဟာတော့ ချေလွှာပြန်ပြီးတင်တာတို့လုပ်ရမယ်'' လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေးအဖြစ် လိုက်ပါဆောင်ရွက် မယ့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်လည်း ဖြစ်သူ ဦးအောင်ကြည်ညွန့်က ဘီဘီစီကိုပြောပါတယ်။

USDPအနေနဲ့ ကိုယ်စားလှယ်လောင်းကန့်ကွက်လွှာပေါင်း ၁၇၄မှုအထိ တင်သွင်းထား

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဘက်က ကိုယ်စားလှယ်လောင်းကန့်ကွက်လွှာတင်သွင်းထားမှုတွေအတွက် ကော်မရှင်ကစာပေးပို့ထားပြီဖြစ်တယ်လို့ USDP ပါတီရဲ့ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ဘီဘီစီကိုပြောပါတယ်။

' ' ကန့်ကွက်ထားတဲ့ ကိုယ်စားလှယ်တွေကို တိုက်ရိုက် UEC ကနေ့ အကြောင်းကြားပြီး ခုံရုံးမှာ ထွက်ဆိုချက်တွေပေးဖို့အကြောင်းကြားစာတွေပို့တာတော့ရှိနေပါပြီ။ ပါတီအနေနဲ့ကတော့ ကန့်ကွက်တာက ၃မျိုးရှိပါတယ်။ ရွေးကောက်ပွဲကျင်းပအပြီး ၁၅ ရက်အတွင်း ရဲစခန်းကိုအမှုဖွင့်တိုင်ကြားတဲ့အမှုပေါင်းက ၁၂၇ မှုရှိတယ်။ နောက်တစ်ခုကတော့ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ဥပဒေဖောက်ဖျက်တဲ့ ကိစ္စတွေကိုတိုင်ကြား ၁၁၆၄ မှုရှိတယ်။ အခု UEC ကို ပိုက်ဆံ ၅သိန်းတင်ပြီးတော့ ကိုယ်စားလှယ်လောင်း ကန့်ကွက်လွှာတင်တာက ၁၇၄မှုရှိပါတယ်။''လို့ သူကပြောပါတယ်။

ကိုယ်စားလှယ်လောင်းကန့်ကွက်လွှာတင်သွင်းမှုတွေနဲ့ပတ်သက်ပြီး ကြားနာမှုတွေစတင်ဖို့ ကော်မရှင်ကနေ အကြောင်းကြားစာပေးပို့နေဆဲဖြစ်ပြီး ကန့်ကွက်လွှာအားလုံးအတွက် ကြားနာ စစ်ဆေးသွားဖို့ရှိမရှိကိုတော့ မသိရသေးဘူးလို့လည်း ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

NLD ပါတီအနေနဲ့ ပြန်လည်တိုင်ကြားထားတဲ့ကန့်ကွက်လွှာပေါင်းကတော့ ၁၇ ခုရှိတယ်လို့ သိရပါတယ်။

အစိုးရသစ်ဖွဲ့စည်းတင်မြှောက်နိုင်ဖု့ိ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကို ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျင်းပသွားဖို့နဲ့ ပြည်ထောင်စုလွှတ်တော်ကို ဖေဖော်ဝါရီ ၅ ရက်နေ့မှာ စတင်ဖို့ခေါ်ယူထားပြီး အစိုးရသစ်ဖွဲ့စည်းတာနဲ့အတူ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကိုလည်း အသစ်ပြန်လည်ဖွဲ့စည်းသွားရမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့၂ဝ၁၅ အထွေထွေရွေး ကောက်ပွဲမှာရွေးကောက်ပွဲကန့် ကွက်လွှာပေါင်း ၄၅မှုရှိခဲ့ပြီး ကန့်ကွက်လွှာ တွေကို ဦးတင်အေးဦးဆောင်တဲ့ကော်မရှင်ကလက်ခံခဲ့ပေမယ့် မပြီးပြတ်သေးတဲ့ ကန့်ကွက်လွှာအမှုတွေကိုတော့ ဦးလှသိန်းဦးဆောင်တဲ့ ကော်မရှင်က ဆက်လက်စစ်ဆေးခဲ့တာဖြစ်တယ်လို့ ဦးအောင်ကြည်ညွှန့်က ပြောပြပါတယ်။

' ' အခုကျွန်တော်တို့ ကန့်ကွက်ထားတဲ့ ဒေသတွေမှာ မမှန်ကန်ဘူးဆိုတာ အချက်အလက်နဲ့တင်ပြ ထားတာဖြစ်ပါတယ်။ UEC ကမှန်မှန်ကန်ကန်နဲ့ဆုံးဖြတ်မယ်ဆိုရင် ကျွန်တော်တို့အများစု အနိုင်ရမှာဖြစ် ပါတယ်''လို့ USDP ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်ကပြောဆိုထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/burma-55715100

ရွေးကောက်ပွဲကန့်ကွက်လွှာတွေ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ကြားနာမယ်  ရွေးကောက်ပွဲကန့်ကွက်လွှာတွေ ဖေဖော်ဝါရီ ၁ ရက်ကစပြီး ကြားနာမယ် Reviewed by THITHTOOLWIN on 23:05 Rating: 5

No comments:

Powered by Blogger.