ကိုရိုနာဗိုင်းရပ်စ်- ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့က ကိုဗစ်ပိုးမျိုးကွဲ ဘယ်လောက်စိုးရိမ်ရသလဲ


လက်ရှိ တွေ့ရသလောက် ကိုဗစ်ပိုး မူကွဲတွေက လူတွေကို ပိုပြီး ရောဂါပြင်းထန်စေနိုင်တယ် ဆိုတဲ့ သက်သေ သာဓကတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ အခြေအနေက တကမ္ဘာလုံးမှာ ဆက်လက် ဖြစ်ပွားနေသေးရာမှာ စတင် ပြန့်ပွားချိန်က ရောဂါပိုးနဲ့ မျိုးဗီဇ ရွေ့လျောကွဲပြားလာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ ပေါ်လာနေတဲ့အတွက် တကမ္ဘာလုံးမှာ စိုးရိမ်မှုတွေ ဆက်ရှိနေပါတယ်။

ဒီလို ရှိနေတဲ့အတွက် အဲဒီ ကိုဗစ်ပိုးမူကွဲတွေရဲ့ လူသားတွေကို အန္တရာယ်ပြု ခြိမ်းခြောက်နိုင်ခြေ ဘယ်လောက်ရှိသလဲ ဆိုတာကို သိပ္ပံပညာရှင်တွေက အပူတပြင်း လေ့လာ သုတေသနတွေလည်း လုပ်နေရပါတယ်။

ကိုဗစ်တခါကူးပြီးရင် ကိုယ်ခံအားက ဘယ်လောက်ကြာကြာ ကာကွယ်နိုင်မလဲ

ကိုဗစ်ပိုး မျိုးကွဲတွေက ဘယ်နေရာတွေမှာ ဘယ်လို ထွက်ပေါ်နေသလဲ

ဗိုင်းရပ်စ်ရောဂါပိုး ကျွမ်းကျင်သူ သိပ္ပံပညာရှင်တွေ လောလောဆယ် အဓိက လေ့လာ သုတေသန ပြုနေတဲ့ ကိုဗစ်ပိုးမူကွဲတွေကို ယူကေ၊ တောင်အာဖရိကနိုင်ငံတွေမှာ တွေ့ရပါတယ်။

ယူကေနိုင်ငံမှာ စတင်တွေ့ရှိရတဲ့ ကိုဗစ်ပိုးမူကွဲ ဆိုရင် ယူကေတနိုင်ငံလုံးမှာ ရောက်ရှိ ပျံ့နှံ့နေပြီ ဖြစ်ပြီး အဲဒီ ကိုရိုနာဗိုင်းရပ်စ် အမျိုးအစားဟာ တခြား နိုင်ငံ ၅၀ လောက်အထိကို ရောက်ရှိ ပျံ့နှံ့သွားပြီလည်း ဖြစ်ပါတယ်။

တောင်အာဖရိကမှာ စတင်တွေ့ရှိရတဲ့ ကိုဗစ်ပိုးမူကွဲ ဆိုရင်လည်း ယူကေအပါအဝင် အခြား နိုင်ငံ ၂၀ လောက်အထိ ရောက်ရှိ ပျံ့နှံ့နေတာကို တွေ့ရပါတယ်။

ဘရာဇီးမှာ တွေ့ရှိရတဲ့ ကိုဗစ်ပိုးမူကွဲကတော့ ဘယ်နှစ်နိုင်ငံ အထိ ပျံနှံ့ရောက်ရှိပြီးပြီလဲဆိုတာ မသိရသေးပေမယ့် ယူကေနိုင်ငံမှာ ရောက်ရှိ ပျံ့နှံ့နေပြီးသား ဖြစ်နိုင်တယ်လို့ ယူကေနိုင်ငံက ပညာရှင်တွေက သတိပေးထားပါတယ်။

အမှန်တကယ်ဆိုရင် ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ စတင်ပြန့်ပွားတဲ့ အချိန်က အဲဒီပိုးရဲ့ မျိုးဗီဇနဲ့ တထပ်တည်း မတူဘဲ ကွဲပြားလာတဲ့ ပိုးမူကွဲတွေ တထောင်လောက်အထိ ရှိနိုင်ပြီး ရောဂါပိုးတွေက ဒီလို ဖြစ်တတ်တာ သဘာဝပဲလို့လည်း သိပ္ပံပညာရှင်တွေက သတိပေးထားခဲ့ပြီး ဖြစ်ပါတယ်။

ဒီလို မျိုးဗီဇ ကွဲပြားလာတဲ့ ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ်တွေ အများစုဟာ သူတို့ရဲ့ လူတွေ အပေါ်သက်ရောက်မှုက အများကြီး မကွဲပြားဘူးလို့တော့ ဆိုပါတယ်။

တချို့မူကွဲ ပိုးအမျိုးအစားတွေဆိုရင် ဆက်လက် ပြန့်ပွား အသက်ရှင်နိုင်စွမ်း နည်းသွားတဲ့ အနေအထားတောင် တွေ့ရတယ်လို့လည်း ပညာရှင်တွေက ပြောကြပါတယ်။

ဒါပေမယ့် တဖက်မှာလည်း ဒီလို ကွဲပြားလာတဲ့ ပိုးအမျိုးအစားတွေထဲမှာ လူတွေကို ပိုပြီး ထိခိုက်စေတာ ဒါမှမဟုတ် ကူးစက်မှု ပိုမြန်စေတာ အစရှိတဲ့ လူတွေအတွက် အန္တရာယ်ရှိတဲ့ ပြောင်းလဲမှုတွေ ဖြစ်လာတဲ့ ပိုးအမျိုးအစားတွေ ရှိနေတဲ့အတွက် ဆက်လက် လေ့လာ သုတေသန လုပ်နေဖို့ လိုအပ်တာ ဖြစ်ပါတယ်။

လက်ရှိတွေ့သလောက် ကိုဗစ်ပိုးမျိုးကွဲတွေက ဘယ်လောက် စိုးရိမ်ရသလဲ

လက်ရှိ အဓိက သိသာတဲ့ ကိုဗစ်ပိုးမူကွဲတွေအဖြစ် တွေ့ရှိရတဲ့ ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးက ပိုးတွေဟာ ကူးစက်နှုန်းမြန်တာ ဒါမှမဟုတ် ကူးမိသွားဖို့ ပိုလွယ်တာမျိုး ဖြစ်စေတဲ့ မူကွဲတွေဖြစ်နိုင်တယ်လို့ သိပ္ပံပညာရှင်တွေက သံသယရှိနေကြပါတယ်။

အဲဒီ ပိုးသုံးမျိုးစလုံးမှာရှိတဲ့ လူရဲ့ ဆဲလ်တွေကို တွယ်ကပ်နိုင်တဲ့ ဆူးချွန် ပုံသဏ္ဍန် ပရိုတင်းတွေ ပုံစံပြောင်းလဲနေတာကို အဓိကတွေ့ခဲ့ကြတာလည်း ဖြစ်ပါတယ်။

ဒီလို ပြောင်းလဲမှုကြောင့်ပဲ တဆင့် ကူးစက်နိုင်စွမ်းနဲ့ စတင် ကူးစက်မိဖို့ ပိုမိုလွယ်ကူသွားတာမျိုး ဖြစ်စေတယ်လို့လည်း ပညာရှင်တွေက ပြောကြပါတယ်။

ယူကေနိုင်ငံက ခန့်တ် ဒေသမှာ တွေ့ရှိရတဲ့အတွက် ခန့်တ် ကိုဗစ်ပိုးမူကွဲဟာ ပြီးခဲ့တဲ့ ၂၀၁၉ စက်တင်ဘာလ ကတည်းက ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အစပိုင်းက ၇၀ ရာခိုင်နှုန်းလောက်အထိ ပိုမိုကူးစက်နှုန်းမြန်တဲ့ ပိုးအမျိုးအစားလို့ ယူဆထားခဲ့ကြပါတယ်။

ဒါပေမယ့် လတ်တလော အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနရဲ့ လေ့လာချက်အရ ဒီပိုးမူကွဲရဲ့ ကူးစက်နှုန်း မြန်ဆန်မှုက မူလကိုဗစ်ပိုးထက် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းအထိပဲ မြန်တာကို တွေ့ရတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက အများပြည်သူ သွားလာရေး ကန့်သတ်မှုနဲ့ လုပ်ငန်း ဖွင့်လှစ်မှုတွေ တင်းကြပ်ခဲ့တဲ့ လော့ဒေါင်း ကြေညာမှုဟာ အဲဒီ ခန့်တ် ကိုဗစ်ပိုးမူကွဲကြောင့် ဖြစ်ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တွေ့ရှိထားတဲ့ ကိုဗစ်ပိုးမူကွဲမှာ ဆိုရင်တော့ ယူကေမှာ တွေ့ရတဲ့ ကိုဗစ်ပိုးမူကွဲထက် ပိုပြီး သိသာတဲ့ ဆူးချွန် ပုံစံပြောင်းလဲမှုကို တွေ့ရပါတယ်။

အဲဒီ တောင်အာဖရိက ကိုဗစ်မူကွဲရဲ့ အဓိက စိုးရိမ်စရာ ကိစ္စကတော့ ကာကွယ်ဆေးတွေရဲ့ ထိရောက်နိုင်စွမ်းကိုပါ သက်ရောက်နိုင်တဲ့ ဗိုင်းရပ်စ် ဆူးချွန် ပရိုတင်း ပြောင်းလဲမှု ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကတည်းက စတင်တွေ့ရှိထားတာ ဖြစ်တဲ့ ဘရာဇီး ကိုဗစ်မူကွဲရဲ့ ဗိုင်းရပ်စ် ဆူးချွန်ပရိုတင်း ပြောင်းလဲမှုမှာဆိုရင် မူလကိုဗစ်ပိုးထက် သုံးနေရာမှာ ပြောင်းလဲမှုရှိပြီး တောင်အာဖရိက ကိုဗစ်မူကွဲရဲ့ ပြောင်းလဲပုံနဲ့ ဆင်တူတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးတွေ အလုပ်ဖြစ်ပါတော့မလား

လက်ရှိ လက်တွေ့ အသုံးပြုဖို့ အတည်ပြုပြီးဖြစ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေဟာ အဲဒီ ကိုဗစ်ပိုးမူကွဲတွေကို ကာကွယ်ရာမှာလည်း ထိရောက်နိုင်သေးတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပြီး ထိရောက်နိုင်စွမ်းကတော့ နည်းသွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် ထိရောက်နိုင်စွမ်းကို ဓာတ်ခွဲခန်း သုတေသနတွေလည်း ပြုလုပ်နေကြပါတယ်။

ယူကေမှာ ပထမဆုံး လက်တွေ့ ထိုးနှံဖို့ အတည်ပြုပေးခံရတဲ့ ကာကွယ်ဆေးကို ထုတ်လုပ်သူ ဖိုင်ဇာ ကုမ္ပဏီဆိုရင် သူတို့ရဲ့ ဆေးကလည်း ကိုဗစ်ပိုး မူကွဲတွေအတွက် ထိရောက်နိုင်ပြီး မူကွဲတွေအတွက် နောက်ထပ် ကာကွယ်ဆေးထပ်ထုတ်ဖို့က ခြောက်လ အချိန်ပေးရုံနဲ့ ရတယ်လို့ ပြောဆိုထားပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေရဲ့ အလုပ်လုပ်ပုံကလည်း အဲဒီ ပရိုတင်း ဆူးချွန် နေရာတွေကိုပဲ လူ့ခန္ဓာကိုယ်က တိုက်ခိုက်စေတာ မဟုတ်ဘူးလို့လည်း သိပ္ပံပညာရှင်တွေက ပြောဆိုကြပါတယ်။

နောက်ထပ်လည်း ပိုပြီး ကွဲပြားလာတဲ့ ကိုဗစ်ပိုးမူကွဲ အသစ်တွေ ထွက်လာနိုင်တယ် ဆိုပေမယ့် တဖက်မှာလည်း ရှိနေပြီးသား ကာကွယ်ဆေးတွေက လပိုင်းကနေ ရက်သတ္တပတ်ပိုင်းလောက် အထိပဲ အချိန်ယူပြီး ပုံစံပြောင်းပေးခြင်းအားဖြင့် ကာကွယ်ဆေးထိရောက်မှုကို တိုးမြှင့်နိုင်တယ်လို့ ဆိုပါတယ်။

လက်တွေ့မှာဆိုရင်လည်း နှစ်စဉ် ရာသီတုပ်ကွေး အဖျားရောဂါအတွက် ထိုးပေးနေတဲ့ ကာကွယ်ဆေးတွေကို ထုတ်လုပ်ရာမှာ ပြောင်းသွားနိုင်တဲ့ ရောဂါပိုးအနေအထားကိုလိုက်ပြီး ပုံစံ အနည်းငယ်ပြောင်းထားတဲ့ ကာကွယ်ဆေးတွေကို နှစ်စဉ် ထုတ်လုပ်ပြီး ထိုးပေးနေရတာ ဖြစ်ပါတယ်။

ကိုဗစ်ပိုးမျိုးကွဲတွေကို ကာကွယ်ဖို့ ဘာတွေ လုပ်ဆောင်နေလဲ

လက်ရှိ တွေ့ရသလောက် ကိုဗစ်ပိုး မူကွဲတွေက လူတွေကို ပိုပြီး ရောဂါပြင်းထန်စေနိုင်တယ် ဆိုတဲ့ သက်သေ သာဓကတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

လက်ကို စက္ကန့် ၂၀ ကြာအောင် ပိုးသတ်ဆေးပါတဲ့ ဆပ်ပြာနဲ့ဆေးတာ၊ ပိုးသတ်ဂျယ် အဆီနဲ့ လိမ်းတာ၊ လူလူချင်း ခပ်ခွာခွာနေတာနဲ့ နှာခေါင်းစည်း တပ်တာ အစရှိတဲ့ လက်ရှိ ရောဂါပိုး ကာကွယ်တဲ့ နည်းလမ်းတွေကလည်း အဲဒီ ကိုဗစ်ပိုး မူကွဲသစ်တွေ မကူးမိအောင် ကာကွယ်ပေးနေဦးမှာပဲ ဖြစ်တယ်လို့လည်း သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

ဒါပေမယ့် လက်ရှိ တွေ့ထားတဲ့ ပိုးမူကွဲအသစ်တွေက ကူးနိုင်စွမ်း ပိုများတဲ့အတွက် အဲဒီ ကိုဗစ်ကာကွယ်ရေး နည်းလမ်းတွေကို ပိုပြီး တင်းတင်းကြပ်ကြပ် ဆောင်ရွက်ကြဖို့တော့ လိုမယ်လို့ ဆိုပါတယ်။

လက်ရှိတွေ့ထားတဲ့ ကိုဗစ်ပိုးမူကွဲသစ်တွေနဲ့ နောက်ထပ်တွေ့လာနိုင်တဲ့ ပိုးသစ်တွေကို အနီးကပ် လေ့လာဖို့ သိပ္ပံပညာရှင်တွေက ဆက်လက် လုပ်ဆောင်နေကြပြီး ကင်ညာနိုင်ငံက ကင်ညာ ဆေးပညာ သုတေသန ဌာန Kenya Medical Research Institute ဆိုရင် လက်ရှိ ယူကေနဲ့ တောင်အာဖရိကတို့မှာ တွေ့ထားတဲ့ ကိုဗစ်ပိုးမူကွဲနဲ့ မတူတဲ့ ပိုးမူကွဲ နောက်တမျိုးကို သုတေသနလုပ်နေတယ်လို့ ဆိုပါတယ်။

ယူကေနိုင်ငံက ကိုဗစ်ကာကွယ်ဆေး ဖော်စပ်ထုတ်လုပ်ရေးဆိုင်ရာ ဝန်ကြီး နက်ဒင်း ဇာဟာဝီ ဆိုရင်လည်း နောက်ထပ် ကာကွယ်ဆေး အမျိုးအစားသစ်တွေ ထုတ်လုပ် ဖြန့်ချိ အသုံးပြုနိုင်ဖို့ အစီအစဉ်တွေကို အခုတကတည်းက စပြီး လုပ်နေပြီလို့လည်း ဆိုပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55691192

ကိုရိုနာဗိုင်းရပ်စ်- ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့က ကိုဗစ်ပိုးမျိုးကွဲ ဘယ်လောက်စိုးရိမ်ရသလဲ  ကိုရိုနာဗိုင်းရပ်စ်- ယူကေ၊ တောင်အာဖရိကနဲ့ ဘရာဇီးတို့က ကိုဗစ်ပိုးမျိုးကွဲ ဘယ်လောက်စိုးရိမ်ရသလဲ Reviewed by THITHTOOLWIN on 00:11 Rating: 5

No comments:

Powered by Blogger.