မြန်မာမှာ ကိုဗစ်ကာကွယ်ဆေး နောက်တပတ် စထိုးမယ်

ကိုဗစ်ရှီးကာကွယ်ဆေးကို သာမန် ရေခဲသေတ္တာအပူချိန် ၂ ဒီဂရီကနေ ၈ ဒီဂရီကြား ထားရှိနိုင်

မြန်မာနိုင်ငံကို အိန္ဒိယအစိုးရက လှူဒါန်းတဲ့ ကာကွယ်ဆေး အလုံးပေါင်း ၁.၅ သန်း ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့ကို ရောက်ရှိလာပြီး လာမယ့် သီတင်းပတ်မှာ စတင်ထိုးနှံပေးတော့မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို ပထမဦးဆုံး ရောက်ရှိလာတဲ့ ဒီကာကွယ်ဆေးဟာ ကိုဗစ်ရှီး (Covishield) လို့ အမည်ပေးထားတဲ့ အောက်စဖို့တက္ကသိုလ် အက်စထရာဇန်နကာ ကုမ္ပဏီနဲ့ ကမ္ဘာ့အကြီးဆုံး ကာကွယ်ဆေး ထုတ်လုပ်တဲ့ ကုမ္ပဏီဖြစ်တဲ့ အိန္ဒိယနိုင်ငံ ဆီရမ် အင်စတီကျု (Serum Institute) တို့ ပူးတွဲထုတ်လုပ်တဲ့ ကာကွယ်ဆေးဖြစ်ပါတယ်။

ဒီကာကွယ်ဆေးဟာ လူတဦးကို ၂၈ ရက်ခြားပြီး နှစ်ကြိမ် ထိုးနှံရမှာ ဖြစ်ပြီး လောလောဆယ်တော့ လူဦးရေ ၇ သိန်းခွဲကိုသာ ထိုးနှံနိုင်ဦးမှာ ဖြစ်ပါတယ်။

ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမယ့် သူတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို အခုလို အသိပေးခဲ့ပါတယ်။

ဇန်နဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့ကို ကိုဗစ်ကာကွယ်ဆေး စတင်ရောက်

"ပထမဦးစားပေး ထိုးပေးမှာကတော့ ရှေ့တန်းမှာ လုပ်ဆောင်နေတဲ့ ကျန်းမာရေး ဝန်ထမ်းတွေဖြစ်တယ်။ စေတနာ့ဝန်ထမ်းတွေလည်း ပါတယ်။ ဒုတိယကတော့ နိုင်ငံယန္တရားလည်ပတ်နိုင်ဖို့အတွက် အဓိက ကျတဲ့ အစိုးရဝန်ထမ်းတွေနဲ့ အစိုးရအဖွဲ့ဝင်တွေကို ထိုးပေးမှာ ဖြစ်တယ်။ ပထမအုပ်စုထဲမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း ထည့်ထားတယ်" လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နောက်တဆင့်အနေနဲ့ ဗိုင်းရပ်စ်ပိုး ပြန့်ပွားမှု များတဲ့ နေရာတွေ၊ အထူးသဖြင့် လူဦးရေထူထပ်ပြီး Stay At Home အိမ်မှာပဲနေကြဖို့ သတ်မှတ်ထားတဲ့ မြို့နယ်တွေကလူတွေကို ထိုးပေးမှာ ဖြစ်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးတွေ ထပ်ရောက်လာတာနဲ့အမျှ အသက်ကြီးရင့်ပြီး ရောဂါအခံရှိသူတွေ၊ ကိုဗစ် ကူးစက်ခံရဖို့ လွယ်တဲ့ သူတွေကို ဦးစားပေးထိုးနှံသွားမှာ ဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရှီး (Covishield) ကာကွယ်ဆေးဟာ အမေရိကန်နိုင်ငံထုတ် တခြား ကိုဗစ်ကာကွယ်ဆေးတွေလို အင်မတန်အေးခဲတဲ့ အပူချိန်မှာ ထားစရာမလိုဘဲ သာမန် ရေခဲသေတ္တာအပူချိန် ၂ ဒီဂရီကနေ ၈ ဒီဂရီကြား ထားရမှာ ဖြစ်ပါတယ်။

နိုင်ငံတချို့မှာ စတင်ထိုးနှံနေပြီဖြစ်တဲ့ ကာကွယ်ဆေးတွေနဲ့ ထပ်ထွက်လာမယ့် ကိုဗစ်ကာကွယ်ဆေးတွေ

ဒါ့ကြောင့် မြန်မာနိုင်ငံတွင်း ကာကွယ်ဆေးထိုးစီမံချက်က ကာကွယ်ဆေးတွေ သိုလှောင်နေတဲ့ အချိန်ပဲဖြစ်လို့ မြန်မာနိုင်ငံအတွက် အခက်အခဲမရှိဘူးလို့ ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ ကာကွယ်ဆေးတွေကို လောလောဆယ်မှာ ရန်ကုန်မြို့မှာ ထားရှိသိုလောင်ထားပြီး တနိုင်ငံလုံးအနှံ့ ဖြန့်ချိသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ဘီဘီစီကို ပြောပါတယ်။

"ခန့်မှန်းထားတာတော့ ဒီလမကုန်ခင် ၂၇၊ ၂၈ ရက်လောက်မှာ စထိုးမယ်လို့ မှန်းထားပါတယ်။ အဲဒီအတွက် စစချင်း မနက်ဖြန်ကို တိုင်းနဲ့ပြည်နယ် အားလုံးကို ရန်ကုန်ကနေ ဖြန့်မယ်။ ကာကွယ်ဆေးထိုးနှံပေးမယ့်သူတွေကို မနက်ဖြန်မှာ သင်တန်းထပ်ပေးမယ်" လို့ ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယနိုင်ငံကနေ လူဦးရေ ၁၅ သန်းစာ ကာကွယ်ဆေး ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုထားပြီး မကြာခင်မှာ ဝယ်ယူထားတဲ့ ကာကွယ်ဆေးတွေရောက်လာဖို့ရှိတယ်လို့လည်း သူက ပြောပါတယ်။

ရန်ကုန်တိုင်းအတွင်း ကိုဗစ်-၁၉ ကို ရှေ့တန်းက တိုက်ဖျက်နေသူတွေကို ကာကွယ်ဆေးထိုးနှံပေးမယ့် အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ပါမောက္ခဒေါက်တာ မော်မော်ဦးက အခုလို ပြောပါတယ်။

"လူနာနဲ့ထိတွေ့တဲ့သူတွေအားလုံးကို အရင်ဆုံး ထိုးမှာပါ။ ရန်ကုန်တိုင်းအတွင်းမှာ ဝန်ထမ်း ၈ ထောင်လောက် ရှိမယ်။ ဆရာဝန် သူနာပြုတင်မကဘူး၊ လူနာနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ သူတွေအားလုံးကိုလည်း ထိုးမယ်" လို့ ဆိုပါတယ်။

ပြည်သူတွေရဲ့ ကျန်းမာရေးအခြေအနေကို အရင်စစ်ဆေးပြီးမှသာ ကာကွယ်ဆေးထိုးပေးမှာ ဖြစ်ပြီး ကာကွယ်ဆေးထိုးတဲ့နေရာမှာလည်း အရေးပေါ် ဆေးကုသဖို့အတွက် လိုအပ်တာတွေ အဆင်သင့်ထားရှိမှာ ဖြစ်ပါတယ်။


ကာကွယ်ဆေးထိုးပြီးတဲ့သူစာရင်းကိုလည်း အီလက်ထရောနစ်စနစ်နဲ့ မှတ်တမ်းတင်ထားမှာ ဖြစ်တယ်လို့ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

မကြာမီ ကာကွယ်ဆေးထိုးနှံခွင့်ရတော့မှာ ဖြစ်ပေမယ့် ပြည်သူတွေအနေနဲ့ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းချက်တွေကို ဆက်လက်လိုက်နာဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပါတယ်။

"ကာကွယ်ဆေးရဲ့ အာနိသင်နဲ့ ပတ်သက်လို့ သေသေချာချာ အားလုံး မသိသေးပါဘူး။ ဒါဟာ တကမ္ဘာလုံးအတွက် စမ်းသပ်ကာလပဲဖြစ်ပါတယ်။ ဘယ်လောက်ထိ ထိရောက်မလဲ၊ ဘယ်လောက်ကြာကြာ ထိရောက်မလဲ၊ ဒါတွေဟာ အခုထက်ထိ သေသေချာချာ မပြောနိုင်သေးပါဘူး။ ဒါကြောင့် ကာကွယ်ဆေးထိုးပြီးတဲ့အချိန်မှာလည်း ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါ။ သတိထားပါ။ မပေါ့ကြပါနဲ့။"


တရုတ်ကလည်း ကာကွယ်ဆေး လှူဖို့ရှိ

ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ဝယ်ယူဖို့အတွက် မြန်မာအစိုးရက ပြည်သူတွေကို ရန်ပုံငွေ ထည့်ဝင်ဖို့ ဆော်သြထားပြီး လက်ရှိအချိန်ထိ ရန်ပုံငွေ မြန်မာကျပ်ငွေ ၁၈.၇၈၁ ဘီလီယံ ရရှိထားတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဒီအလှူငွေတွေနဲ့ ကာကွယ်ဆေးတွေ ထပ်မံဝယ်ယူသွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံကလည်း မြန်မာနိုင်ငံအတွက် တရုတ်နိုင်ငံထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးပေါင်း ၃၀၀,၀၀၀ ပေးလှူသွားမယ်လို့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ကတိပေးပြောကြားထားပါတယ်။ 


BBC Burmese

https://www.bbc.com/burmese/world-55768395

မြန်မာမှာ ကိုဗစ်ကာကွယ်ဆေး နောက်တပတ် စထိုးမယ်  မြန်မာမှာ ကိုဗစ်ကာကွယ်ဆေး နောက်တပတ် စထိုးမယ် Reviewed by THITHTOOLWIN on 23:24 Rating: 5

No comments:

Powered by Blogger.