သမ္မတကျမ်းသစ္စာဆိုပွဲအကြို လုံခြုံရေးတင်းကြပ်

လုံခြုံရေးတင်းကြပ်ထားတဲ့ မြို့တော်ဝါရှင်တန်ဒီစီရဲ့ မြင်ကွင်း။ (ဇန်နဝါရီ ၁၈၊ ၂၀၂၁)

အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ဇန်နဝါရီလ ၂၀ ရက်နေ့ကျရင် ကျမ်းသစ္စာကျိန်ဆိုပြီးတာနဲ့ ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်းဒန်ဟာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်တဦးအဖြစ်စတင်တာဝန်ယူမှာ ဖြစ်ပါတယ်။ ရာထူးတာဝန်ပြီးဆုံးတော့မယ့် သမ္မတ Donald Trump ကို ထောက်ခံသူတွေ ဒီလအစောပိုင်းက လွှတ်တော်အဆောက်အအုံထဲ ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်ရပ်နောက်ပိုင်း အမေရိကန်မှာ ဆိုးရွားတဲ့ ကွဲပြားမှုတွေနဲ့ ရင်ဆိုင်နေရပေမယ့် မကြာခင် စည်းလုံးညီညွှတ်လာဖို့ မေ ျှာ်မှန်းနေကြတာပါ။ Mike O’Sullivan သတင်းပေးပို့ထားတာကို နန်းလောင်ဝ်က တင်ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ ၄ နှစ် တကြိမ်ကျင်းပတဲ့ နိုင်ငံရဲ့အရေးအကြီးဆုံး အခမ်းအနားတခုဖြစ်တဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးတွေ တင်းတင်းကြပ်ကြပ်ချထားပါပြီ။ ပြည်တွင်းစစ်ကာလနောက်ပိုင်း လူ့မြင်ကွင်းကနေ ပျောက်ကွယ်နေတဲ့ စစ်ဘ က်တပ်ဖွဲ့ဝင်တွေကိုလည်း ဝါရှင်တန်မှာ တွေ့မြင်နေရတာပါ။ အောက်လွှတ်တော်ကလည်း ရာထူးတာဝန်ပြီးဆုံးတော့မယ့် သမ္မတ Trump ကို ဒုတိယအကြိမ်တရားစွဲဆိုဖို့ ပြီးခဲ့တဲ့တပတ်မှာတင် မဲခွဲဆုံးဖြတ်ထားတာပါ။

မစ္စတာ ဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲဆောင်ပုဒ်ကတော့ "America United" "အမေရိကန်စည်းလုံးညီညွှတ်ရေး" ဖြစ်ပါတယ်။ ဒီရည်မှန်းချက်ပြည့်မှီဖို့ စိန်ခေါ်မှုတွေတော့ ရှိပါတယ်။ ကျမ်းသစ္စာ ကျိန်ဆိုပွဲလုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင်တွေသာမက လုံခြုံရေးအရန်တပ်ဖွဲ့ဝင် ၂၅,၀၀၀ လောက် ဝါရှင်တန်မှာရောက်နေပါတယ်။ လွှတ်တော်ရဲတပ်ဖွဲ့ အကြီးအကဲဟောင်းကတော့ လုံခြုံရေးအခြေအနေ စိတ်ချရပါတယ်လို့ VOA ကို ခုလို ပြောပါတယ်။

"ကျမ်းသစ္စာကျိန်ဆိုပွဲ လုံခြုံရေးအတွက် ပြင်ဆင်ဆောင်ရွက်လာတာ တနှစ်ကျော်ရှိပါပြီ။ အဲဒီလုပ်ငန်းတချို့ကို ကျနော်တာဝန်ယူခဲ့တာပါ။ အထူးလုံခြုံရေးတပ်ဖွဲ့တွေ၊ FBI နဲ့ လွွှတ်တေ်ာရဲတပ်ဖွဲ့ကို အားဖြည့်ပေးဖို့အတွက် ခရိုင်တွေကနေ တရားဥပဒေစိုးမိုးရေး အရာရှိပေါင်း ၅,၀၀၀ လောက်လည်းရောက်လာမှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံရဲ့ သမ္မတသစ်တဦး ကျမ်းသစ္စာကျိန်ဆိုပွဲ ချောချောမွေ့မွေ့ပြီးမြောက်သွားမယ်ဆိုတာ ကျနော်ကတော့ အပြည့်အဝယုံကြည်ပါတယ်။"

ကပ်ရောဂါကာလအတွင်း ကျင်းပတဲ့ ဒီအခမ်းအနား ဘေးကင်းလုံခြုံမှု ရှိဖို့အပြင် ရောဂါမကူးနိုင်အောင် လူတွေ ခပ်ခွါခွါနေရာချထားဖို့လည်း စီစဉ်ထားပါတယ်။ အောင်ပွဲအခမ်းအနားအတော်များများကိုလည်း အွန်လိုင်းကနေပဲ ကျင်းပမှာဖြစ်ပါတယ်။ ကမ္ဘာကျော်ရုပ်ရှင်မင်းသားကြီး Tom Hanks အခမ်းအနားမှူးအဖြစ် တာဝန်ယူမယ့် အောင်ပွဲရ အခမ်းအနားမှာတော့ Lady Gaga နဲ့ Jennifer Lopez တို့လို နာမည်ကြီးအနုပညာရှင်တွေက ဖျော်ဖြေတင်ဆက်ကြမှာလည်းဖြစ်ပါတယ်။

ဒီကာလအတွင်း ဝါရှင်တန်မြို့ထဲက နေရာအတော်များများ ပိတ်ထားမှာပါ။ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လာရောက်တတ်ကြတဲ့ ထောင်သောင်းချီတဲ့လူတွေကို ကိုယ်စားပြုတဲ့အနေနဲ့ နိုင်ငံတော်အလံတွေကိုလည်း လွှင့်ထူထားကြပါတယ်။ ပြည်နယ်မြို့တော်တွေမှာလည်း ဆန္ဒပြပွဲတွေပေါ်ပေါက်နေတဲ့အတွက် ပြည်နယ် ၅၀ မှာရှိတဲ့ လွှတ်တော်အဆောက်အအုံတွေကိုလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားတာပါ။ လတ်တလော ကောက်ယူထားတဲ့လူထုသဘောထား စစ်တမ်းတွေအရ အမေရိကန်ပြည်သူ ၄ ပုံ ၃ ပုံလောက်က လာမယ့်ရက်အတွင်း အကြမ်းဖက်မှုတွေပေါ်ပေါက်လာမှာကိုစိုးရိမ်နေကြပါတယ်။ ပြည်သူတွေရဲ့ လိုအပ်ချက်အနဲ့ ကင်းကွာနေတဲ့ နိုင်ငံရေးသမားတွေကြောင့် တင်းမာမှုတွေ ပိုတိုးလာတယ်လို့လည်း အမျိုးသမီးတယောက်က ခုလိုပြောပါတယ်။

"နိုင်ငံရေးသမားတွေက သူတို့ကိုယ်စားပြုထားတဲ့ လူမှုအသိုင်းအဝိုင်းရဲ့လိုအပ်ချက်တွေနဲ့ တခါတလေ လုံးဝ ကင်းကွာသွားတတ်ကြတယ်လို့ ထင်ပါတယ်။ ကျမကတော့ နိုင်ငံရေးစနစ်ပျက်စီးနေပြီလို့ထင်ပါတယ်။"

လေယာဉ်မယ်တွေဖြစ်ကြတဲ့ Laura နဲ့ Linda တို့ကတော့ သူငယ်ချင်းတွေဖြစ်ပေမဲ့ နိုင်ငံရေးခံယူချက်တော့ ကွဲပြားကြပါတယ်။ ဒါပေမဲ့လည်း သူတို့ ၂ ယောက်စလုံး သဘောတူတာတခုတော့ ရှိပါတယ်။ ဒါကတော့ အမေရိကန်ပြည်သူတွေ စည်းလုံးညီညွှတ်မှု ရှိရမယ်ဆိုတဲ့အချက်ပါ။ လက်ယာယိမ်းတဲ့သူတွေရော၊ လက်ဝဲဘက်ယိမ်းတဲ့သူတွေကပါ အစွန်းရောက်လွန်းတယ်လို့ သူတို့ ၂ ယောက်စလုံး ထင်မြင်ယူဆနေကြတာပါ။

မစ္စတာဘိုင်ဒန်ရင်ဆိုင်ရမယ့် စိန်ခေါ်ချက်တွေထဲမှာ ရန်လိုနေတဲ့ မြောက်ကိုရီးယားနိုင်ငံအရေးကိစ္စလည်း ပါဝင်ပါတယ်။ မြောက်ကိုရီးယား လတ်တလောကျင်းပခဲ့တဲ့ စစ်ရေးပြအခမ်းအနားမှာ လက်နက်သစ်တွေကို အစိုးရပိုင်ရုပ်သံကနေ ထုတ်လွှင့်ပြသသွားတာပါ။ ပြည်တွင်း စိန်ခေါ်ချက်တွေထဲမှာဆေိုရင်တော့ COVID ရောဂါကူးစက်မှုတွေ တရှိန်ထိုးတက်လာနေတာ၊ အလုပ်လက်မဲ့ပြဿနာနဲ့ နိုင်ငံရေးအရ ကွဲပြားမှုတွေပါဝင်ပါတယ်။ ကောလိပ်ပါမောက္ခတဦးဖြစ်တဲ့ Anwar Huq ကလည်း ပြည်သူတွေ ရှေ့ဆက်သွားဖို့ ဆန္ဒရှိနေကြပါတယ်လို့ ပြောပါတယ်။ အမေရိကန်ပြည်သူပြည်သားအတော်များများကလည်း မစ္စတာဘိုင်ဒန် အစိုးရလက်ထက်မှာ နိုင်ငံစည်းလုံးညီညွှတ်လာဖို့ အကောင်းမြင် မေ ျှာ်လင့်နေကြတာဖြစ်ပါတယ်။ 


နန်းလောင်ဝ်/VOA (Burmese)

https://burmese.voanews.com/a/biden-inauguration-preview/5743135.html

သမ္မတကျမ်းသစ္စာဆိုပွဲအကြို လုံခြုံရေးတင်းကြပ် သမ္မတကျမ်းသစ္စာဆိုပွဲအကြို လုံခြုံရေးတင်းကြပ် Reviewed by THITHTOOLWIN on 22:52 Rating: 5

No comments:

Powered by Blogger.