အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံ ရောက်လာတော့မယ်

ရန်ကုန်တိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ရောဂါကုသရေးဌာန (သုဝဏ္ဏ)၊ ကိုဗစ်-၁၉ ရောဂါအထူးကြပ်မတ်ကုသဆောင် (ICU) မှာ ရောဂါပြင်းထန်စွာခံစားနေရသူကို ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများ။(ဓာတ်ပုံ -Ministry of Health and Sports, Myanmar - ဒီဇင်ဘာ ၃၁၊ ၂၀၂၀)

အိန္ဒိယနိုင်ငံထုတ် ကိုဗစ်ရောဂါကာကွယ်ဆေး လာမယ့် ရက်အနည်းငယ်အတွင်းမှာ မြန်မာနိုင်ငံကို ရောက်ရှိလာတော့မယ့်အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက တင်ဆက်ပေးမှာပါ။

အိန္ဒိယနိုင်ငံက သူ့နိုင်ငံထုတ်ကာကွယ်ဆေးတွေကို အိမ်နီးချင်း ၆ နိုင်ငံဆီ မနေ့က စပြီးပို့ဆောင်တဲ့အထဲ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်ပါတယ်။ လူဦးရေ ၁၅ သန်းစာအတွက် မှာယူထားတဲ့ ဒီကာကွယ်ဆေးတွေ ပထမအသုတ်အနေနဲ့ အလုံးရေ ဘယ်လောက်ရောက်ရှိမယ်ဆိုတာ အတိအကျမသိရသေးပေမဲ့ ကာကွယ်ဆေးတွေ ရောက်လာရင် ဦးစားပေး အဆင့်ဆင့်ထိုးနှံရမယ့်သူတွေအတွက် စတင်ဆောင်ရွက်သွားမယ်လို့ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောထားပါတယ်။

အိန္ဒိယနိုင်ငံကနေ ရောက်ရှိမယ့် ကာကွယ်ဆေး Covishield ဟာ ကိုဗစ်ရောဂါကို ကာကွယ်နိုင်စွမ်း ၉၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့လည်း တာဝန်ရှိသူတွေက သတင်းထုတ်ပြန်ထားပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အသက်ကြီးသူတွေကို ဦးစားပေးထိုးနှံပေးမယ့် ဒီကာကွယ်ဆေးတွေရောက်ရှိလာရင် ဘေးထွက်ဆိုးကျိုးအန္တရာယ်ကို ကြောက်လန့်တာမရှိစေဖို့အတွက်လည်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနပြောခွင့်ရ၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက ပြောပါတယ်။

"ပြည်သူတွေကို တခုပြောချင်တာကတော့ ကာကွယ်ဆေးသည် စိတ်ချရမှ ဘေးကင်းလုံခြုံမှ Clinical Trial တွေကို အဆင့်ဆင့်ဖြတ်ပြီးတော့မှ သူ့ကိုအသုံးပြုခွင့် Authorize or Approve ဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မို့ ဒါက စိတ်ချရတယ်ဆိုတာ ပြောချင်ပါတယ်။ ကာကွယ်ဆေးထိုးခြင်းဟာဆိုရင် ပြင်းပြင်းထန်ထန်ရောဂါ ဖြစ်ပွားမှုကနေပြီးတော့ ကာကွယ်ပေးပါတယ်။ နောက် ကိုယ်ထိုးထားရင် ကိုယ့်ရဲ့အနီးအနားမှာ ရှိတဲ့သူတွေကိုပါ ကာကွယ်နိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးပြီးတော့ အန္တရာယ်ရှိတဲ့သူတွေကို ကာကွယ်နိုင်ပါတယ်။"

ကမ္ဘာ့အကြီးဆုံးဆေးထုတ်လုပ်ရေး ကုမ္ပဏီဖြစ်တဲ့ Serum Institute of India နဲ့ ဗြိတိန်အောက်စ်ဖို့ တက္ကသိုလ်တို့ ပူးတွဲသုတေသနလုပ် ထုတ်လုပ်ထားတဲ့ ဒီကာကွယ်ဆေးဟာ လူတယောက်ကို လေးပတ်ခြားပြီး နှစ်ကြိမ်ထိုးနှံရမှာ ဖြစ်ပါတယ်။ ကပ်ရောဂါကူးစက်ခံရမယ့် အန္တရာယ်ကို ထိန်းချုပ်နိုင်ဖို့ လူတိုင်း ကာကွယ်ဆေးထိုးနှံဖို့အတွက် အဆင့်ဆင့်ဆောင်ရွက်သွားမှာဖြစ်ပြီး ရောဂါကာကွယ်ရေးချမှတ်ထားတဲ့ စည်းကမ်းတွေကို ဆက်ပြီးလိုက်နာဖို့ကိုလည်း ဒေါက်တာခင်ခင်ကြီးက တိုက်တွန်းထားပါတယ်။

"ကာကွယ်ဆေးတွေက အများကြီးကောင်းကျိုးရှိတယ်ဆို လူတိုင်းကာကွယ်ဆေး ထိုးချင်ကြမှာ ဖြစ်ပါတယ်၊ ဒါလည်းလက်ခံပါတယ်။ သို့သော် ကာကွယ်ဆေးသည် ကျန်းမာရေးဝန်ထမ်းတွေကို ပထမဦးစားပေး။ ပြီးရင် အသက် ၆၅ နှစ်အထက်၊ အသက် ၆၀ အထက် စသဖြင့် ဦးစားပေးအစီအစဉ်အလိုက် ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ သို့သော် ကာကွယ်ဆေးထိုးပြီးရင်တောင်မှ ကျမတို့ဟာ ဆက်ပြီးတော့ရောဂါကို ကာကွယ်တဲ့နည်းစနစ်တွေကို ဆက်လက်ကျင့်သုံးနေရဦးမှာဖြစ်ပါတယ်။ ဒီနေရာမှာ ကျမတို့ လက်ဆေးတာ၊ Mask တပ်တာ၊ လူအုပ်စုရှောင်တာကတော့ လက်ရှိအချိန်ထိက အကောင်းဆုံးကာကွယ်ဆေးလည်း ဖြစ်ပါတယ်၊ အကောင်းဆုံးကုသဆေးလည်း ဖြစ်ပါတယ်ဆိုတာကို ပြည်သူတွေကိုပြောလိုပါတယ်။"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ ရန်ကုန်၊ မန္တလေးနဲ့ ပဲခူး၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်တို့မှာ ရောဂါကူးစက်ခံရသူ အများဆုံးရှိနေတာပါ။ ကာကွယ်ဆေးထိုးနှံပေးမယ့် အဆင့်လိုက်ဦးစားပေးစနစ်မှာ ရောဂါဖြစ်ပွားမှုအများဆုံးရှိနေတဲ့ ဒေသတွေဖြစ်နိုင်တာကြောင့် ဒီအစီအစဉ်အပေါ်ကို နားလည်ပေးကြဖို့ကိုလည်း မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြောပါတယ်။

"ဘာပဲပြောပြော စေတနာရှင်တွေကနေ ပေးတဲ့ဟာ (ကိုဗစ်ကာကွယ်ဆေးအလှူငွေ) တွေနဲ့ဆိုရင် ကျနော်ထင်တယ် Coverage က ကျနော်တို့နိုင်ငံအတွက် သိပ်မဆိုးပါဘူး။ ၂၀၂၁ တနှစ်လုံးကတော့ ကိုဗစ်ကာကွယ်ဆေးတွေအဆင့်လိုက် အဆင့်လိုက်ရမှာပါ။ မန္တလေးဘယ်လောက်ရမယ်ဆိုတာ သူတို့ပြောတဲ့အထဲမှာတော့ COVID- 19 အဖြစ်များတဲ့ ဧရိယာဆိုတော့ ရန်ကုန်၊ မန္တလေး၊ ရခိုင် သေချာတာကတော့ ဒါပဲ။ ငြင်းလို့မရဘူးလေ ဟုတ်တယ်မဟုတ်လား။ တခြားနေရာတွေထက်စာရင် ဖြစ်တာများတဲ့ ဧရိယာဆိုတော့ ကာကွယ်ဆေးရတာလည်း ဒီဧရိယာတွေက ပိုပြီးဦးစားပေးရမယ်နဲ့ တူတယ်။ ဒီနေရာမှာ ကျနော်တို့က ဘာပဲအရေးကြီးလဲဆို ကျနော်တို့နားလည်မှုပေးရမယ်။ သူအရင်ထိုးရတယ်၊ ငါအရင်ထိုးရတယ် မလုပ်နဲ့။ ကျနော်တို့အားလုံး ထိုးရအောင် အတိုင်ပင်ခံပုဂ္ဂိုလ်စီစဉ်နေတာပဲ။"

မြန်မာနိုင်ငံတွင်း ပုံမှန်ကာကွယ်ဆေးထိုး စီမံကိန်းမှာ ကာကွယ်ဆေး ၁၃ မျိုးကို ထိုးနှံပေးနေတဲ့အစဉ်အလာရှိပြီးသားဖြစ်လို့ ကိုဗစ်ကာကွယ်ဆေးတွေရောက်လာရင် လုပ်ဆောင်ရမယ့်အစီအစဉ်တွေကို အခက်အခဲမရှိဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့လည်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ကမ္ဘာတဝှမ်းမှာ ကပ်ရောဂါကြောင့် သေဆုံးသူ ၂,၀၀၀,၀၀၀ ကျော်နဲ့ ရောဂါကူးစက်ခံရသူပေါင်း ၉၇ သန်းကျော်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာတော့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇန်နဝါရီလ ၂၀ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့စာရင်းအရ ကိုဗစ်အတည်ပြုလူနာပေါင်း ၁၃၅,၀၀၀ ကျော်နဲ့ သေဆုံးသူ ၂,၉၀၀ ကျော်ရှိနေပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/india-vaccine-myanmar-covid/5746244.html

အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံ ရောက်လာတော့မယ် အိန္ဒိယက ကိုဗစ်ကာကွယ်ဆေး မကြာခင်ရက်ပိုင်းမှာ မြန်မာနိုင်ငံ ရောက်လာတော့မယ် Reviewed by THITHTOOLWIN on 02:22 Rating: 5

No comments:

Powered by Blogger.