ရွှေလီနဲ့ ကြယ်ဂေါင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေ

တရုတ်နိုင်ငံ ရွှေလီမြို့မှာ ကိုဗစ်ရောဂါ စစ်ဆေးပေးနေတဲ့ မြင်ကွင်း။ (စက်တင်ဘာ ၁၅၊ ၂၀၂၀)

တရုတ်နှစ်သစ်ကူး မတိုင်ခင်မှာပဲ မြန်မာနိုင်ငံသားတွေ အများစုရှိတဲ့ တရုတ်နိုင်ငံ ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေမှာ အသွားအလာကန့်သတ်ပြီး ကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်နေတယ်ဆိုတဲ့သတင်း တင်ဆက်ပေးမှာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက သတင်းပေးပို့ထားပါတယ်။

မကြာခင် ကျရောက်မယ့် တရုတ်နှစ်သစ်ကူး ကာလမှာ အသွားအလာတွေ များနိုင်တာကြောင့် ရောဂါကူးစက်မှုတွေ တိုးလာမှာကို စိုးရိမ်နေချိန်မှာပဲ ယူနန်ပြည်နယ်၊ ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေမှာ ဒေသခံအာဏာပိုင်တွေက ရောဂါကာကွယ်ရေး အစီအစဉ်တွေ တိုးမြှင့်ဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ တမြို့လုံးအတိုင်းအတာနဲ့ အသွားအလာကန့်သတ်ဖို့ စီစဉ်နေပြီး၊ တရုတ်နိုင်ငံသားတွေရော၊ မြန်မာနိုင်ငံသားတွေကိုပါ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးပေးဖို့ ပြင်ဆင်နေတာပါ။

ရွှေလီနဲ့ ကြယ်ဂေါင်မြို့တွေကို တကျော့ပြန်အသွားအလာ ကန့်သတ်တာတွေလုပ်ဖို့ ဒေသအာဏာပိုင်တွေက ကြေညာထားကြောင်းလည်း ရွှေလီမြို့မှာနေတဲ့ ကိုထက်မြက်ကပြောပါတယ်။

"Lockdown ပြန်ချဖို့ သေချာသလောက်ဖြစ်နေပြီ၊ သူတို့ကကြေညာထားတာကိုး။ ဆေးထိုးမယ်ဆိုတာက သူတို့က ၂၅ ရက်လို့လည်းပြောကြတယ်၊ ၂၆ ရက်လို့လည်း ပြောကြတယ်၊ အမျိုးမျိုးပေါ့။ ရပ်ကွက်အလိုက်ပေါ့ မြန်မာပြည်လို ရပ်ကွက် ၁ ဆိုရင် ၁ တခုလုံး ဆေးထိုးပေးမယ်၊ အဲဒီလိုမျိုးပုံစံ ပြောတာပေါ့။"

ရွှေလီနဲ့ ကြယ်ဂေါင်မှာရှိတဲ့ ကျောက်အရောင်းအဝယ်လုပ်တဲ့ နေရာတွေကိုလည်း ဒီရက်ပိုင်းလုံခြုံရေးတိုးချထားပြီး ကိုဗစ်စစ်ဆေးထားတဲ့ ထောက်ခံချက်မရှိရင်လည်း ဝင်ခွင့်မပေးတော့ပါဘူး။ အခုလောလောဆယ်မှာလည်း အသွားအလာကန့်သတ်တာတွေ ရှိလာနေပြီး တနေရာနဲ့ တနေရာသွားလာဖို့ ခက်ခဲလာတယ်လို့ ရွှေလီနာရေးကူညီမှုအသင်း ဥက္ကဋ္ဌ ဦးစိန်တင့်ကပြောပါတယ်။

"ရွှေလီမှာ သူတို့က အခု ကာကွယ်ဆေးထိုးမယ်ဆိုလို့ရှိရင် တရက်တည်းနဲ့အပြီး ထိုးဖို့ အလားအလာရှိတယ်။ တမြို့လုံးကို အသွားအလာတွေ အကုန်လုံးကန့်သတ်ပြီးတော့မှ တရက်တည်းအပြီးထိုးဖို့ ရှိတယ်။ ဒါမှမဟုတ်လို့ရှိရင် သူတို့ကရွာတွေရွာတွေကို ပိတ်ထားပြီးတော့မှ ထိုးမယ့်အစီအစဉ်ရှိတယ်။ ဥပမာပေါ့နော် တချို့ရွာတွေဆိုရင် သွားလာခွင့်ပိတ်ပြီးမှ ရွာထဲမှာပဲအပြီး လုပ်ပြီးမှ ကျန်တဲ့ရွာတွေမှာလည်းပြီးပြီဆိုတော့မှ အဲဒီပြီးတဲ့ရွာတွေမှာပဲ သွားလာခွင့်ပေးပြီး မပြီးသေးတဲ့ရွာတွေမှာ သွားလာခွင့်ပိတ်မယ်၊ အဲဒီလိုပုံစံမျိုးတွေလည်းကြားတယ်။"

လာမယ့်တရုတ်နှစ်ကူးမတိုင်ခင် မြို့တော်ပေကျင်းအနီးကမြို့တွေမှာ တကျော့ပြန်ပြည်တွင်းကူးစက်မှုတွေ ရှိလာတာကြောင့် စိုးရိမ်မှုတွေ ထွက်ပေါ်နေချိန်မှာပဲ မြန်မာနဲ့ ထိစပ်တဲ့ နယ်စပ်မြို့တွေမှာပါ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ကြိုးပမ်းလာတာပါ။ နှစ်သစ်ကူးနီးလာချိန်ဖြစ်သလို ကူးစက်မှုတွေပြန်စလာတဲ့အချိန်မှာ ရောဂါကာကွယ်ရေးဆိုင်ရာစည်းကမ်းတွေကို အရင်ကထက်ပိုပြီး အခုရက်ပိုင်းတွေမှာ တင်းကြပ်လာတယ်လို့လည်း ရွှေလီအခြေစိုက် တအောင်းလူငယ်ပရဟိတအဖွဲ့ ဥက္ကဋ္ဌ မိုင်ဦးလှိုင်အေးကပြောပါတယ်။

"ပြည်ကြီးကနေ ဆင်းလာတဲ့သူတွေကို ရောဂါသယ်လာမှာစိုးလို့ ဒီရွှေလီမြို့ထဲမှာပေါ့ဗျာ မြန်မာပြည်ပြန်မယ့်သူတွေလေ ဒီနှစ်သစ်ကူးပြန်မယ့်သူတွေပေါ့။ Quarantine ၁၄ ရက်ဝင်ရမယ်ဆိုပြီးတော့ ရွှေလီရောက်ရင်တော့၊ အဲဒါကြောင့်မို့လို့ သူက Lockdown ပြန်ချမယ်လို့ပြောတာပဲ။ နေထိုင်ခွင့်စာအုပ်တွေ၊ အထောက်အထားတွေ အဲဒါတွေရှိရင်တော့ ပိုပြီးတော့အဆင်ပြေတယ်။ အခုလောလောဆယ်က သူတို့အဲဒါကို အရေးသိပ်မယူသေးဘူး၊ ကျန်းမာရေးကဒ်ကိစ္စကိုပဲ သူတို့အရေးယူနေတာ၊ ရောဂါကြောင့်ပေါ့ဗျာ။"

တရုတ်နိုင်ငံမြောက်ပိုင်း ဟဲပေပြည်နယ်မှာ ကိုဗစ်ကူးစက်မှုတွေ ထပ်ရှိလာပြီးတဲ့နောက် တရုတ်နိုင်ငံထဲ ရောဂါကူးစက်နှုန်းက စံချိန်တင်တက်လာနေပါတယ်။ တကမ္ဘာလုံးမှာ ကိုဗစ်ရောဂါကူးစက်ခံရသူ ၉၂ သန်းကျော်နဲ့ သေဆုံးသူ ၁၉ သိန်းကျော်ရှိနေပါတယ်။ ရောဂါကူးစက်မှု ပထမဆုံးစတင်ခဲ့တဲ့ တရုတ်နိုင်ငံကတော့ သေဆုံးသူ ၄,၆၀၀ ကျော်နဲ့ ကူးစက်သူပေါင်း ၈၇,၀၀၀ ကျော်ရှိပါတယ်။ 


စုစု/VOA (Burmese)

https://burmese.voanews.com/a/ruili-kyal-gaung-covid/5737146.html

ရွှေလီနဲ့ ကြယ်ဂေါင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေ ရွှေလီနဲ့ ကြယ်ဂေါင်မှာ ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်နေ Reviewed by THITHTOOLWIN on 00:36 Rating: 5

No comments:

Powered by Blogger.