ကိုဗစ် စိုးရိမ်မှု ရှိနေပေမယ့် ကမ္ဘာ့လူအစည်ဆုံးပွဲတော် အိန္ဒိယမှာ စတင်

ဟိန္ဒူ ပွဲတော်တွေထဲ မင်္ဂလာအရှိဆုံး ပွဲတော်တစ်ခုဖြစ်တဲ့ ဒီပွဲတော်ကို လူသန်းပေါင်းများစွာ ဆင်နွှဲတတ်

ကမ္ဘာမှာ လူအစည်ကားဆုံး လာရောက် ဆင်နွှဲတဲ့ ပွဲတော်လို့ သတ်မှတ်ကြတဲ့ ကုမ်မာလာ (Kumbh Mela) ပွဲတော် စတင်လိုက်ပြီ ဆိုတာနဲ့ ထောင်ပေါင်းများစွာသော ပွဲတော်လာသူတွေ ဂင်္ဂါမြစ်ကမ်းပါးကို စုရုံး ရောက်ရှိလာ ကြပါတယ်။

ဟိန္ဒူတို့ရဲ့ အမြတ်ဆုံး ဒီဘာသာရေးပွဲတော်ကို ဒီနှစ်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးအတွင်းမှာပဲ ကျင်းပကြပါတယ်။

ပွဲတော်ရဲ့ ပထမနေ့အစမှာ ရာပေါင်းများစွာသော လူတွေ ဂင်္ဂါမြစ်ထဲ ရေချိုးဆင်းကြပါတယ်။ ချိုးချလိုက်တဲ့ မြစ်ရေထဲမှာ သူတို့ရဲ့ အပြစ်တွေ ပါသွားပြီး အပြစ်တွေ ကင်းစင်သွားမယ်လို့ ယုံကြည်ကြပါတယ်။

ကပ်ဘေးဆိုင်ရာ ညွှန်ကြားမှုတွေကို သူတို့ လိုက်နာကြပါတယ်လို့ အစိုးရအရာရှိတွေက ဆိုပေမယ့် မြစ်ရေ ဆင်းချိုးသူ အများစုမှာ နှာခေါင်းစည်း တပ်ထားတာ မတွေ့ရပါဘူး။

ကမ္ဘာမှာ အမေရိကန်ပြီးရင် အိန္ဒိယက ကိုဗစ်ကူးစက်မှု အများဆုံး နိုင်ငံပါ။

ဒါပေမဲ့ အိန္ဒိယမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးနှုန်းက တခြားကမ္ဘာ့နိုင်ငံ အများအပြားနဲ့ စာရင် လျော့နည်းပါတယ်။

ဟိန္ဒူတွေက ဒီလိုကာလမှာ ဂင်္ဂါမြစ်ထဲ ရေဆင်းချိုးလိုက်ခြင်းအားဖြင့် မွေးဖွားလိုက်၊ သေဆုံးလိုက် ဖြစ်နေရတဲ့ သံသရာကနေ လွတ်မြောက်နိုင်မယ်လို့လည်း ယုံကြည်ကြ ပါတယ်။

ဒီပွဲတော် ကျင်းပရာနေရာက ဘာသာရေးအရ အလေးအမြတ် ထားကြတဲ့ ဟာရစ်ဝါမြို့ မှာပါ။ ဒီမြို့က နိုင်ငံ မြောက်ပိုင်းက ဥတ္တရာခန်ပြည်နယ်ထဲမှာရှိပါတယ်။

ဒေသတွင်း NDTV သတင်းဌာနက ထုတ်လွှင့်ချက်အရ ပွဲတော်လာသူတွေ ဟာရစ်ဝါမြို့အတွင်း ဟာကီ ပေါ်ဒီ လို့ အမည်ရတဲ့ ဂင်္ဂါမြစ်ကမ်းနေရာကို ဒေသစံတော်ချိန် မနက် အစောကြီး ၃ နာရီလောက်မှာ စရောက်လာကြတယ်၊ နောက် တစ်နာရီ အကြာမှာတော့ ရေချိုးတဲ့ပွဲတော် စတင်ခဲ့တာလို့ သိရပါတယ်။

အဲဒီပွဲတော် စဖွင့်တဲ့ပွဲကို လူတွေ သောင်းနဲ့ချီ လာတတ်ပေမယ့် ဒီတစ်နှစ်မှာတော့ ကိုရိုနာ ဗိုင်းရပ်စ်ဘေးကြောင့် လူတွေ အများကြီးစုတဲ့ ကိစ္စကို အာဏာပိုင်တွေက အားမပေးပါဘူး။


ကိုဗစ်ပိုး မရှိကြောင်း ဆေးစစ်ထားတဲ့သူတွေသာ ပွဲတော်ကို လာဖို့၊ နှာခေါင်းစည်းကို အချိန်ပြည့်တပ်ထားဖို့၊ လူတွေ ခပ်ခွာခွာနေဖို့ စတာတွေကို ဒေသဆိုင်ရာ အရာရှိတွေက လူတွေကို သတိပေးနေပေမယ့် လက်တွေ့မှာတော့ အဲဒါတွေကို လိုက်နာကြတဲ့ လူတွေက အနည်းအကျဉ်းသာ ရှိတယ်လို့ ဒေသတွင်းက သတင်းထောက်တွေက ပြောပါတယ်။

အိန္ဒိယ၊ ကိုဗစ်

နှာခေါင်းစည်းတွေ တပ်ဖို့၊ ခပ်ခွာခွာနေကြဖို့ တာဝန်ရှိသူတွေက သတိပေးထားပေမဲ့ စည်းမျဉ်းလိုက်နာသူ အနည်းအပါးသာ တွေ့ရ

ဒီပွဲတော် တက်ရောက်လာသူ အရေအတွက်ကို မကန့်သတ်ဘူး ဆိုရင် ဒီပွဲတော်ဟာ ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့သွားရာ နေရာ ဖြစ်သွားမှာကို စိုးရိမ်မိတယ်လို့ မကြာသေးခင်က ကျင်းပခဲ့တဲ့ တရားရုံး ကြားနာပွဲ တစ်ခုအတွင်းမှာ အယူခံလွှာ တင်သွင်းသူတွေက ဆိုနေပါတယ်။ ဒီလိုပွဲတော်အတွင်း စည်းမျဉ်းတွေ လိုက်နာစေဖို့က လွယ်ကူတဲ့ အလုပ် မဟုတ်ဘူးလို့လည်း သူတို့က ထောက်ပြပါတယ်။


ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် ပွဲတော်ကို အရင်လို ၃ လခွဲကြာ မကျင်းပတော့ပဲ ၄၈ ရက်ပဲကျင်းပမယ်လို့ လွန်ခဲ့တဲ့လက အစိုးရအရာရှိတွေက ပြောတာကို ကိုးကားပြီး ANI မီဒီယာက သတင်းပို့ပါတယ်။

လုံခြုံရေးအတွက် ထိပ်တန်း အမျိုးသား လုံခြုံရေး အစောင့်တပ်က ကွန်မန်ဒိုတွေကိုလည်း နေရာချထားမယ့် အကြောင်း အိန္ဒိယနိုင်ငံ ရဲတပ်ဖွဲ့ အရာရှိတွေက ကြေညာထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/world-55666677

ကိုဗစ် စိုးရိမ်မှု ရှိနေပေမယ့် ကမ္ဘာ့လူအစည်ဆုံးပွဲတော် အိန္ဒိယမှာ စတင်  ကိုဗစ် စိုးရိမ်မှု ရှိနေပေမယ့် ကမ္ဘာ့လူအစည်ဆုံးပွဲတော် အိန္ဒိယမှာ စတင် Reviewed by THITHTOOLWIN on 00:39 Rating: 5

No comments:

Powered by Blogger.